ချမ်းသာရွာသို့ ဖရန်စစ္စကင်း သီလရှင်အသင်းဂိုဏ်းရောက်ရှိခြင်း နှစ်(၁၀ဝ)ပြည့် ဂျူဗလီ ကျောက်စာတိုင်ဖွင့်လှစ်ခြင်း

ချောင်းဦး၊ ဧပြီလ ၁၊ ၂၀၁၉  RVA

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာသို့ မာရိယာ၏ သာသနာပြု ဖရန်စစ္စကင်းသီလရှင်အသင်းဂိုဏ်း ရောက်ရှိခြင်း နှစ်(၁၀ဝ) ပြည့် ရာပြည့်ဂျူဗလီအခမ်းအနားကို (၂၀၁၉ ခုနှစ် မတ်လ ၃၁) ရက်နေ့က ကျင်းပခဲ့ပါသည်။

ပထမဦးစွာသီလရှင်ကျောင်းဝင်းအတွင်း၌ ဂျူဗလီအထိမ်းအမှတ် သစ်ပင်ကို  ဆရာတော်ကြီး နီကောလာစ်းမန်ထန်း ဦးဆောင်ကာ ကောင်းချီးပေး၍ ဖရန်စ္စကင်းသီလရှင်များမှ သစ်ပင်အား မြေချစိုက်ပျိုးခဲ့ပါ သည်။ အဲ့ဒီနောက် ဂျူဗလီအထိမ်းအမှတ်ကျောက်တိုင်ဖြစ်သော စိန်ဂျိုးဇက် ဆင်းတုတော်ကို ဆရာတော်ကြီးများမှ ဖဲကြိုးဖြတ်ကာ ကောင်းချီးပေး၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

ဂျူဗလီပွဲတော်သို့ ရန်ကုန်ကက်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချာလ်းစ်ဘို ၊မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး နီကောလားစ်မန်ထန်း၊ သာသနာအသီးသီးမှ ဘုန်းတော်ကြီးများ၊ အနယ်နယ်အရပ်ရပ်မှ ဖရန်စစ္စကင်း အသင်းဂိုဏ်းဝင်များ၊ကိုရင်များနှင့် ဓမ္မမိတ်ဆွေများ ပါဝင်တက် ရောက်ခဲ့ကြပါသည်။ ဂျူဗလီ မစ္ဆားတရားတော်မြတ်ကို ကာဒီနယ်ချားလ်စ်ဘိုမှ ဦးဆောင်ကာ ပူဇော်ခဲ့ပါသည်။

ကာဒီနယ်ချာလ်းစ်ဘိုမှ ဩဝါဒြွမက်ကြားရာ၌ ယခုလိုမျိုး ဖရန်စစ္စကင်းသီလရှင်တွေရဲ့ နှစ်(၁၀ဝ)ပြည့် ဂျူဗလီကို ကျင်းပပြီး ဘုရားရှင်ကို ကျေးဇူးတင်ချီးမွမ်းကြရာ၌ သီလရှင်ကျောင်းဆောင်ကြီးအဆောင်အတွက် ကျေးဇူးတင်ချီးမွမ်းခြင်းမှုမျိုးမဟုတ်ဘဲ  ကျောင်းတော်ကြီးမှရရှိခဲ့သော များပြားလှတဲ့ကျေးဇူးတော်များအတွက်သာ ဘုရားရှင်ကို ကျေးဇူးတင်ချီးမွမ်းရန်သာမက ဘုရားရှင် ပေးသနားသည့်ကျေးဇူးတော်များကို မျှဝေပေးခဲ့ကြတဲ့ သီလရှင်များကို အောက်မေ့သတိရပြီး ကျေးဇူးတင်ခြင်းဖြစ်ကြောင်း၊ သီလရှင်များသည်ဘာသာတူများ အတွက် ဘုရားရှင်ရဲ့ ကျေးဇူးတော်များကို လက်တွေ့ခံစားစေပြီး ဘာသာတူ အများအတွက်အကျိုးပြုတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးခဲ့ကြသူများဖြစ်တဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ မစ္ဆားတရားအပြီးတွင်ပွဲတော်ဖြစ်မြောက်ရေး နှင့်ဂျူဗလီကျောက်တိုင်အားလှူဒါန်းခဲ့ကြ သောအလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများလည်း ချီးမြှင့်ပေး ခဲ့ပါတယ်။ အဲ့ဒီနောက် ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များပါဝင်ခဲ့ပြီး ပွဲတော်ကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

