မြန်မာနိုင်ငံကိုတည်ဆောက်ရာ၌ ကက်သလစ်သာသနာတော်၏ အခန်းကဏ္ဍဆိုင်ရာဆွေးနွေးခြင်းညီလာခံ ကျင်းပပြီးစီး

24

ရန်ကုန်၊ မတ်လ ၂၂၊ ၂၀၁၆

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ““မြန်မာနိုင်ငံကိုတည်ဆောက်ရာ၌ ကက်သလစ်သာသနာတော်၏ အခန်းကဏ္ဍ ဆိုင်ရာဆွေးနွေးခြင်းညီလာခံ”” ကို မတ်လ ၁၀-၁၂ ရက်နေ့အထိ၊ အဖွ့ဲချုပ်ရုံးတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ ၎င်းညီလာခံသို့ ဒေသခံဆရာတော်ကြီး (၁၀) ပါး၊ ရဟန်းတော်သီလရှင်ဘာသာဝင်ပေါင်း (၆၀) ကျော် တက်ရောက်ကြသည်။

၎င်းညီလာခံဖွင့်ပွဲသို့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက်္ကဌဖြစ်တော်မူသောကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်က အဖွင့်စကားမိန့်ကြားရာတွင် ညီလာခံတက်ရောက်သူများအား ကမ်္ဘာ့အမြင်ဖြင့် ဆွေးနွေးပြီး မြန်မာ့ အသွင်ဖြင့် လက်တွေ့ လုပ်ဆောင်နိုင်ရန် ဆုံးဖြတ်ကြရမည် ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။

၎င်းညီလာခံဖွင့်ပွဲ၏အထူးမိန့်ခွန်းကိုမူ ရန်ကုန်ကာဒီနယ်ချားလ်စ်ဘိုက မိန့်ကြားရာတွင် ““မြန်မာပြည်ကက်သလစ်သာသနာတော် အနေဖြင့် အတိတ်ကာလတွင် တိုင်းပြည်အတွက် ကောင်းမွန်သောလုပ်ငန်းများကို မြောက်များစွာ လုပ်ဆောင်ခဲ့သည်မှာ သမိုင်းက သက်သေထူခဲ့ပြီဖြစ်သော်လည်း အနာဂါတ်တွင်မူ တိုင်းပြည်အတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းများကို မည်ကဲ့သို့လုပ်ဆောင် ကြမည်ကိုလည်း ဆက်လက်ဆွေးနွေးကြပြီး နေ့ချင်းညချင်းလက်တွေ့အကောင်အထည်ဖော်နိုင်မည့် အစီအစဉ်များကို ချမှတ်ကြရန် ညီလာခံတက်ရောက်သူများအား တိုက်တွန်းတော်မူလိုက်သည်။

ဤညီလာခံတွင် (၁) လူမှုစီးပွားနှင့်နိုင်ငံရေးအကြောင်း၊ (၂) ပညာရေး (၃) အရပ်ဖက်အဖွဲ့အစည်းများအကြောင်း (၄) ဘက်စုံဖွံ့ဖြိုး ရေး (၅) သဘာဝပတ်ဝန်းကျင်နှင့်သဘာဝဘေးအနရာယ် (၆) ကိုယ်ကျင့်တရားအကြောင်း (၇) ဥပဒေရေးရာ (၈) ဘာသာပေါင်းစုံ တို့၏ငြိမ်းချမ်းရေးအမြင် (၉) အမျိုးသမီးများအကြောင်း (၁၀) ရဟန်းမင်းကြီးဖရန်စစ်စာချွန်လွှာအကြောင်းတို့ကို ဖိတ်ကြားထား သော ပညာရှင်များက လာရောက် ဆွေးနွေးကြပြီး သူတို့၏ဆွေးနွေးချက်အပေါ် မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ပြုလုပ်ခဲ့ကြ သည်။

