ကုလလုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးဆုံးဖြတ်

မနေ့က အစောပိုင်းက ကျင်းပပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုသ အထူးသံတမန် ခရစ်စတင်း ဘာဂနာနဲ့ အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြပြီး တရားဝင်ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကတော့ မြန်မာနိုင်ငံမှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကယ်ဆယ်နိုင်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံး ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခရစ်စတင်း ဘာဂနာက ပြောသွားပါတယ်။

မနေ့ကပဲ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှု ရပ်တန့်ဖို့၊ မြန်မာ စစ်တပ်အနေနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားဖို့ နဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း resolution ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီ ဆုံးဖြတ်ချက်ထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတာနဲ့ အင်တာနက်နဲ့ ဆိုရှယ် မီဒီယာတွေကို ကန့်သတ်ချုပ်ခြယ်တာတွေ ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုကြောင်းလည်း ပါရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလက အာဆီယံညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်က အာဆီယံနိုင်ငံတွေကို သဘောတူထားတဲ့ five point consensus အချက်ငါးချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ကိုလည်း အထွေထွေညီလာခံက တောင်းဆိုထားပါတယ်။

un-office.jpg
နယူးယောက်မှာ လွှင့်တင်ထားတဲ့ ကုလသမဂ္ဂအလံ။(File Photo: AFP)

မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဒီ ဆုံးဖြတ်ချက် မူကြမ်းကို မဲခွဲဆုံးဖြတ်ရာမှာ အဖွဲ့ဝင်နိုင်ငံ ၁၁၉ က ထောက်ခံမဲပေးခဲ့ကြပြီး၊ ဘီလာရုဒ် နိုင်ငံ တစ်နိုင်ငံထဲက ကန့်ကွက်မဲပေးခဲ့တဲ့နောက် ဒီဆုံးဖြတ်ချက် မူကြမ်းကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် မူကြမ်းကို တရုတ်၊ ရုရှား နဲ့ အာဆီယံ အဖွဲ့ထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေအပါအဝင် ၃၆ နိုင်ငံက မဲမပေးပဲ နေခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အထဲမှာ အာဆီယံအဖွဲ့ထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ ၊ ဗီယက်နမ် တို့ပါဝင်ပြီး NUG အစိုးရအဖွဲ့ ကိုယ်စားပြု ပြီး တက်ရောက်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့တာ တွေ့ရပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာမှာ ဒီနေ့ ချမှတ်လိုက်တဲ့ resolution ဆုံးဖြတ်ချက်ဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို တားမြစ်ဖို့ ဖိအားပေးရာ ရောက်မယ်လို့ ယုံကြည်ရပေမယ့် မြန်မာပြည်သူတွေ မျှော်လင့်ထားတာထက်ကို အားလျော့နေကြောင်းနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံမှုရှိဖို့ လိုတဲ့အကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဏာသိမ်း စစ်တပ်နဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီ SAC ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ၊ ရည်ရွယ်ချက် ရှိရှိနဲ့ ဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ ဖြစ်ဖြစ် ထောက်ခံ အသိအမှတ်ပြုကြောင်း ပြသရာရောက်တဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ အရေးကြီးကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ပြည်ပက တင်သွင်းတဲ့ လက်နက်တွေနဲ့ ဆန္ဒပြ ပြည်သူတွေ၊ အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်တဲ့အတွက် လက်နက်ရောင်းချမှု အားလုံးကို ပိတ်ပင်ဖို့ လိုကြောင်းလည်း သူက ပြောသွားပါတယ်။

ကုလသမဂ္ဂအထွေထွေ ညီလာခံအနေနဲ့ အခုလို အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့ သုံးလနီးပါး ကြာမြင့်ခဲ့ပြီး အခုလို အချိန်အလွန်ကြာမြင့်ခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ အပြစ်မဲ့အရပ်သား ပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နဲ့ ဒီမိုကရေစီ ပြန်ရဖို့အတွက် အချိန်ဟာ အရမ်းအရေးကြီး ကြောင်း ပြောသွားခဲ့ပါတယ်။

un-secretary.jpg
ကုလအထွေထွေအတွင်းရေးမှုး အန်တိုနီယို ဂူတာရက်စ်။ (File Photo: AFP)

ဒီအထွေထွေ ညီလာခံမှာပဲ ဒုတိယသက်တမ်းအတွက် ပြန်လည် ရွေးကောက်ခံခဲ့ရတဲ့ အထွေထွေ အတွင်းရေးမှုး အန်တိုနီယို ဂူတာရာက်စ်က အခုအချိန် ကမ္ဘာပေါ်မှာ စစ်တပ်က အာဏာသိမ်းတာတွေဟာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်လာနေတာဟာ လက်ခံနီုင်စရာမရှိဘူးလို့ ညီလာခံမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်ဟာ ဥပဒေကဲ့သို့ အာဏာတည်သော ဆုံးဖြတ်ချက်မျိုး မဟုတ်ပေမယ့် နိုင်ငံရေးအရ အရေးပါပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလို အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ဗီတိုအာဏာသုံးပြီး ဆုံးဖြတ်ခွင့် မရှိပါဘူး။

မနေ့က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာစစ်တပ်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု လုံး၀ ပိတ်ပင်ဖို့ တောင်းဆိုချက်တွေကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ရေးသားတောင်းဆိုထားတာ ဖြစ်ပေမယ့် အရှေ့တောင်အာရှ ကိုးနိုင်ငံရဲ့ တောင်းဆိုချက်အရ ဒီကနဦး မူကြမ်းကို ပြင်ဆင်ပြီး မြန်မာနိုင်ငံသို့ လက်နက်များ စီးဆင်းမှုကို တားဆီးရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုပါသည်လို့ ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

391  Views
Previous: A Catholic priest in the Chin State arrested and released by the military
Next: ကုလအတွင်းရေးမှူးချုပ်ကို နောက်ထပ် ၅ နှစ် တာဝန်ပေးအပ်