စီအေဒီအဖွဲ့အစည်းက နွားထိုးကြီးမြို့နယ်ရှိ မိမိ၏ပြီးဆုံးသွားသောဖွံ့ဖြိုးရေးအစီအစဉ် အလှူရှင်၊ အကျိုးခံစားသူများနှင့်ပြန်လည်သုံးသပ်

11

နွားထိုးကြီး၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၅

စီအေဒီအဖွဲ့အစည်း CAD (Community Agency for Rural Development) သည် ၂၀၁၅ ခုနှစ်အတွင်း မန်္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် အကောင်အထည် ဖော်ခဲ့သော ပြည်သူများ၏ဖွံ့ဖြိုးရေးအစီအစဉ်များ သက်ဆိုင်သူ များပါဝင်သောပြန်လည်သုံးသပ်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ““အောင်စေအောင်စေခန်းမ””တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။ ၎င်းသုံးသပ်ပွဲသို့ အလှူရှင် BAT (British American Tobacco Company) မှ ဥပဒေရေးရာနှင့် လုပ်ငန်းတာဝန်ခံ ဒေါ်ခိုင်ဝေသွယ်နှင့်လက်ထောက်တာဝန်ခံ ဒေါ်တင့်တင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်တိ/ ကုတာဝန်ခံ၊ မြို့နယ်ရဲမှူး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ မန်္တလေးတိုင်းဒေသကြီး ရွေးကောက်ခံလွှတ်တော်အမတ်လောင်းနှင့် စီအေဒီအဖွဲ့မှ ဒါရိုက်တာ ဂျိုးဇက် ကုန်ဇမှုန်းနှင့်ဝန်ထမ်းလေးဦး၊ နွားထိုးကြီးမြို့ရှိ စီအေဒီရုံးခွဲမှ ဦးမာတင်းဗန်ဇထန်းနှင့်ဦးအောင်နိုင် ဝင်းတို့နှင့် အတူ ဖိတ်ကြားထား သော စီမံချက်ကို အကျိုးခံစားရသော ရပ်မိ/မ၊ ဆရာ/မများနှင့်ရွာသူ/သားများ စုစုပေါင်း (၆၇) ဦး တက်ရောက် ကြသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြရာတွင်၊ နွားထိုးကြီးမြို့နယ်သည် မြစ်ချောင်းအင်းအိုင် မရှိသော ဒေသဖြစ် တာ ကြောင့် ပြည်သူများသည် သောက်ရေနှင့်စိုက်ပျိုးရေးတို့အတွက် မိုးရေတစ်ခုတည်းကိုသာ မှီခိုပြီး အသက်ရှင်နေကြရ ကြောင့်၊ စီအေဒီအဖွဲ့မှ ဆည်တာမံများကို ပြုပြင်ပေးသည့်အတွက် ဒေသခံများအနေဖြင့် အနည်းဆုံး တစ်နှစ်အတွက် သောက်သုံး ရေသည် လုံလောက်ပြီ ဖြစ်ကြောင်း၊ နောင်တွင်လည်း ယခုထက်မက ပိုကြီးမားသော စီမံချက်များကို လာရောက်လုပ်ဆောင်ရန် ဖိတ်ခေါ် ပါကြောင်း ဖြင့် ပြောကြားသည်။

ကျားတွင်းဘိုကျေးရွာမှ ကျောင်းအုပ်ဆရာမကြီးကလည်း ““ကျွန်မတို့ကျောင်းမှာဆိုရင် ရေတွင်းမရှိတာကြောင့် ကျောင်းသူ/သားတွေ သုံးဖို့ရေနှင့်စိုက်ထားတဲ့သစ်ပင်တွေကို ရေလောင်းဖို့အတွက် ကျောင်းသူ/သားများသည် နေ့စဉ်အဝေးကြီးကို ရေခပ်ရသဖြင့်စာသင်ချိန် အရမ်းနည်းကြောင်း၊ ဒါပေမယ့် စီအေဒီအဖွဲ့က ကျောင်းဝင်းထဲမှာ ရေတွင်းအဝီစီးတွင်းကို တူးပေးသည့် နောက်ပိုင်း ကျောင်းသူ/သား များသည် စာသင်ချိန်ပိုရလာကြသလို့ သစ်ပင်တွေကိုလည်း ရေ၀၀ လောင်းရသလို ကျွန်မတို့လည်း ရေ၀၀ သောက် သုံးနိုင်ပြီ ဖြစ်ပါကြောင်း၊ ဒါကြောင့်မို့ အလှူရှင်ဘီအေတီနဲ့စီအေဒီတို့ကို အထူးကျေးဇူးတင်ပါကြောင်းဖြင့် ပြောကြား သည်။

