ကိုဗစ်မျိုးကွဲသစ် အိုမေခရွန်ဟာ ပိုပြီးကူးစက်မှုမြန်တဲ့အန္တရာယ်ရှိနေတယ်လို့ WHO ပြောလာ

တောင်အာဖရိကနိုင်ငံမှာ တွေ့ရတဲ့ ကိုဗစ်မျိုးကွဲသစ် B.1.1.529 က ပိုပြီးကူးစက်မှုမြန်ဆန်တဲ့ အန္တရာယ်ရှိနေတဲ့သက်သေအထောက်အထားတွေတွေ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဝင်ဘာ ၂၆ရက်မှာ ထုတ်ပြန်ပြောလာပါတယ်။ ဂျနီဗာမှာ တစ်ရက်တာကျင်းပခဲ့တဲ့ အဲဒီမျိုးကွဲနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲနောက်မှာ အခုကိုဗစ်မျိုးကွဲသစ်ဟာသန္ဓေပြောင်းလဲနိုင်တာကြောင့် စိုးရိမ်ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောလာတာပါ။ မျိုးကွဲရဲ့ ပြင်းထန်မှုနဲ့ကူးစက်နိုင်မှုတွေကို တောင်အာဖရိကအပါအဝင် နိုင်ငံတော်တော်များများမှာ လေ့လာနေတယ်လို့ဆိုပါတယ်။

ဒီမျိုးကွဲသစ်ကို အိုမေခရွန်လို့နာမည်ပေးထားပြီး ဒီမျိုးကွဲနဲ့ဆက်စပ်တဲ့မျိုးကွဲတွေကို ဘော့ဆွာနာ၊ ဟောင်ကောင်၊ဘယ်ဂျီယမ်နဲ့ အစ္စရေးတို့မှာတွေ့ရတယ်လို့ လည်းဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နည်းပညာကွန်ဖရင့် မှာ ဒီမျိုးကွဲအသစ်နဲ့ပတ်သက်လို့ဆွေးနွေးအပြီးမှာ စိုးရိမ်သဖွယ်ကူးစက် ဖြစ်ပွားမှုများ ဖြစ်ပေါ်နိုင်တဲ့ မျိုးဗီဇပြောင်းပိုးများအုပ်စု (Variants of Concern) မှာ အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာ နဲ့ ဒယ်(လ်)တာ တို့နဲ့အတူ အိုမေခရွန် (omicron) မျိုးဗီဇပြောင်းပိုးအဖြစ် ငါးခုမြောက်အမည်ပေးထည့်သွင်းလိုက်တာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာတွေ့လာရတဲ့ ကိုဗစ်မျိုးကွဲသစ်ကြောင့် ခရီးသွားလာခွင့်တင်းကျပ်တဲ့နိုင်ငံတွေ ပိုတိုးလာပါတယ်။ယူကေ၊ စင်ကာပူနဲ့ ဂျပန်တို့ဟာ တောင်အာဖရိကနဲ့ အိမ်နီးချင်းနိုင်ငံတွေက လာတဲ့ လေယာဉ်တွေကို တားမြစ်တာနဲ့ ပိုတင်းကျပ်တဲ့ ကွာရန်တင်းစည်းမျဉ်းတွေကို မြန်မြန်ဆန်ဆန် ချမှတ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ဥရောပသမဂ္ဂကတော့ အီးယူနိုင်ငံတွေကို အာဖရိကဒေသကလာတဲ့ လေယာဉ်တွေအဝင် တားမြစ်ဖို့ ပြင်ဆင်နေပါတယ်။

ဒီမျိုးကွဲသစ်ဟာ အရင်ရှိပြီးတဲ့ ဗိုင်းရပ်စ်တွေနဲ့ အလွန်ကွာခြားပြီး မျိုးဗီဇပြောင်းလဲမှု အများဆုံး ဗိုင်းရပ်စ်ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခွင့်ရသူတွေကတော့ မြန်မာနိုင်ငံတွင်း ဒီမျိုးကွဲသစ်ကိုမတွေ့ရသေးပေမယ့် ပုံမှန် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ နှာခေါင်းစည်းတပ်တာ၊လက်ဆေးတာနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတာတွေကို စဉ်ဆက်မပြတ်လုပ်ကြဖို့ တိုက်တွန်းနေတာတွေ့ရပါတယ်။

491  Views
Previous: ဖယ်ခုံကက်သလစ်ကာသီဒြယ် ဘုရားကျောင်းအပါအဝင် အခြားသော ဘုရားရှစ်ခိုးကျောင်းများ၊ ဘာသာရေး ဆိုင်ရာအဆောက်အဦများကို ထပ်မံ ပစ်ခတ်ဖျက်ဆီးခြင်း မပြုရန် ဖယ်ခုံကက်သလစ်ဆရာတော်ကြီးပီတာလတ်က စစ်ကောင်စီအား မေတ္တာရပ်ခံခြင်း
Next: မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နေ့စွဲမှတ်တမ်း