၎င်းညီလာခံက မြန်မာနိုင်ငံတည်ဆောက်ရာတွင် ကက်သလစ်သာသနာတော်၏ အခန်းကဏ္ဍကို ဆွေးနွေးချက်များအပေါ် ချမှတ် လိုက်သော သဘောတူညီချက် (အကြမ်း) အချို့ကို တင်ဆက်ပေးလိုက်ပါသည်။
၁။ ၎င်းညီလာခံမှ ချမှတ်သောအချက်များကို တာဝန်ရှိသူများက တကယ်အကောင်အထည်ဖော်ကြရန်
၂။ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအားလုံးက နိုင်ငံတော်တည်ဆောက်ရာတွင် မိမိတို့တတ်နိုင်သည့်နေရာမှ ပါဝင်လုပ် ဆောင် ကြရန်
၃။ (၅) နှစ်အတွင်း အကောင်အထည်ဖော်ရမည့် တနိုင်ငံလုံးဆိုင်ရာ ဘာသာရေးနှင့်လူမှုရေးလုပ်ငန်းနည်းဗျူဟာဆွေးနွေးချ မှတ်သည့် ညီလာခံကို ကျင်းပရန်
၄။ ဆရာတော်ပိုင်သာသနာတိုင်းတွင် တရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းကော်မရှင်ကို တက်ကြွစွာလုပ်ဆောင်နိုင်မည့်ရဟန်း၊ သီလရှင် သာမန်ဘာသာဝင်များနှင့် ဖွဲ့စည်းရန်
၅။ အိမ်စောင့်အစိုးရလက်ထက်က ပြည်သူပိုင်အဖြစ် သိမ်းပိုက်ထားသော ဘာသာရေးအဆောက်အဦများကို ပြန်လည်ရရှိနိုင်ရန် အစိုးရအား တောင်းဆိုခြင်း ပြုလုပ်ရန်အတွက် ကော်မတီတစ်ခု ဖွဲ့စည်းရန်
၆။ ကက်သလစ်သာသနာပိုင်ဆရာတော်များနှင့်သီလရှင်အသင်းဂိုဏ်းများက ပုဂ်္ဂလိဂစာသင်ကျောင်းများကို ဖွင့်လှစ်ရန်
၇။ သာသနာပိုင်စာသင်ကျောင်းများ ပေါ်ထွန်းလာရေးအတွက် ဆရာ/မများကို ပျိုးထောင်သင်ကြားပေးရန်
၈။ တိုင်းပြည်၏ဘာသာရေး၊ လူမှုစီးပွားရေးနှင့်နိုင်ငံရေးများအခြေအနေအပေါ်မူတည်ပြီး ဆရာတော်များအဖွဲ့ချုပ်က အခါအား လျှော် စွာ ကြေညာချက်များ ထုတ်ပြန်ပေးရန်
၉။ ဆရာတော်များအဖွဲ့ချုပ်၏လက်အောက်တွင် အမျိုးသမီးရေးရာရုံးခန်းနှင့်တာဝန်ခံအမျိုးသမီးများကို ခန့်အပ်ပြီး သာသနာတိုင်း တွင် ရှိနေသော မိခင်အသင်းများအား ဦးဆောင်လမ်းညွန်ပံ့ပိုးခြင်းကို ပြုလုပ်ပေးရန်
၁၀။ အဆင့်အတန်းမြင့်ပြီး ဘွဲ့လက်မှတ်များကို ပေးအပ်နိုင်သော တနိုင်ငံလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့်ပညာရေးဆိုင်ရာ ကျောင်းများ ဖွင့်လှစ်ပေးရန်
၁၁။ ပညာရေးကဏ္ဍကို လက်ရှိပညာရေးကော်မရှင်နှင့်ဆွေးနွေးပြီး လုပ်ဆောင်ရန်
၁၂။ သဘာဝဘေးအန်္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့်ကယ်ဆယ်ရေးကို ဂရုဏာအဖွဲ့အစည်းအား တာဝန်ပေးအပ်ရန်