ချမ်းသာရွာသို့ ဖရန်စစ္စကင်သီလရှင်ကျောင်းစတင်ရောက်ရှိခဲ့ပုံမှာ ၁၉၀၂ ခုနှစ်က ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ကျခဲ့သော ဘုန်းတော်ကြီး ဂျိုးဇက်ဖိုးသည် ချမ်းသာရွာ၌ တာဝန်ကျစဉ် သီလရှင်များကို ထားရန် ဆန္ဒရှိခဲ့သူ တစ်ဦးဖြစ် ပါတယ်။ သို့သော်၎င်းသည် ကျန်းမာရေး အခြေအနေအရ စိန်ဂျွန်းမနော်ယမံ ကျောင်းတွင် အနားယူနေချိန် Fr. Clament မှချမ်းသာရွာ၏ကျောင်းထိုင်ရဟန်းအဖြစ် ရောက်ရှိလာပြီး ၎င်းက ၤမ. ဂျိုးဇက်ဖိုးထံမှ အကြံညဏ်များရယူကာ Fr. ဂျိုးဇက်ဖိုး၏ကိုယ်ပိုင်ငွေကြေးနှင့် အလှူငွေများကို ပေါင်းကာ သီလရှင်ကျောင်း၊ စာသင်ကျောင်းနှင့် ဆေးပေးခန်း တစ်ခုကိုပါ ဆောက်လုပ်ပေးခဲ့ပါတယ်။ ၁၉၀၂ ခုနှစ်မှာ ချမ်းသာရွာမှ ဝင်လိုသူ မိန်းကလေးအချို့အား သီလရှင်ဖြစ်ရန် မန္တလေးမြို့သို့ ပို့ထား၍ အစိုးရ လက်မှတ်ရ သင်တန်းများတက်ကာ အစိုးရ ဆရာဖြစ်ဘွဲ့များရရှိခဲ့ပါတယ်။ မစေလှီ ၊ မငြိမ်းမယ်နဲ့ မဂွန်းပုံတို့မှာ ပထမ ဦးဆုံးရွေးကောက်ခြင်းခံရသော မိန်းကလေးများဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ်မှာ Fr. ဂျိုးဇက်ဖိုး ပျံလွန်တော်မူခဲ့ပါ တယ်။ ၎င်းကွယ်လွန်ပြီး နောက် ၁၉၁၉ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ မာရိယာ၏ ဖရန်စစ္စကင်းသီလရှင်များ ကျောင်း၊ စိန်ဂျိုးဇက်ကွန်ဗင့်ကို ဆရာတော်ကြီး Foulquier  ဦးဆောင်ကာ ကြီးကျယ်ခမ်းနားစွာဖြင့် ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါတယ်။ သီလရှင်ကျောင်းဖွင့်လှစ်ပြီးသည်နှင့်တပြိုင်နက် သီလရှင်များဟာ ၎င်းတို့၏ အဓိက လုပ်ငန်းဖြစ် သော စာသင်ကျောင်းနှင့်ဆေးပေးခန်းများကို စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ထိုစဉ်က ချမ်းသာရွာ၌ အစိုးရ စာသင်ကျောင်းများ မရှိသေးပါ။ သီလရှင်များဟာ ၎င်းတို့၏ သီလရှင်ကျောင်းဝင်းအတွင်းမှာပဲ စာသင်ခန်းများကို ဖွင့်လှစ်ပြီး အစိုးရဆရာဖြစ် ဘွဲ့ယူထားသည့် မြန်မာတိုင်းရင်းသား သီလရှင်များက ဦးဆောင်ကာ သင်ကြား ပေးခဲ့ကြပါတယ်။

