“မြန်မာစစ်တပ်နှင့် ကေအိုင်အိုတို့နှစ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် ကျွန်မတို့ပြည်သူတွေ ဒုက္ခရောက်နေပါတယ်။ မြန်မြန်ငြိမ်းချမ်းရေးယူကြပါ” ဟု စစ်ဘေးရှောင်စခန်းရှိ ဒေါ်ထွေထွေလင်းက ပြောဆို

015

ဗန်းမော်၊ မတ်လ ၂၊ ၂၀၁၆
ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်နှင့် ထုတ်ဝေသူဖြစ်သော ဂျိုးဇက်ကုန်ဇမှုန်းသည် မတ်လ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ဗန်းမော်မြို့သို့သွားရောက်ပြီး ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်လည်ပတ်ကာ မိုးမောက်မြို့ စစ်ဘေးရှောင် စခန်းရှိ အတိဒုက်္ခရောက်နေကြသူများထဲမှ အမျိုးသမီး (ဒေါ်ထွေးထွေးလင်း) အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းတွေ့ဆုံမေးမြန်း ချက်ကို အခြေအနေအမျိုးမျိုးကြောင့် ယခုအခါကျမှ တင်ဆက်ပေးလိုက်ပါသည်။
မေး။ အစ်မနာမည်လေး သိပါရစေ။
ဖြေ။ ကျွန်မနာမည်က ဒေါ်ထွေးထွေးလင်း ဖြစ်ပါတယ်။
မေး။ အခု ဒီမိုးမောက်မြို့ရှိ စစ်ရှောင်စခန်းကိုရောက်တာ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ (၂) နှစ်ကျော်သွားပါပြီ။
မေး။ ဘယ်ကနေ ရောက်လာသလဲ။
ဖြေ။ ဟိုးတောင်ပေါ်ဘက်၊ စင်လုံဆိုတဲ့ရွာကနေ ရောက်လာပါတယ်။
မေး။ စင်လုံက ဒီကနေ ဘယ်လောက်ဝေးသလဲ။
ဖြေ။ ကားနဲ့သွားရင် တစ်နာရီခွဲလောက် မောင်းရမယ်ထင်တယ်။
မေး။ ဘာဖြစ်လို့ တောင်ပေါ်ကနေ ဒီနေရာကို ဆင်းလာတာလဲ။
ဖြေ။ စစ်ဖြစ်လို့ ဆင်းလာရတာပါ။။
မေး။ အစ်မက ဘာလူမျိုးလဲ။
ဖြေ။ အဖေက ဗမာ၊ အမေက ကချင်လူမျိုး ဖြစ်ပါတယ်။
မေး။ ဘယ်ဘာသာကို ကိုးကွယ်လဲ။
ဖြေ။ ကက်သလစ်ခရစ်ယာန်ဘာသာကို ကိုးကွယ်ပါတယ်။
မေး။ သားသမီးတွေ ရှိလား။
ဖြေ။ ရှိပါတယ်။ သား (၂) ယောက်၊ သမီး (၂) ယောက် ရှိပါတယ်။
အကြီးမက (၁၀) တန်း၊ အကြီးကောင်က (၈) တန်း ရောက်နေကြပြီး
ကြံခင်းမှာ ကျောင်းသွားတက်ကြပါတယ်။
မေး။ ဒီစခန်းကို ဆင်းလာနေတော့ ဘာအခက်အခဲတွေ ရှိသလဲ။
ဖြေ။ လူကြီးတွေနဲ့ တိုင်ပင်ပြီး ဒီကိုဆင်းလာတယ်ဆိုတော့ ဘာအခက်အခဲမှမရှိပါဘူး။
မေး။ ဒီကိုဆင်းလာတော့ ရွာမှာ ဘာတွေ ထားခဲ့လဲ။
