စိတ်ထားကောင်းသော မွန်ဆီညော် ဘုန်းဘုန်း မာတင်းဆွန်ခန့်မုန် ပျံလွန်တော်မူ

သတင်းရေးသူ။ ။ ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း၊ (ရန်ကုန်)

ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်၏ ကိုယ်စားလှယ် Vicar General နဲ့  St. Theresa Catholic Church (Tahan, Kalay) ကျောင်းထိုင် ဘုန်တော်ကြီး Msgr. Fr. Martin Suan Khan Mung ဆွန်ခန့်မုန် ဟာ ယနေ့ (29 June 2021) တွင် Coronavirus (Covid-19 pandemic) ကိုဗစ်ကပ်ရောဂါဖြင့် ပျံလွန်တော်မူသွားသည်ကို ကြားသိရပါသဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲရပါတယ်။

ဘုန်းဘုန်းသည် ၁၉၅၈ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် မွေးဖွားပြီး ၁၉၈၅ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ ကက်သလစ်ရဟန်းသိကာတော်ကို ရရှိတော်မူခဲ့သည်။ ဘုန်းဘုန်းသည် ကက်သလစ်ရဟန်းဝါတော် (၃၆) ဝါတော်၊ အသက်တော် (၆၃) ခုနှစ်ပြည့်သော ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် သက်ဆုံးတိုင်ယုံကြည်ကိုးကွယ်ခဲ့သော ဘုရားသခင်ထံသို့ ဘုန်းတော်ဝင်စားရန်အလို့ဌာ ဘုရားရှင်က ပေးထားတော်မူသောအသက်ကို ပြန်လည်ရုပ်သိမ်းခေါ်ဆောင်တော်မူလိုက်သည်။

ဆလိုင်းမောင်ဂျွန်က ဘုန်းဘုန်း Fr. Martin နဲ့ ပတ်သက်တဲ့ လူသိနည်းတဲ့ အချက် အချက် အချို့လေးတွေကို အထူးသတိရမိ ကြောင်းကို အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“ Fr. Martin Suan Khan Mung ဟာ Ecumenism လို့ခေါ်တဲ့ ခရစ်ယာန် အချင်းချင်းစည်းလုံးညီညွတ်ရေး ပညာရပ်ကို ပြင်သစ်မှာ ဆည်းပူးခဲ့ပြီး ချင်းပြည်နယ် နဲ့ ကလေးကဘော်ဒေသမှာရှိတဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုအကြား စည်းလုံးညီညွတ်မှုရှိအောင် ကြိုးစားအားထုတ်လေ့ရှိပါတယ်။ ချင်းလူမျိုးတွေအကြားမှာရှိတဲ့ ဘာသာရေးပြဿနာဟာ အသင်းတော်အချင်းချင်း ယုံကြည်ချက်ဝါဒတွေ ယှဥ်ပြိုင်မှု၊ အချင်းချင်း ပုတ်ခတ်မှု နဲ့ အသင်းတော်အချင်းချင်း သွေးခွဲမှုတွေဖြစ်ပါတယ်။ Fr. Martin ပျံလွန်တော်မူသွားခြင်းဟာ ကက်သလစ်အသင်းတော်အတွက်သာမက၊ ဂိုဏ်းပေါင်းစုံ စည်းလုံးညီညွတ်မှုကို နှစ်သက်တဲ့ အခြားခရစ်ယာန်များအတွက်လည်း ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါတယ်။ Fr. Martin က “ ချင်းခရစ်တွေ နဲ့ ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာ ဘာသာရေးပြဿနာတွေမရှိဘူး။ ပြဿနာတွေက [ချင်း] ခရစ်ယာန်တွေ အချင်းချင်းကြားထဲမှာပါ” ပြောလေ့ရှိတယ်။နောက်တချက်ကတော့ Fr. Martin ဟာ လူငယ်အများကြီးကို သူတော်စင်ဂိုဏ်း (စိန်ပေါ်လ်၊ ဆလေးရှင်း၊ စိန်ဂျိုးဇက်၊ ဂျေဆွက်… အစရှိသဖြင့်) တွေကို ဝင်ဖို့ အားပေး၊တိုက်တွန်း၊ ထောက်ခံလေ့ရှိတယ်။ ဘုန်းဘုန်းဟာ အင်မတန်မှ အမြင်ကျယ်၊ သဘောထားကြီးပြီး ၊ အလွန်တရာ ရက်ရောတဲ့ ရဟန်းတစ်ပါးဖြစ်တယ်။ လူကြီး၊လူငယ်၊ဘာသာဝင်၊ ဘာသာပတွေ နဲ့ ဆက်ဆံရေးပြေပြစ်သူလည်း ဖြစ်တယ်။ ဒါပေမယ့် အယူဝါဒ သွန်သင်ချက် နဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာရင် စည်းကမ်းကြီးတယ်။ပြတ်သားတယ်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာအတွက် အလှူကောက်ခံလေ့မရှိဘူး။ ဘုန်းဘုန်းရဲ့ မွေးနေ့၊ ဂျူလဗီပွဲနေ့အတွက် ဘာသာတူတွေဆီကနေ အလှူမခံပဲ သူကျွေးမွေးတယ်။ ငွေကြေးရေးနဲ့ပတ်သက်ရင် သိပ်တိကျမှန်ကန်တာကို တွေ့မိတယ်” ဟု ဂုဏ်ပြုရေးသားချီးကျူးလိုက်သည်။

