ကလေးကက်သလစ်ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန်က ကလေးကက်သလစ်သာသနာရှိ မိမိရဟန်းများ၏ကျန်းမာရေးကုသစရိတ်ကို ပံ့ပိုးပေးနေ

ကလေးကက်သလစ်ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန်သည် မိမိအုပ်ချုပ်နေသော ကလေးကက် သလစ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ မိမိရဟန်းများ၏ကျန်းမာရေးကုသစရိတ်များကို ပံ့ပိုးပေးနေသည်ဟု ကြားသိရသည်။

၎င်းသတင်းနှင့်စပ်လျဉ်းပြီး ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ ဆရာတော်ကိုယ်စားလှယ်နှင့် တာဟန်းကျောင်းထိုင်ဘုန်းတော်ကြီး ဖြစ်တော်မူသော မွန်စီညော်ဘုန်းတော်ကြီး မာတင်းမုန်က ““ကျွန်ုပ်တို့ ဆရာတော်ကြီးဖေးလစ်က ကျွန်တော်တို့ရဟန်းတွေရဲ့ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးစစ်တာမျိုးနဲ့ ဆေးရုံတက်တာမျိုးမှာ ကုန်ကျတဲ့ ငွေများကို ဖြတ်ပိုင်းတွေနဲ့တကွ သွားတောင်းရင် ငွေထုတ်ပေးပါတယ်။ ဆရာတော်ကိုယ်တိုင်က ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးစစ်တာမျိုးနဲ့ ဆေးရုံတက်တာမျိုးမှာ ကုန်ကျတဲ့ ငွေများကို ဖြတ်ပိုင်းတွေနဲ့တကွ လာတောင်းနိုင်ပါတယ်ဆိုပြီး တရားဝင် လမ်းညွှန်ထားတာ ရှိတော့၊ အဆင်ပြေပါ တယ်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးစစ်မယ်ဆိုရင်လည်း ရန်ကုန်မှာ စစ်တာမျိုးကို အားပေးတယ်”” ဟု ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်အား ရှင်းပြပေးတော်မူသည်။

 

ထို့အပြင် မွန်စီညော်ဘုန်းတော်ကြီး မာတင်းမုန်က ““ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာမှာက ရဟန်းတစ်ပါးစီက တစ်နှစ်လျှင် ကျပ်တစ်သိန်း ထည့်ဝင်ကြတဲ့ Kalay Diocesan Priests Foundation ရဟန်းတော်များဖောင်ဒေးရှင်း ကို ထူထောင်ထားသည် ဟု ပြောပြတော်မူသည်။ ၎င်းရဟန်းဖောင်ဒေးရှင်းသည် ယခုအခါ (၃) နှစ်ထည့် ရောက်ရှိ လာပြီး ဖြစ်သည်ဟု ကြားသိရပါသည်။
ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာသည် ရဟန်းမင်းကြီးဘေနေဒီ (၁၆) က ဟားခါးကက်သလစ် ဂိုဏ်းအုပ်သာသနာမှ ခွဲထုတ်ပြီး ၂၀၁၀ ခုနှစ် မေလ (၂၂) ရက်နေ့တွင် စတင်ထူထောင်ပေး ထားသော သာသနာ ဖြစ်သည်။

 

ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ပထမဆုံးသော ဂိုဏ်းအုပ်ဆရာတော်ကြီးမှာ မြန်မာနိုင်ငံ ကက်သလစ်သာသနာရဟန်းများထဲမှ ပထမဆုံးသောဗာတီကန်ဝါရင့်သံတမန်ဖြစ်တော်မူသော ဆရာတော်ကြီး ဖေးလစ်(စ်) လျန်ခဲန်းထန် ဖြစ်တော်မူပြီး ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် ကလေးကက်သလစ်ဂိုဏ်း အုပ်သာသနာ၏ဆရာတော်အဖြစ် ပလင်အပ်နှင်းခြင်းကို ရရှိတော်မူသည်။

 

ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာသည် ဆရာတော်ကြီးတစ်ပါး၊ ရဟန်း (၅၂)၊ သီလရှင် (၄၀) ပါး၊ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေ (၅၂၀၆၈၉) ဖြင့် တည်ဆောက်ထားသော သာသနာတစ်ခုဖြစ်သည် ဟု ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ၏အင်တနက်စာမျက်နှာအရ သိရှိရသည်။ ၀၀၁

928  Views
Previous: သင်၏မဲပေးပိုင်ခွင့်ကို အသုံးချခြင်းဖြင့် သင်၏နိုင်ငံ့ကိုယ်စားလှယ်ကို သင့်မဲပြားတစ်ချပ်ဖြင့် ရွေးချယ်ပါ။
Next: ကိုဗစ်-၁၉၊ ကပ်ရောဂါကာကွယ်ကုသဆေးကို လူသားအားလုံး အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ကြရန် ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း