ကက်သလစ်သီလရှင် အာနားနူးထောင်က မြစ်ကြီးနားတွင် သပိတ်မှောက်သူ (၁၀၀) ကျော်ရဲ့အသက်ကို လုံထိန်းရဲနှင့်စစ်တပ်များအား ကြားဝင်ဖြန်ဖြေကယ်တင်ပေးခဲ့

ကက်သလစ်သီလရှင် Sister Anna Nu Thawng အာနားနူးထောင်က ဖေဖော်ဝါရီလ (၂၈) ရက်နေ့က မြစ်ကြီးနားတွင် သပိတ်မှောက်သူ (၁၀၀) ကျော်ရဲ့အသက်ကို လုံထိန်းရဲနှင့်စစ်တပ်များအား ကြားဝင်ဖြန်ဖြေကယ်တင်ပေးခဲ့သည်။

၎င်းဖြစ်စဉ်တွင်ကိုယ်တိုင်ပါဝင်ပိတ်မိနေသူ မပက်ထရီရှားက၊ ကျွန်မတို့သပိတ်မှောက်နေတဲ့သူတွေကို ရဲနဲ့စစ်တပ်က အောင်နန်းလမ်းပေါ်မှာ မျက်နှာချင်းဆိုင် တွေ့ကြတယ်။ အဲဒီအချိန်မှာ ရဲနဲ့စစ်တပ်ဖက်က သပိတ်မှောက်သူတွေဖက်ကို လေးဂွနဲ့လှမ်းပစ်တယ်။ သီလရှင်လည်း လေးဂွ မှန်သွားပါတယ်။ ဒါပေမယ့် သပိတ်မှောက်သူတွေဖက်က လူအင်အားကို မခွဲတဲ့အခါမှာ ရဲနဲ့စစ်တပ်ဖက်က သေနတ်နဲ့ပစ်ဖို့ စလုပ်နေပါတယ်။ အဲဒီအချိန်မှာ ဒီသီလရှင်က ရဲနဲ့သပိတ်မှောက်သူတွေအကြားမှာ ဝင်လာပြီးတော့၊ ပြည်သူလူထုကို သေနတ်နဲ့မပစ်ဖို့၊ ပြည်သူအစား သူမကိုယ်သာပစ်ဖို့ ရဲနဲ့စစ်သားများကို လမ်းခလယ်မှာ ဒူးထောက်ပြီး မျက်ရည်နဲ့ အသနားခံပါတယ်။ အဲဒီအချိန်မှာ စစ်ဗိုလ်တစ်ယောက်က ထွက်လာပြီးတော့၊ ဟအဲဒါ ကက်သလစ်သီလရှင်။ သေနတ်နဲ့မပစ်နဲ့ဆိုပြီး ရဲတပ်သားကို ပြောလိုက်ပါတယ်လို့ ဂလိုရီယာသတင်းဂျာနယ်ကို ပြောပြပါတယ်။

ဒီသီလရှင်ရဲ့အသနားခံပေးမှုကြောင့် သပိတ်မှောက်သူ (၁၀၀) ကျော်ဟာ တခြားနေရာသို့ ဘေးကင်းစွာဖြင့် ထွက်ပြေးချိန် ရခဲ့ကြပါတယ်ဟု မပက်ထရီရှားက အသက်တော် (၄၅) ဝန်းကျင်ရှိသော သီလရှင်အကြောင်းကို ဂုဏ်ယူစွာဖြင့် ဂလိုရီယာသတင်းဂျာနယ်ကို ပြောပြပါတယ်။ မပက်ထရီရှားက ကက်သလစ်သီလရှင် အာနားနူးထောင်ကို ကျွန်မတို့ရဲ့သူရဲကောင်းဟု တင်စားထားပါသည်။

 

သူမသည် စိန့်ဖရန့်စစ်ဇေးဗီယားကက်သလစ်သီလရှင်အသင်းဂိုဏ်းမှ သီလရှင်တစ်ပါးဖြစ်ပြီး၊ လက်ရှိတွင်၊ မြစ်ကြီးနားကက်သလစ်သာသနာပိုင်ဆရာတော် (အငြိမ်းစား) ဖရန်စစ်ဒေါ်တန်က ဖွင့်လှစ်ထားသော ကချင်လို Mali Gindai Clinic မာလီဂင်ဒိုင်ဆေးခန်း ( မြစ်နှစ်စင်းဆုံစည်းရာဆေးခန်း)ကို တာဝန်ယူဦးဆောင်နေသူဖြစ်သည်ဟု သိရပါသည်။ သူမသည် ဆေးပညာကိုလည်း အတော်အသင့် တတ်မြောက်ထားသူလည်း ဖြစ်သည်။

 

၎င်းသီလရှင်က ပြောတာကတော့၊ ရဲတွေက ကျွန်မဆေးခန်းထဲကို ဝင်လာပြီးတော့ ဆေးကုနေတဲ့သပိတ်မှောက်တဲ့သူတွေကို ဆွဲထုတ်တာ၊ တုတ်နဲ့ရိုက်တာမျိုး လုပ်နေတယ်။ ဒါနဲ့ကျွန်မက ဆေးခန်းမှာ ဒါဏ်ရာရနေတဲ့သူတွေကို မရိုက်ဖို့၊ မဖမ်းဖို့၊ လက်နက်မဲ့ငြိမ်းချမ်းစွာသပိတ်မှောက်သူတွေကို မရိုက်အောင် ဝင်တားပါသေးတယ်။ ဒါနဲ့စစ်သားနဲ့ရဲတွေက ကျွန်မဆေးခန်းကနေ ပြန်ထွက်သွားကြတယ်။ ဒါပေမယ့် ရဲနဲ့စစ်သားတွေက ငြိမ်းချမ်းစွသပိတ်မှောက်နေသူတွေကို သေနတ်နဲ့ပစ်ဖို့ ပြန်ချိန်းနေကြတယ်။ အဲဒီအချိန်မှ ရဲနဲ့သပိတ်မှောက်သူတွေအကြားမှာ ဝင်လာပြီးတော့၊ ပြည်သူလူထုကို သေနတ်နဲ့မပစ်ဖို့၊ ပြည်သူအစား သူမကိုယ်သာပစ်ဖို့ ရဲနဲ့စစ်သားများကို လမ်းခလယ်မှာ ဒူးထောက်ပြီး မျက်ရည်နဲ့ အသနားခံပါတယ်လို့ ဂလိုရီယာသတင်းဂျာနယ်သို့ ရှင်းပြသည်။

576  Views
Previous: Myanmar’s banks serve ONLY ATMs to Myanmar Economy
Next: သူရဲကောင်းကက်သလစ်သီလရှင် Sister Anna Nu Tawng စစတာရ်အာနားနူးတောင်နဲ့တွေ့ဆုံမေးမြန်းခန်း