ကာဒီနယ် (ရဟန်းမင်းအမတ်) များသည် သြဇာ ရှိကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လထုတ်၊ ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာ့ အာဘော်တွင် ကာဒီနယ်သည် တခြားဆရာတော်များထက် ပိုပြီးအာဏာမရှိပါဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ ၎င်းအယ်ဒီတာ့အာဘော်ကို ခေါင်းစဉ်လောက်သာ ဖတ်ကြသူများက၊ ကာဒီနယ်များကို စော်ကားရာရောက်သည်၊ ရန်ကုန် ကာဒီနယ်ကို ဘေးတွန်း ထုတ်ရာရောက်သည်ဟု ကျွန်ုပ်အား ဝေဖန်ပြောဆိုလာကြသည်ကို တွေ့ရှိကြား သိရပါသည်။ လူအများ စုကမူ ကျွန်တော်၏ ရေးသားချက်အပေါ် ““အခုမှသိသွားပါ တယ်။ နားလည်သွားပါပြီ”” ဟု ကျေးဇူးတင်ကြသည်ကို တွေ့ရှိရ ပါသည်။ ခေါင်းစဉ် ကိုသာ ဖတ်ပြီး စာပိုဒ် တစ်ခုလုံးကို မဖတ်ဘဲ စာပေတိုင်းကို အနက်ဖွင့်လျှင် သင် သည် စာပေကို မြတ်နိုးသူမဟုတ်ဘဲ စာသားကိုသာ မြတ်နိုးသူ ဖြစ်ပြီး သင်၏သုံးသပ်ဆုံးဖြတ်ချက်လည်း မှားသွားပြီ ဖြစ်သည်။
အာဏာ authority ဆိုသည်မှာ ဥပဒေတွင် ပြဌာန်း ထားသော လုပ်ပိုင် ခွင့်များကို အခြေခံပြီး ၎င်း ဥပဒေတွင် ကျင့်သုံးခွင့်ပြု ထားခံရသူက လုပ်ဆောင် ရယူကျင့်သုံးရ သောအရာကို အာဏာဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ အာဏာသည် ဥပဒေအရသတ်မှတ်ထားသော နယ်မြေ territory၊ ရုံး ex officio တာဝန်ပေါ်တွင် အခြေခံပြီး ၎င်းဥပဒေ ဘောင်ထဲတွင် ကျင့်သုံး ရသော လုပ်ပိုင်ခွင့် များကို အာဏာဟု ခေါ်သည်။ ဥပမာပြောရသော် မြန်မာနိုင်ငံ သမ်္မတသည် ၂၀၀၈ ခုနှစ်၊ အခြေခံဖွဲ့ စည်းပုံ ဥပဒေ ကပေးထားသော အာဏာကို ကျင့်သုံးရပြီး မြန်မာနိုင်ငံ သမ်္မတ၏ အာဏာ သည် မြန်မာနိုင်ငံ အတွင်း တွင်သာ ကျင့်သုံးနိုင်ပြီး ထိုင်းနိုင်ငံသို့ သွားရောက် အုပ်ချုပ်ခွင့်အာဏာ မရှိပေ။ ထိုင်းနိုင်ငံတွင် အဖမ်းခံနေရသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသမ်္မတက လွတ်ငြိမ်းချမ်းသာခွင့် ပြုခွင့်အာဏာမရှိပေ။ ထိုနည်းတူစွာ၊ ဥပမာပြောရသော်၊ ချင်းပြည်နယ်တွင် ဘုရားကျောင်းမြေ သိမ်းမှုရှိခဲ့သော်၊ ကာဒီနယ်ရဟန်းမင်းအမတ်က သွားရောက် ဖြေရှင်းရန် ကာနွန်ဥပဒေက အာဏာ မပေးထားဘဲ၊ ချင်းပြည်နယ်ရှိ ကက်သလစ်ဆရာတော်ကိုသာ ဖြေရှင်းရန် ကာနွန် ဥပဒေက အာဏာပေး ထားခြင်း ဖြစ်သည်။ ဤမျှရှင်းပြရပြီဖြစ် သောကြောင့် အာဏာဟူ သော ဝေါဟာရကို စာဖတ်သူများ နားလည် လောက်ပြီဟု ယုံကြည်ပါသည်။
အာဏာထက် မြင့်သော အရာသည် သြဇာလွမ်းမိုးခြင်း (ဝါ) သြဇာရှိခြင်း Influencing power ဖြစ်သည်။ အာဏာရှိသူတိုင်းက သြဇာ မရှိကြပေ။ လူတစ်ယောက်၌သြဇာရှိခြင်းသည် သူ၏ရိုးသားခြင်း၊ အမျှော်အမြင်ရှိခြင်း၊ အများပြည်သူဖက်မှရပ်တည်ပေးခြင်း၊ ဂုဏ်သတင်းရှိခြင်း၊ အမှန်တရားဖက်မှ ရပ်တည်ခြင်း၊ သမာသမတ်ရှိခြင်း၊ အနာဂါတ်ကို ကြိုတင်တွေးခေါ်နိုင်ခြင်း၊ ဖေးမကူညီတတ်ခြင်း၊ သူများကို