တက်ရောက်သူများ၏ ၎င်းညီလာခံအပေါ် သုံးသပ်ချက်များ

မြစ်ကြီးနားဆရာတော်ဖရန်စစ်ဒေါ်တန်နှင့် ဗန်းမော်ဆရာတော်ရေမွန်တို့ကလည်း ““အခုလိုမျိုးညီလာခံကနေ တနိုင်ငံလုံးအတိုင်း အတာဖြင့် လုပ်ဆောင်သင့်တာတွေကို ဆွေးနွေးချမှတ်နိုင်တာဟာ တော်တော်ကို ကောင်းပါတယ်”” ဟုလည်းကောင်း၊ ကလေးဆရာ တော်ကြီးဖေးလစ်လျန်ခဲန်းထန်ကမူ ““ဘာပဲဖြစ်ဖြစ် ချရမှာပဲ။ တစ်ခုပြီးတစ်ခု လုပ်သွားရမှာပဲ”” ဟု လည်းကောင်း ညီလာခံအပေါ် သုံးသပ်ပေးတော်မူကြပါသည်။

လွိုင်ကော်မှ ဘုန်းတော်ကြီးဘရွှေက ““ဆရာတော်ဘုန်းတော်ကြီးသီလရှင်တွေကိုပဲ ဖိတ်တာဟာ မသင့်လျှော်ဘူး။ သာမန်ဘာသာဝင် တွေကိုလည်း ဒီလိုမျိုးညီလာခံမှာ ဖိတ်ခေါ်ပါဝင်စေသင့်ပါတယ်။ သာသနာ့ညီလာခံမှာ သာမန်ကက်သလစ်ဘာသာဝင်တွေရဲ့ အသံကို နားမထောင်ဘဲ ဆုံးဖြတ်ချက်ချတာတွေဟာ သူတို့တတွေကို အသိအမှတ်မပြုရာ ရောက်တယ်”” ဟု သုံးသပ်သည်။ ဘုန်းတော်ကြီးမောရစ်ညွန့်ဝေက ““ဆရာတော်ရဟန်းတော်တွေကိုပဲ ဒီညီလာခံကို ခေါ်တာက၊ ငွေကြေးအခြေအနေအပေါ်မူတည် လို့ ခေါ်တာပါ။ နောက်တစ်ခါဆိုရင် ငွေကြေးအခြေအနေပေါ်မူတည်ပြီး သာမန်ဘာသာဝင်တွေကိုလည်း ဖိတ်ခေါ်နိုင်အောင် လုပ်ဆောင်သွားမှာပါ”” ဟု ပြန်ဖြေပေးတော်မူသည်။

ဖယ်ခုံမှဘုန်းတော်ကြီး ဂျူလီအိုက ““သာသနာတော်က အစိုးရဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်နေပေမယ့် ဆရာတော်တွေ မှာရော သာသနာရဲ့ငွေစာရင်းရှင်းတမ်းဆိုတာ မရှိကြဘူး။ အဲဒီတော့ ဆရာတော်တွေအနေနဲ့ ငွေစာရင်းရှင်းတမ်းတွေကို ပြုလုပ် သင့်ပါတယ်။ နောက်ပြီး ဆရာတော်တွေက ဘုန်းကြီးတစ်ချို့ကို ကော်မရှင် သုံးခုလေးခုလောက် ပေးထားတယ်။ တကယ်လုပ်မယ် ဆိုရင် ကော်မရှင်တစ်ခုရဲ့တာဝန်က တော်တော်များတယ်။ အဲဒီတော့ ရဟန်းတစ်ပါးက ကော်မရှင်သုံးလေးခု ကိုင်ထားတာဟာ အဲဒီကော်မရှင်က အရေးမကြီး၊ အလုပ်မရှိလို့လား။ ဒါမှမဟုတ်ရင် ဆရာတော်ကပဲ ကော်မရှင်တွေအပေါ် တန်ဖိုးထားမှု နည်းတာလား”” ဟု မေးမြန်းအကြံပြုသည်။ ၎င်းမေးမြန်းမှုအပေါ် ဆရာတော်ယောဟန်က ““ရဟန်းတစ်ပါးက ကော်မရှင်သုံးလေးခု ကိုင်တာဟာ အလုပ်မရှိ၊ အလေးမထားလို့ မဟုတ်ဘဲ တစ်ခါတလေကျတော့ ဆရာတော်က ပြောရဆိုရတာ ပိုလွယ်လို့၊ ပိုပြီးအား ကိုးရလို့ ပေးတာ လည်း ဖြစ်နိုင်ကြောင်း”” ဖြင့် ဖြေကြားပေးတော်မူသည်။