ဖြေ။ ထားခဲ့တာတွေက အများကြီးပဲ။ အိမ်ရော၊ လယ်ရော၊ တောင်ယာရော၊                 ကျွဲနွားတွေ၊ အဝတ်အစားတွေ၊ အိုးခွက် ပန်ကန်တွေကို အကုန်ပစ်ထားခဲ့ရပါတယ်။
မေး။ ဒီမှာသားသမီးတွေ ပညာသင်ယူရတာ အဆင်ပြေလား။
ဖြေ။ မပြေရင်လည်း ပြေသလို နေရတာပေါ့။
မေး။ အခုအစ်မတို့ကို ကြည့်ရှုကူညီပေးနေတာက ကက်သလစ်ကရုဏာအဖွဲ့ဆိုတော့ ဒီအဖွဲ့က အစ်မတို့ကို ဘယ်လို ကူညီပေးနေ သလဲ။
ဖြေ။ ဒီအဖွဲ့က ကျွန်မတို့ကို ပုံမှန်လတိုင်း တစ်ယောက်ကို ဆန်ဖိုးဆိုပြီးတော့ ကျပ်ငွေ ကိုးထောင် ပေးပါတယ်။ ဟင်းဖိုး ကတော့ နှစ်လလောက်မှာ တစ်ယောက်ကို ငွေကျပ် (၇) ထောင်စီ ပေးပါတယ်။ ကလေးတွေ ကျောင်းတက်ဖို့ အတွက် စာအုပ်တွေ၊ စာရေးကိရိယာတွေကိုလည်း ထောက်ပံ့ ပေးပါတယ်။
မေး။ နောက်ထပ်ဘယ်လိုမျိုးအကူအညီတွေ လိုအပ်နေသေးသလဲ။
ဖြေ။ ကျွန်မတို့ကတော့ အိမ်ပြန်ချင်ပြီ။ အိမ်ပြန်ပြီးတော့ ပြန်လည်ထူထောင်ရေးကို ပြန်လုပ်ချင် နေပြီ။ အိမ်တွေလည်း အဖျက်ခံရသလို ကျွဲနွားတွေလည်း အကုန်သေကုန်ပြီလေ။ ဘာမှကိုမရှိ တော့တာ။
မေး။ အစ်မတို့ကို ကူညီပေးနေသူတွေကို ဘာပြောချင်သလဲ။
ဖြေ။ ဒီလောက်ကောင်းအောင် ဆရာတော်ရော၊ ဘုန်းကြီးရော၊ အလှူရှင်တွေကရော လုပ်ပေး နေကြပြီးဆိုတော့ ပြောစရာဆိုလို့ ကျွန်မတို့ ပြောမှားဆိုမှားတာရှိရင် ခွင့်လွှတ်ပေးကြပါ၊ ညတိုင်း ဆုတောင်းပေးနေကြပါတယ်လို့ ပြောချင်ပါတယ်။
မေး။ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေလက်နက်ကိုင်အဖွဲ့ကိုရော ဘာများပြောချင်သလဲ။
ဖြေ။ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့အဖွဲ့နှစ်ခုအကြားမှာ စစ်ပွဲတွေဖြစ်နေတာကြောင့် ကျွန်မတို့ပြည်သူတွေပဲ ဒုက်္ခရောက်နေ ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေ ဒုက်္ခပင်လယ်ထဲကနေ ငြိမ်းချမ်းသောပြည်နယ် အဖြစ်ကို ရောက်ရှိနေထိုင်နိုင်ကြဖို့ အတွက် နှစ်ဖက်စလုံးမှာ ရန်မဖြစ်ကြ ပါနဲ့တော့။ နှစ်ဖက်ဆွေးနွေးပြီး ငြိမ်းချမ်းရေးကို မြန်မြန်လုပ်စေချင်ပါတယ်။ ကျွန်မတို့ရဲ့ သား သမီးတွေလည်း ဒီစစ်ပွဲကြောင့် မပျက်စီးသ့င့်ဘဲနဲ့ ပျက်စီးကုန်တယ်။ ကျောင်းလည်း မတက်ရ စာလည်း မသင်ရဘူးဖြစ်နေတယ်။