မနှိပ်စက်ခြင်း၊ ကိုယ်ကျိုးမရှာ ခြင်းစသော လမ်းစဉ်များမှ ရရှိလာသည်ဟု သိမြင်ထားပါသည်။ ကာဒီနယ်များသည် နယ်နိမိတ်အရ၊ စည်းချထားသော အာဏာ အပေါ် သြဇာရှိသူများ ဖြစ်ကြသည်။ သြဇာရှိခြင်းသည် နေရာတကာ (မိသားစု၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးစသဖြင့်) တွင် တွေ့ရှိနိုင်ပြီး ၎င်းသြဇာ ရှိခြင်းကို ကောင်းကျိုး အတွက် လည်းကောင်း၊ ဆိုးကျိုးအ တွက်လည်း ကောင်း အသုံးပြုနိုင်ကြ သည်။ ထို့ကြောင့် နိုင်ငံ ရေးသိပ်္ပံပညာတွင်မူ သြဇာ ရှိခြင်းသည် အာဏာကို မောင်းနှင်ပေး သည်ဟု ဆိုကြသည်။ ဥပမာပြောရသော်၊ မြန်မာနိုင်ငံကို ရဟန်း မင်းကြီး ဖရန်စစ် အရှင်သူမြတ်က ကြွ မြန်းရန် ပြင်ဆင်နေချိန်တွင် ရဟန်းမင်း ကြီးက ရိုဟင်ဂျာဟူသော ဝေါဟာရကို အသုံးပြု မည်ကို အများပြည်သူက စိုးရိမ်ခဲ့ကြသည်။ ၎င်းစိုးရိမ်ချက်ကို ကာဒီနယ် ချားလ်စ်ဘိုက သိသိချင်း၊ ဗာတီကန်နိုင်ငံသို့ သွားရောက်ပြီး ရဟန်းမင်းကြီး နှင့်တွေ့ဆုံကာ ရိုဟင်ဂျာဟူသော စကားလုံးကို မြန်မာနိုင်ငံတွင် အသုံးမပြုရန် သွားရောက် ပြောဆိုခဲ့ရာ၊ ရဟန်းမင်းကြီးကလည်း ကာဒီနယ်ချားလ်စ်ဘို၏ အကြံပြုချက် အတိုင်း လိုက်နာတော်မူခဲ့သည်ကို တွေ့ရှိကြရပေမည်။
ဤနေရာတွင် ရဟန်းမင်းကြီးသည် တကမ်္ဘာလုံးရှိ ကက်သလစ် အသင်းတော်၏ ခေါင်းဆောင်၊ ကာဒီနယ်ထက် မြင့်သော ပုဂ်္ဂိုလ်၊ ဗာတီကန် နိုင်ငံ၏ သမ်္မတဖြစ်သူ ဖြစ် သော်လည်း ကာဒီနယ် ချားလ်စ်ဘို၏ အကြံပြုချက်အတိုင်း ရိုဟင်ဂျာဟု မသုံးခဲ့ခြင်းမှာ ကာဒီနယ်ချားလ်စ်ဘိုသည် ရဟန်းမင်းကြီး ဖရန်စစ်အပေါ် သြဇာ လွမ်းမိုးခြင်း ရှိ သည်ဟု ဆိုချင်ပါသည်။ သြဇာရှိခြင်းသည် အာဏာ ရှိသူက ချမှတ်မည့် မူဝါဒများ၊ ဥပဒေ များအပေါ် ပိုကောင်းရန် အတွက် အသုံးချ ရသော အကြံပြုခြင်းတစ်မျိုး ဖြစ် သည်။ ၎င်းသြဇာရှိခြင်းကို အာဏာရှိသူက အသုံးမပြုလိုလျှင် ငြင်းပယ်ပိုင်ခွင့် လည်း ရှိသည်။ ထို့ကြောင့် သြဇာလွမ်းမိုးမှုရှိခြင်းသည် နယ်နိမိတ်မရှိ သကဲ့သို့ ရာထူးအနိမ့်အမြင့်လည်း မရှိသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် ကာဒီနယ်ရဟန်းမင်းအမတ်များသည် မိသားစုတစ်ခု၊ သာသနာအုပ်စုတစ်ခုအတွက် အာဏာမရှိ သော်လည်း၊ တစ်နိုင်ငံလုံးအတွက်၊ အသင်းတော်တစ်ခုလုံးအတွက်၊ အများပြည်သူကောင်းကျိုးအတွက် မူဝါဒများကို ချမှတ်ရာတွင်မူ သြဇာရှိသူများ ဖြစ်ကြပါကြောင်းဖြင့် သိရှိတတ်ကျှမ်းသမျှ မျှဝေလိုက်ရပါသည်။

981  Views
Previous: ကာဒီနယ်ချားလ်စ်ဘိုက ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်သူများအတွက် ရဟန်းမင်းကြီး၏အလှူငွေကျပ် သိန်းပေါင်း (၁၃၃၀) ကို အစိုးရထံပေးအပ်
Next: ရဟန်းမင်းကြီးက ဦးဆောင်ပြီး ရိုဟင်ဂျာ (ဘင်္ဂလီလူမျိုး)အရေး နိုင်ငံတကာညီလာခံကို ဗာတီကန်တွင် ကျင်းပပေးရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက တောင်းဆို