တက်ရောက်သူ ဦးမြင့်မောင်က ““ဒီလိုညီလာခံမျိုးက လုပ်သင့်တာ ကြာလှပြီ။ ဒါပေမယ့် ဒီလိုလူအများကြီးကို ခေါ်စရာမလိုဘူး လို့ မြင် တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေက လုပ်ပိုင်ခွင့်ကို တောင်းဆိုကြပေမယ့် ပေးထားတဲ့လုပ်ပိုင်ခွင့်တောင်မှ အသုံးမချတတ်ကြဘူး။ အခုဆိုရင် ဒီညီလာခံမှာ ပါဝင်နေကြတဲ့သီလရှင်တွေ၊ အမျိုးသမီးတွေက ထဆွေးနွေးမေးမြန်းတဲ့ အမျိုးသမီးတွေ ပထမနေ့ဆိုရင် တစ်ယောက်မှမရှိဘူး”” ဟု သုံးသပ်သည်။ ဆလေးရှင်းမှဘုန်းတော်ကြီး စိန်မြင့်နှင့်ဟားခါးသာသနာမှ ဘုန်းတော်ကြီး ဂျေရုမ်တို့က ““ဒီညီလာခံက ကောင်းပါတယ်။ ရှေ့ဆက်ဘာလုပ်ကြမလဲဆိုတာ ဆွေးနွေးနိုင်တာ ကောင်းပါတယ်”” ဟု မိန့်ကြားသည်။

သီလရှင်ဂျဲန်က ““ကက်သလစ်သာသနာတော်မှာ အမျိုးသမီးများရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းကူညီပေးတဲ့အဖွဲ့အစည်း လိုသလို ရုံးခန်းကိုလည်း ဆရာတော်များက ဖွင့်လှစ်ကူညီပေးသင့်တယ်”” လို့ အကြံပြုတယ်။ ဗုဒ်္ဓဘာသာဘုန်းတော်ကြီးကလည်း ကက်သလစ်သာသနာတော်အနေဖြင့် တခြားသူများအတွက် စံပြလုပ်ဆောင်နိုင်သူများကို ဂုဏ်ပြုတံဆိပ်များ ပေးအပ်သင့်သည်”” ဟု အကြံပေးတော်မူခဲ့သည်။ ဘုန်းတော်ကြီးသောမတ်က ““အသင်းတော်မှာက ငွေမရှိလို့မဟုတ်ဘဲ တကယ်အလုပ်လုပ်တဲ့ရဟန်း တွေ နည်းပါးနေတာက ပြဿနာဖြစ်နေတာ။ အလုပ်လုပ်နိုင်တဲ့သာမန်ဘာသာဝင်တွေကိုလည်း ဆရာတော်တွေက တာဝန်မပေးပြန် ဘူး။ နောက်ဆုံးတော့ ဖွဲ့စည်းထားတဲ့ကောမတီတွေ၊ ကော်မရှင်တွေဟာ လုပ်ငန်းတွေကို တကယ်လုပ်ဆောင်မှုတွေ နည်းပါးနေတယ်”” ဟု သုံးသပ်သည်။

