ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်အား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်

50-b

ဇူလိုင် (၁၁)၊ ရန်ကုန်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က လက်ရှိဒုတိယဥက္ကဌတာဝန်ထမ်းဆောင်နေသော ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်အား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌအဖြစ် ခန့်အပ်ရွေးချယ်လိုက်သည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့၏နှစ်ဝက်မျက်နှာစုံအစည်းအဝေးကို လွန်ခဲ့သော ဇွန်လ ၁၀-၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့စဉ် ၂၀၁၅ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံကက်သလစ် ဆရာတော် ကြီးများအဖွဲ့ကို ဦးဆောင်မည် ဥက္ကဌကို ထိုကဲ့သို့ ရွေးချယ်လိုက်ကြခြင်း ဖြစ်ပေသည်။ လက်ရှိဥက္ကဌကမူ ပုသိမ်ကက်သလစ် သာသနာမှ ဆရာတော်ဂျွန်မန်းဆိန်းဟှီ ဖြစ်ပြီး သူ၏ ဥက္ကဌသက်တမ်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့ကို ဦးဆောင်နိုင်မည် ဆရာတော်တစ်ပါးအား မိမိတို့၏ဥက္ကဌကို သုံးနှစ်လျှင်တစ်ကြိမ် မဲပေးရွေးချယ်တော်မူကြသည်။ ၎င်းသုံးနှစ်သက်တမ်း သည် နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်လည်း ရှိထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌများသည် များသောအားဖြင့် သုံးနှစ်သက်တမ်းရှိ ဥက္ကဌတာဝန် ကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ကြရသည်။ သို့သော် မန္တလေးကက်သလစ်သာသနာပိုင်ချုပ်၊ အငြိမ်းစားဆရာတော်ကြီး ပေါလ်ဇိန်ထုံးကရောင်ကမူ ဥက္ကဌအဖြစ် အရွေးခံရပြီး တာဝန် ထမ်းဆောင် နေချိန်တွင် ကျန်းမာရေးမကောင်းသောကြောင့် ဒုတိယဥက္ကဌ ဖြစ်သော ဆရာတော် ဂျွန်ဆိန်းဟှီအား တာဝန်လွဲပြောင်း ပေးတော်မူခဲ့သည်။

ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်သည် ဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း မခံရချိန်က တည်းက၊ ဗာတီကန်နိုင်ငံ၏ သံတမန်လောကတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော သံတ မန်ဟောင်း ဖြစ်တော်မူသည်။ ထို့ကြောင့် ဆရာတော်ကြီးသည် ကာနွန်ဥပဒေကို တဖက်ကမ်းကျွမ်းကျင် သူ ဖြစ်သည့်အပြင် ဗာတီကန်နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အရေးအသားများတွင် လည်းကောင်း တခြားဆရာတော်ကြီးများထက် ပိုမိုပြီး သိကျွမ်းနားလည်သော ဆရာတော်ကြီး ဖြစ်မည်ဟု သုံးသပ်မိပါသည်။

ဆရာတော်ဖေးလစ်လျန်ခဲန်းထန်သည် ၂၀၀၆ ခုနှစ် မေလ ၆ ရက်နေ့တွင် ဟားခါးသာသနာပိုင် ဆရာတော်ကြီးနီကော်လပ်စ် မန်းထန်၏လက်ထောက်ဆရာတော်အဖြစ် ဘိသိက်ပေးခြင်းကို ခံရသည်။ ထို့နောက် ၂၀၁၀ ခုနှစ် မေလ ၂၂ ရက်နေ့တွင်မူ၊ ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) က ကလေးသာသနာ အဖြစ် ဟားခါးသာသနာမှ သီးသန့်ခွဲထုတ်တည်ထောင်လိုက်ပြီး ဆရာတော်ဖေးလစ်လျန်ခဲန်းထန်အား ကလေးကက်သလစ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်ကာ ၂၀၁၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ကလေးသာသနာကို စတင်တရားဝင် ဦးဆောင်လာတော်မူသည်။ ၂၀၁၅ ခုနှစ်မှ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌတာဝန်ကို စတင်ထမ်းဆောင်မည့် ဆရာတော်ကြီး ဖေးလစ် လျန်ခဲန်းထန်သည်  မြန်မာပြည်ကက်သလစ်သာသနာတော်နှင့်နိုင်ငံတော်အတွက် မည်ကဲ့သို့သော ခေါင်းဆောင်မှုမျိုးကို ပေးနိုင်မည်ကိုမူ စောင့်ကြည့်ကြရအုံး မည် ဖြစ်သည်။ ၀၀၁ ဂျိုးဇက်

1824  Views
Previous: နိုင်ငံသားဖြစ်ခြင်းနှင့်မြန်မာနိုင်ငံတော်
Next: လားရှိုးဆရာတော်ကြီး ဖီလစ်ယာဟောင်းအား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်