ကျပ်ငွေလဲနှုန်း ထိန်းလာနိုင်ပြီလို့ ဗဟိုဘဏ်ပြောဆို

ငွေလဲနှုန်း အကျပ်အတည်းကို ကိုင်တွယ်နေပြီး ဈေးတွေက ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲ ထိန်းချုပ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ စစ်ကောင်စီခန့် ဗဟိုဘဏ် အကြီးတန်းအရာရှိကြီးတဦးက ပြောပါတယ်။

ဒါပေမဲ့ မြန်မာကျပ်ငွေရဲ့တန်ဖိုးက ၆၀ % ကျော် လျော့နည်းသွားခဲ့တဲ့အတွက် အစားအသောက်နဲ့ ဓာတ်ဆီ၊ ဒီဆယ်ဆီဈေးတွေက ထိုးတက်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စီးပွါးရေးကျဆင်းလာခဲ့တာဟာ ပမာဏအားဖြင့် ၁၈ % နည်းသွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ် နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့က ပြောခဲ့ကြပါတယ်။

ပို့ကုန်ကရရှိခဲ့တဲ့ နိုင်ငံခြားငွေတွေကို လက်ခံရရှိပြီး ရက် ၃၀ အတွင်း ပြန်ရောင်းရမယ်လို့ ဗဟိုဘဏ် က ပြဌာန်းသတ်မှတ်ခဲ့တာကြောင့် ‌ဈေးကွက်မှာ နိုင်ငံခြားငွေ ပြန်များလာပြီး ငွေလဲနှုန်းကို ပြန်ချပေးလိမ့်မယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။ “ပုံမှန် ဖြစ်သင့်တဲ့နှုန်းကို ပြန်ကျ လာနေတယ်” လို့ ရိုက်တာ သတင်းဌာနကို ဖုန်းနဲ့ ပြောခဲ့တာပါ။

စီးပွါးရေး ပြဿနာတွေ ဖြစ်ရတာဟာ ပြည်ပအကြောင်းအချက်နဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်တယ် လို့ စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ ဈေးကွက်ရဲ့ ဒေါ်လာငွေ လိုအပ်ချက်ကို ဗဟိုဘဏ်က ဖြည့်ဆည်း မပေးနိုင်ဘူးလို့ ပြေရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပြီး နိုဝင်ဘာ ဒီဇင်ဘာမှာ ပို့ကုန် ပြန်တက်လာတာက ငွေလဲနှုန်းကျဖို့ အထောက်အကူ ဖြစ်မယ်လို့ ဦးဝင်းသော်က ဆိုပါတယ်။

အာဏာမသိမ်းမီက တဒေါ်လာ ၁,၃၉၅ ကျပ် ငွေလဲနှုန်းဟာ ဒီနှစ် စက်တင်ဘာ ၂၈ ရက်နေ့ မှာ ၂,၇၀၀ အထိ ဖြစ်ခဲ့ပါတယ်။

နိုင်ငံခြား အရံငွေ ဘယ်လောက်ရှိတယ်ဆိုတာကို ဗဟိုဘဏ်က မထုတ်ပြန်ပါဘူး။၂၀၂၀ နှစ်ကုန်အထိတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရံငွေက ၇.၆၇ ဘီလီယံ ရှိခဲ့တယ်လို့ ကမ္ဘာ့စာရင်းများက ပြပါတယ်။

473  Views
Previous: Facebook ကြောင့် အမုန်းတရားပျံ့နှံ့မှု နမူနာထဲ မြန်မာနိုင်ငံပါဝင်
Next: လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်သောနံ့သာမြိုင်ကျေးရွာမှ အနာကြီးရောဂါသည်များဆီသို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာက သွားရောက်လှူဒါန်းခြင်း