ချမ်းသာရွာမှ ကလေးငယ်များအပြင် အနီးအနားရှိ ဗုဒ္ဓဘာသာရွာများမှ ကလေးများလည်း တက်ရောက် ခဲ့ကြပါတယ်။ မူလတန်းကျောင်းသားကျောင်းသူများအားလုံးပေါင်း (၁၃၀) ဖြင့် စတင်ခဲ့ပါတယ်။ ထိုမှတဆင့် တဖြည်းဖြည်းခြင်း အစိုးရကျောင်းအဖြစ် အသိအမှတ်ပြုခြင်းလည်း ခံခဲ့ရပါတယ်။ သီလရှင်များသည် ပညာရေး အပြင် ကျန်းမာရေးအတွက်  ဆေးပေးခန်း ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခန်းသို့ မလာရောက်နိုင်သော လူနာများကို လည်း အိမ်တိုင် ရာရောက် ကုသမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ချမ်းသာရွာမှ ဘာသာတူများအပြင် အနီးအနား ရွာများရှိ ဗုဒ္ဓဘာသာရွာများသို့လည်း နွားလည်းဖြင့် သွားရောက် ကုသမှုများလည်း လုပ်ဆောင်ပေးခဲ့ကြ ပါတယ်။ ၎င်းအပြင် မိဘမဲ့ကလေးဂေဟာ တစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ပြီး မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက် ခဲ့ကြပါတယ်။ မိန်းကလေးများ ဘဝမြှင့်တင်ပေးရေးအတွက် အချုပ်အလုပ်ခန်းနှင့် ယက်ကန်းလုပ်ငန်းတစ်ခု ကိုလည်း တည်ထောင်ပေးခဲ့ပါတယ်။

ထိုသို့လုပ်ကိုင်ရင်း (၁၉၆၂ – ၁၉၆၆) ခုနှစ်တွင် မြန်မာ့နိုင်ငံရေးက ကမောက်ကမဖြစ်နေရာ၊ ဦးနေဝင်း အစိုးရက နိုင်ငံခြားသာသနာပြုများအား  ပြည်နှင်ဒဏ်ပေးရာ ဖရန်စစ္စကင် သီလရှင် (၇၂ ) ပါး ပါဝင်ပါတယ်။ ၎င်းတို့အသင်းဂိုဏ်း၏ အကြီးအကဲများလည်း ရောမနိုင်ငံမှ မြန်မာနိုင်ငံ ချမ်းသာရွာသို့ ကိုယ်တိုင်လာရောက် ခဲ့ဖူးပါသည်။ ၁၉၉၅ ခုနှစ်မှာ ချမ်းသာရွာသူ Sr.Josephine Kyi သည် မြန်မာနိုင်ငံရှိ ဖရန်စစ္စကင် သီလရှင် အသင်းဂိုဏ်း၏အကြီးအကဲ Provincial Superior ဖြစ်ချိန် ချမ်းသာရွာမှာ အမျိုးသမီးများ မြှင့်တင်ရေးအတွက် စက်ချုပ် စီမံကိန်းတစ်ခုကို တည်ထောင်ပေးခဲ့ပြီး ချမ်းသာရွာတွင် ရေအလွန်ရှားပါးရာ သောက်သုံးရန် ရေကန်ကြီး (၅) ကန်ဆောက် လုပ်ပေးခဲ့ပါတယ်။

ဖရန်စစ္စကင်သီလရှင်များသည် ၎င်းတို့စတင်ရောက်ရှိသည့်နေ့မှစတင်ကာ ယနေ့တိုင် နှစ်ပေါင်း (၁၀ဝ) အတွင်း ၎င်းတို့အစွမ်းရှိသမျှဖြင့် ဝိညာဉ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှု ဘဝများအတွက်ပါ အားသွန်ခွန် စိုက်ပေးဆပ်၍ ဆက်ကပ်နေကြတာကို တွေ့ရှိ့ရပါတယ်။ ၎င်းတို့၏ပေးဆပ်မှု၊ ၎င်းတို့၏ လုပ်ဆောင်နိုင်မှုများအား ဘုရားသခင်အား ကျေးဇူးတင်သည့်အနေဖြင့် ရာပြည့်ဂျူဗလီပွဲတော် အခမ်းအနား မစ္ဆားတရားကို မတ်လ (၃၁) ရက်နေ့က ဂျူဗလီမစ္ဆားတရားကျင်းပ ပူဇော်ခဲ့ကြပါသည်။

829  Views
Previous: မြစ်ဆုံမဟာစီမံကိန်း အပြီးသတ်ရပ်ဆိုင်းပေးရန် မြန်မာနိုင်ငံမှ ကာဒီနယ်ချားလ်စ်ဘို သဘောထားထုတ်ပြန်
Next: သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသောပွဲတော်မင်္ဂလာအဖြစ် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ပေးသနားသော တကမ္ဘာလုံးအတွက် ကောင်းကြီးမင်္ဂလာတော်