😭🙏 ဆလိုင်း ဂျိုးဇက်ကုန်ဇမှုန်းက မွန်ဆီညော် ဖာသာရ်မာတင်းမုန်သည် ဆင်းရဲချို့တဲ့သော ရဟန်းများ၊ သီလရှင်များ၊ ကိုရင်များနှင့် ထောင်ချီသောသာမန်ဘာသာဝင်များအပေါ်တွင် လက်မနှေးကူညီပေးခဲ့သူ၊ အမှန်တရားအပေါ် ရဲရဲဝံဝံ့ရပ်တည်ပေးခဲ့သူ၊ ကက်သလစ်စာပေများကိုအား‌ပေးမြင့်တင်ပေးသူ၊ Gloria News Journal ဂလိုရီယာသတင်းဂျာနယ်ကို ကလေးကက်သလစ်သာသနာမှာ ပိတ်ပင်ခြင်းမရှိရလေအောင် အာမခံရပ်တည်ပေးခဲ့သူ၊ ဂျာနယ်ကိုဖြန့်ချီပေးတော်မူခဲ့သော၊ ဘုရားရှင်နဲ့လူသားများအပေါ် ချိုသာညင်သာသောစကားများ၊ ပြူံးရွှင်သောမျက်နှာဖြင့် ဂရုဏာရဟန်းတစ်ပါးအဖြစ် သက်ဆုံးတိုင်အသက်ရှင်တော်မူခဲ့သည် ဟု ဂုဏ်ပြုရေးသားချီးကျူးလိုက်သည်။

ဆက်လက်ပြီး ဆလိုင်း ဂျိုးဇက်ကုန်ဇမှုန်းက တပည့်တော်ရဲ့ဂျာနယ်နဲ့စာအုပ်ရောင်းပေးပြီး ပြန်ပေးရန်ငွေများရှိခဲ့သော်၊ ကိုယ်တော့်ဝိညာဉ်အား အဟန့်အတားမဖြစ်စေရေးအတွက် ၎င်းငွေစာရင်းများကို ကိုယ်တော့်ဆေးဝါးစရိတ်အတွက် တပည့်တော် လှုလိုက်ပါတယ်ဘုရား။ နောက်ဆန်မတင်းဘဲ၊ ဘုရားသခင်ဆီကိုသွားပြီး တပည့်တော်တို့အတွက် ဆုတောင်းပေးတော်မူပါ Topa Msgr. Fr. Martin Mung. ကိုယ်တော့်ဝိညာဉ်သည် ကိုယ်တော်ယုံကြည်သက်သေခံတော်မူခဲ့သော ဘုရားသခင်ထံတော်၌ ဘုန်းတော်စံစားရပါစေသား။ တပည့်တော်အတွက် ဆုတောင်းပေးတော်မူပါဘုရား။ တပည့်တော်၊ အရမ်းဝမ်းနည်းမိတယ်၊ ကိုယ်တော်😭။ ကိုယ်တော်က၊ ထောင်ချီသောလူသားများအတွက် သူရဲကောင်းပါ။ You are my hero Topa 😭❤️ဟု ဂုဏ်ပြုရေးသားချီးကျူးလိုက်သည်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ မွန်ဆီညော်နေရီအူးက၊ မွန်ဆီညော်မာတင်းက ငါ့တပည့်လေ။ သူက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ပညာတော်သင် သွားတဲ့အချိန်မှာ ငါက ပဲရစ်မြို့ကိုရောက်တော့ သူက ငါ့ကို လိုက်ပြတယ်။ သူက လိမ်မာတယ်၊ သဘောထားလည်း ပြည့်ဝတယ်၊ စိတ်ထားကောင်းတယ်။ သူက ရဟန္တာပါပဲဟု မှတ်ချက်ပြုသည်။

အခုတော့ နှုတ်ဆက်ခဲ့ပါတယ်၊ ဘုန်းဘုန်း။

 

 

ဆောင်းပါးရေးသားသူ၊ ဆလိုင်း ဂျိုးဇက်ကုန်ဇမှုန်း

472  Views
Previous: အနုပညာရှင် ၂၄ ဦးကို အမှုရုပ်သိမ်းပေးကြောင်း စစ်ကောင်စီ ကြေညာ
Next: စစ်ကောင်စီက တစ်နိုင်ငံလုံးကနေ အကျဉ်းသား ၂၂၉၆ ဦးကို ပြန်လွှတ်ပေး