စစ်ကောင်စီက ICJ ၌ တရားရင်ဆိုင်မည့် ဦးဆောင်ကော်မတီ ဖွဲ့စည်

အာဏာသိမ်း စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရား ရင်ဆိုင်မှုကို ဦး ဆောင်မည့် တရားရင်ဆိုင်ခြင်း ဆိုင်ရာ ဦးဆောင် ကော်မတီကို ဖွဲ့စည်းကြောင်း ဇွန်လ ၁၈ ရက်ထုတ် မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ကော်မတီသည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၂၀၁၉ ခုနှစ်တွင် ICJ ၌ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ ရိုဟင်ဂျာ များကို လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တိုင်ကြားထားမှုအား ရင်ဆိုင်နိုင်ရေး ဦးဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထို ကော်မတီကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဒု ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည် ဖြစ်သည်။

 

တရားရင်ဆိုင်ခြင်း ဆိုင်ရာ ဦးဆောင် ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ဦးဝဏ္ဏမောင်လွင်

 

ကော်မတီတွင် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး စစ်ကောင်စီ ဥက္ကဋ္ဌ၏ အကြံ ပေးဖြစ်သူ ဒေါ်ခင်ဦးလှိုင်က တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

အဖွဲ့ဝင်များအဖြစ် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ ခေါင်းဆောင်လည်းဖြစ် အမျိုးသား လုံခြုံရေး အကြံ ပေးနှင့် ပြည်ထောင်စု အစိုးအဖွဲ့ရုံး ဝန်ကြီးဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်နှင့် စစ်ရေး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း တို့က တာဝန်ယူထားသည်။

တရားရင်ဆိုင်ခြင်း ဆိုင်ရာ ဦးဆောင် ကော်မတီသည် လိုအပ်သော မူဝါဒများ ချမှတ်ခြင်း၊ ICJ ၌ တရားရင်ဆိုင်မည့် တရား ရင်ဆိုင်ခြင်းဆိုင်ရာ လုပ်ငန်း ကော်မတီဖွဲ့ခြင်းနှင့် ကြားဖြတ် အစီအမံ (Provisional Measures) ဆိုင်ရာ အစီရင်ခံစာ တင်နိုင် ရေးအတွက် လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း လုပ်ရမည်ဖြစ်ကြောင်း၊ ယခင်က အမှုရင်ဆိုင်ခဲ့သည့် ကော်မတီကို ယခု အမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည့် စစ်ကောင်စီသည် ရွေးကောက်ခံ အရပ်သားအစိုးရထံမှာ အာ ဏာသိမ်းလိုက်ပြီးနောက် ၄ လကျော်အကြာတွင် တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီကို ပထမဆုံး အသစ်ပြန် လည် ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဦးဆောင် ကော်မတီသည် အစီရင်ခံစာရေးရာတွင် လိုအပ်သည့် အချက်အလက်များ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည် ဖြစ်သည်။ ဦးဆောင်ကော်မတီ၏ လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များနှင့် အသုံးစရိတ်များကို စစ်ကောင်စီက ကျခံပေးမည်ဟု ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်း ကမူ စစ်ကောင်စီဘက်ကလည်း ICJ ၌ အမှုကိုရင်ဆိုင်ရာတွင် ပိုမိုထိရောက် မည်ဟု ၎င်းတို့ ယူဆသူများနှင့် အမှုရင်ဆိုင်ရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း ပြောသည်။

စစ်ကောင်စီ၏ ဦးဆောင်ကော်မတီသည် လက်ရှိတွင် စစ်တပ်က ဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီနှင့် ဖွဲ့စည်းပုံ ကွဲလွဲသဖြင့် အမှုကို ချည်းကပ်ရာတွင်လည်း ကွဲလွဲချက်များ ရှိနိုင်ကြောင်း ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ကမူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ တရား ရင်ဆိုင်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ICJ တွင် တရားရင်ဆိုင်စဉ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိကြောင်း ခုခံကာ မွတ်စလင် အသိုင်းအဝိုင်းအပေါ် ကျူးလွန်မှုကို ပြည်တွင်း၌ အပြစ်ပေး အရေးယူမှုများ ပြုလုပ်မည် ဟု၍ ပြောဆို ရင်ဆိုင်ခဲ့ သည်။

ထိုစဉ်က မြန်မာဘက်က ခုခံချေပပေးခဲ့သည့် ရှေ့နေမှာ ကနေဒါ နိုင်ငံသား ဂျူးလူမျိုး ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာ ဝီလီယံရှာဘတ်စ် ဖြစ်သည်။

 

Copy Source: ဧရာဝတီ

1142  Views
Previous: စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို တိုက်တွန်း
Next: ကလေးမြို့ ၌ ကိုဗစ်လူနာ တရက်လျှင် ပျမ်းမျှ ၁၀ ဦးနှုန်း သေဆုံးနေ