ဂလိုရီယာသတင်းဂျာနယ်မှအယ်ဒီတာချုပ်ဖြစ်သော ဂျိုးဇက်ကုန်ဇမှုန်းက ““တရားမျှတခြင်းနှင့်သနားကြင်နာခြင်းဆိုတဲ့စာတမ်းကို ကြည့် ရင် နိုင်ငံရေး၊ စီးပွားရေးနဲ့ဘာသာတူတွေပဲ ကျင့်ရမယ့်လမ်းစဉ်လို ဖြစ်နေတယ်။ ဆရာတော်တွေ ရဟန်းတော်တွေက ဘာသာတူတွေအပေါ်မှာ တရားမျှတစွာနဲ့ဆက်ဆံရတာ၊ သနားကြင်နာရမယ်ဆိုတာမျိုးကို အသင်းတော်စာချွန်တော်တွေမှာ မတွေ့ရ ဘူး။ ဥပမာ ကျွန်တော်ဆိုရင် သတင်းတင်ဆက်မှုအပေါ်မှာ ဆရာတော်သုံးပါးနဲ့  ပြဿနာဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော်က ဒီဆရာတော်သုံးပါးကို သွားတောင်းပန်ပေမယ့် ဒီဆရာတော်သုံးပါးစလုံးက ကျွန်တော့်ကို အခွင့်လွှတ်တယ်လို့ မပြောကြဘူး”” ဟု မေးမြန်းရာ၊ ဘုန်းတော်ကြီးအောင်ဝင်းက ““ဘာပြဿနာဖြစ်လဲဆိုတာ မသိပေမယ့် ဆရာတော်ရဟန်းတော် တွေဟာ လည်း နောက်ဆုံးမှာတော့ သူများကို အခွင့်လွှတ်ရမှာပဲ။ သနားကြင်နာခြင်းကို ပြသရမှာပဲ”” ဟု ပြန်လည်ဖြေကြားပေးသည်။

အမည်မဖော်လိုသော သီလရှင်တစ်ပါးက ““ကြည့်စမ်း။ တနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သာသနာရဲ့ညီလာခံလို့လည်း ပြောတယ်။ ရဟန်းတွေကိုပဲ ဖိတ်ထားတယ်လို့လည်း ပြောပေမယ် တချို့ဆရာတော်တွေဆိုရင် သူတို့ဘုန်းကြီးတွေတောင် တစ်ပါးလောက် တောင် မခေါ်လာကြဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် လူကြီးတချို့၏ညီလာခံအပေါ် တန်ဖိုးထားခြင်းကို အကဲခတ်နိုင်သည်”” ဟု သုံးသပ်ပြသည်။ ဘုန်းတော်ကြီးဖေမန်က ““သုံးရက်တိုင်တိုင်ဆွေးနွေးချက်တွေအပေါ် ဆရာတော်ကြီးတွေက တကယ်လက်တွေ့ အကောင် အထည် ဖော်ဖို့ပဲ လိုပါတယ်။ တစ်ခါတလေကျတော့ ဆရာတော်တွေက အစည်းအဝေးမှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် တွေကို လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းတယ်”” ဟု သုံးသပ်တော်မူသည်။

ဆရာတော်ကြီးမာတီယားဦးရွှေအား ညီလာခံနှင့်စပ်လျဉ်းပြီး မိမိ၏အမြင်ကို မေးမြန်းရာတွင် ““ကောင်းပါတယ်။ ဒီညီလာခံကနေ အသင်းတော်အတွက်၊ နိုင်ငံတော်အတွက် ဘုံရပ်တည်ချက်လုပ်ငန်းစဉ်တွေ ချမှတ်နိုင်တယ်ဆိုတော့ အားရပါတယ်”” ဟု လည်း ကောင်း၊ ကာဒီနယ်ချားလ်စ်ဘိုကလည်း ““သာသနာပိုင်စာသင်ကျောင်းတွေကို အစိုးရအား ပြန်တောင်းဖို့အတွက် ဆွေးနွေးတဲ့နေရာ မှာ၊ ပြည်သူပိုင်သိမ်းထားတဲ့ကျောင်းတွေအတွက် လျှော်ကြေးပြန်ပေးမယ်လို့ ဦးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရလက်ထက်တုန်းက စီဘီစီအမ်က လာပြောပါတယ်။ ဒါပေမယ့် ဆရာတော်ဦးသန်းအောင်၊ ဆရာတော်တိုဟေး၊ ဆရာတော်ဦးရွှေ၊ ဆရာတော်ပေါလ်၊ ဆရာတော်ဓနုနဲ့ကျွန်တော်တို့က လျှော်ကြေးယူလိုက်ရင် သာသနာအဆောင်အဦးကို ပြန်တောင်းဖို့ ခက်မယ်ဆိုပြီးတော့ လျှော်ကြေး ကိုတော့ မယူတော့ဘူး၊ လိုအပ်ရင် သာသနာအဆောက်အဦကိုပဲ ပြန်တောင်းမယ်လို့ ပြန်ဖြေလိုက်တယ်ဟုလည်းကောင်း၊ တချို့ တလေ ကိုယ်ထင်ရာ မှန်တယ်ဆိုတဲ့ ဆွေးနွေးချက်တွေက လွဲပြီး တင်ပြဆွေးနွေးချက်တွေ တော်တော်များများက ကောင်းပါတယ်”” ဟု သုံးသပ်တော်မူသည်။