 ညောင်ပင်သာကျေးရွာအုပ်စုတာဝန်ခံက ““အခုလိုကူညီပေးတာ ကောင်းပါတယ်။ ဒါပေမယ့် အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ရွာမှာ အိမ်ခြေ ၂၀ လောက်ကိုပဲ ကူညီတာဟာ နည်းလွန်းတာမို့ နောင်ဆိုရင် အကုန်လုံးကို ကူညီစေချင်ကြောင်း”” ဖြင့် မီးမောင်းထိုးပြသည်။ ဗုဒ်္ဓဘာသာဘုန်းတော်ကြီးက ““ဘုန်းဘုန်းဘဝမှာ ဒီဒေသကို စီအေဒီလိုအဖွဲ့မျိုးက လာရောက်ပြီး ဖွံ့ဖြိုးရေး လာလုပ်ပေးတာမျိုး မရှိကြောင်း၊ ဒီလိုမျိုးအဖွဲ့အစည်းဟာ မြန်မာပြည်တစ်ဝှမ်းမှာ များများရှိသင့်သလို အလှူရှင်တွေလည်း များများပေါ် ပေါက် သင့်ကြောင်း၊ ဖြစ်နိုင်ပါက လာမည့်နှစ်တွင်မူ ဘုန်းဘုန်းကျေးရွာနားရှိ ချောင်းကို ဖြတ်ကျော်နိုင်မည့် တံတား တစ်စင်းကို လည်း ဆောက် ပေးစေလိုပါကြောင်း”” ဖြင့် လျှောက်ထားတော်မူသည်။

နာဘဲသာကျေးရွာမှ ဦးဗိုလ်ချုပ်က ““စီအေဒီအဖွ့ဲက ကျွန်တော်တို့ရွာမှာ ဆည်တာမံ ပြန်လည်ပြုပြင်ပေးပြီး မိုးရေလည်း ဝင်လာတာကြောင့် အခုဆိုရင် ဆည်ရေက ပြည့်နေပြီး အနည်းဆုံး ၂ နှစ်တော့ ရွာသူ/သားတွေအတွက် လုံလောက်မည် ဖြစ်ကြောင်း၊ အရင်တုန်းကဆိုရင် မီးသတ်ဌာနနဲ့အလှူရှင်များက မိမိတို့ရွာတွေမှာ သောက်သုံးရေကို နေ့စဉ် လာရောက်လှူဒါန်း နေရကြောင်း၊ ယခုဆိုရင် ရေလည်း အားရပါးရ ချိုးလို့ရပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် သက်ကြီးရွယ်အိုတွေက ဆည်အထိ မသွားနိုင်တာမို့ ဖြစ်နိုင်ရင် ရွာထဲမှာ အဝီစီးရေတွင်းကို တူးပေးစေလိုကြောင်း”” ဖြင့် ပြောကြားသည်။ အညာသား

1235  Views
Previous: လက်ထပ်ထိမ်းမြားခြင်းသည် ပဋိညာဉ်ဖြစ်သည်ဟု ဘုန်းတော်ကြီးဟိုင်ဂျီနူးစ်မြင့်စိုးက မိန့်ကြားတော်မူ
Next: ခြေဆေးခြင်းကိုပြုလုပ်ရာတွင် ကက်သလစ်ဘာသာဝင်အမျိုးသမီးများကိုပါ ထည့်သွင်းဆေးကြောရန် ရဟန်းမင်းကြီးဖရန်စစ်က အမိန့်ထုတ်ပြန်