မေး။ သားသမီးတွေက ဘယ်လိုမျိုးပျက်စီးတာလဲဆိုတာ ပြောပြပါ။
ဖြေ။ အပေါင်းအသင်းပေါ့။ ယောင်္ကျားလေးဆိုရင်လည်း မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ တွေ့တော့ အရက်သောက် တတ်လာ တယ်။ ဆေးလိပ်တွေသောက်တတ်လာတယ်။ မိန်းကလေး    တွေဆိုရင်လည်း ဟိုဖက်ညာသွားတာ၊ ဒီဖက်ညာသွားတာတွေရှိတယ်။ သူများနောက်ကို လိုက်သွား မှာစိုးရိမ်တယ်။
မေး။ အခုအစ်မကရော ဒီစခန်းမှာ နေ့စဉ်ဘာလုပ်သလဲ။ ဒီလိုမျိုးပဲ စာဖတ်နေတာလား။
ဖြေ။ (ရယ်လျက်) အခုလောလောဆယ် ဘာမှမလုပ်ဘူး။ အခုတော့ ကျောင်းပိတ်ပြီဆိုတော့ ကလေးတွေ ကိုခေါ်ပြီး တောင်ပေါ်ကိုပြန်တက်ပြီးတော့ ခြံဝင်းတွေ ပြန်သွားလုပ်ဖို့ စဉ်းစားနေ ပါတယ်။
မေး။ မငြိမ်းချမ်းသေးဘဲနဲ့ သွားတာ မကြောက်ဘူးလား။
ဖြေ။ ကြောက်တော့ ကြောက်တာပေါ့။ ဒါပေမယ့် နှစ်ဖက်သတင်းကို နားထောင်ပြီးတော့ ခဏပြန် တာပေါ့။ ကိုယ့်အိမ်မှာနေရတာတော့ အကောင်းဆုံးပဲလေ။ ဘယ်ကနေ ဘာထွက်လာမလိုတာ တွေကို တွေးရင်တော့ကြောက်တာပေါ့။ ကြောက်စိတ်နဲ့ပဲ နေနေရပါတယ်။
မေး။ အမျိုးသားရော (ခင်ပွန်း) ရှိသေးလား။ ဘာလူမျိုးလဲ။ ဘာဘာသာလဲ။
ဖြေ။ ရှိပါတယ်။ ကျွန်မယောင်္ကျားက ကချင်လူမျိုး၊ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။ နေ့တိုင်းစခန်းကနေထွက်ပြီးတော့ ကျပန်းအလုပ်တွေလိုက်လုပ်ပါတယ်။ ဒီနေ့တော့ ဂရုဏာ   အဖွဲ့က သင်တန်းခေါ်လို့ သင်တန်းသွားတက်နေပါတယ်။
အယ်ဒီတာချုပ်။ အခုလို ဖြေကြားပေးတဲ့အတွက် အစ်မကိုကျေးဇူးတင်ပါတယ်။    ကုန်ဇမှုန်း

663  Views
Previous: စွန့်လွှတ်စွန့်စားရဲသော၊ လက်ညစ်ပတ်ခံရဲသော၊ အမှားလုပ်ခြင်းကို မကြောက်ရွံ့သော၊ ရှေ့သို့လျှောက်လှမ်းရဲသော သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကို ကက်သလစ်သာသနာတော်တွင်လိုအပ်နေသည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြား
Next: အာဂျင်တီးနားနိုင်ငံရှိ ဆန်နီကော်လားမြို့တွင် မယ်တော်မာရီယားက အမျိုးသမီးတစ်ဦးထံ ကိုယ်ရောင်တန်ခိုးပြတော်မူ