ကျိုင်းတုံမှဘုန်းတော်ကြီးစတီဗင်းအားနိုက ““တချို့ဆရာတော်တွေက ကာဒီနယ်ချားလ်စ်ဘိုကို နိုင်ငံရေး အကြောင်းတွေ ပြောလွန်း တယ်လို့ ဝေဖန်ကြတယ်။ တကယ်တော့ ကာဒီနယ်ချားလ်စ်ဘိုက ပရောဖက်တာဝန်အရ အနာဂါတ်ကို ကြိုမျှော်ပြီး ပြောနေတာ။ ဒီတာဝန်က ဆရာတော်တွေရဲ့ အဓိကတာဝန် ဖြစ်တယ်”” ဟု သုံးသပ်သည်။ ဒေါ်မေသံလွင်ကျော်က ““ကျွန်မက အရင်တုန်းကဆို ရင် ကျွန်မမိသားစုအတွက်ပဲ စဉ်းစားခဲ့တယ်။ ဒီညီလာခံကို တက်ရောက်ပြီးမှ ပဲ လုပ်စရာတွေ အများကြီးပဲဆိုတာ သိလာတယ်။ ဒါပေမယ့် ကျွန်မက ဘယ်အပိုင်းကို လုပ်ရမလဲဆိုတာ မသိဘူး။ အရေးကြီးတာကတော့ ကာဒီနယ်ချားလ်စ်ဘိုလို အားရပါးရ အလုပ်လုပ်တဲ့ ဆရာတော် သုံးလေးပါးလောက် မြန်မာပြည်မှာ ရှိရင်သိပ်ကောင်းမှာ ပဲ”” ဟု ပြောသည်။

ညီလာခံအတွင်း အုပ်စုလိုက်ဆွေးနွေးပွဲများနှင့်တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များကို ခြုံပြီးသုံးသပ်ရလျှင် ညီလာ ခံတက်ရောက်သူအများစုသည် ယခုကဲ့သို့ပြုလုပ်သော ညီလာခံကြီးကို သတိဖြင့် ကြိုဆိုကြပြီး လက်တွေ့အကောင်အထည်ဖော်မှု အပေါ် သမိုင်းက ဆုံးဖြတ်ပေးမည် ဖြစ်ပေသည်။ သို့သော် ညီလာခံတက်ရောက်သူအများစုက၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့်သာသနာပိုင်ဆရာတော်ကြီးများ၏ ဦးဆောင်မှုတို့အပေါ် အားရကျေနပ်မှု မရှိကြဘဲ ဗဟိုမှ သာသနာနယ်ခွဲအထိ ဖွဲ့စည်းထားသော ကော်မရှင်၊ ကော်မတီများအား ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းအပေါ်  အမှန်တကယ် အလုပ်လုပ်စေလိုကြသည်ကို ကြားသိတွေ့မြင်ရကြောင်း တင်ဆက်ပေးလိုက်ပါသည်။ အယ်ဒီတာချုပ်

1667  Views
Previous: သမ္မာကျမ်းစာအဘိဓါန် (၂)
Next: တကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် သန်းပေါင်း ၁၂၇၀ ရှိပြီဟု ဗာတီကန်နိုင်ငံ၏စာရင်းဌာနမှ ထုတ်ပြန်