ဆယ်လအတွင်း လက်နက်ပေါင်း ၆၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း စစ်ကောင်စီပြော

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုအချိန်ထိ အချိန်ဆယ်လတာကာလအတွင်းမှာ သေနတ်အလက်ပေါင်း ၆၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၃ အထိ လုပ်သေနတ်၊ တူမီးသေနတ်၊ ဘောပင်သေနတ်တွေ အပါအဝင် လက်နက်ပေါင်း ၆၀၈၇ လက်ကို သိမ်းဆည်းရမိပြီး စက်ရုံထုတ် သေနတ်အသစ်တွေ၊ နိုင်ငံခြားဖြစ် သေနတ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အခုသိမ်းဆည်းရမိတဲ့ လက်နက် ၆၀၀၀ ကျော်ထဲမှာ လုပ်သေနတ်၊ တူမီးသေနတ်နဲ့ ဘောပင်သေနတ် အမျိုးစားတွေမပါဘဲ တခြားသေနတ်အမျိုးအစားက ၁၄၁၂ လက်ပါဝင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
သိမ်းဆည်းရမိတဲ့အထဲမှာ ကျည်မျိုးစုံ တစ်သောင်းခွဲ၊ လက်ပစ်ဗုံးမျိုးစုံ ၂၄၅၉ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃၀၀၀ ကျော်ပါဝင်ပြီး ပြင်းအားမြင့်ဖောက်ခွဲရေးယမ်းအမျိုးစားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲက အင်အားသုံး ပစ်ခတ်နှိမ်နင်းခဲ့တဲ့နောက်ပိုင်း စစ်ကိုင်း၊ ချင်းနဲ့ ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်တော်လှန် ခဲ့တဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
341  Views
Previous: NUG ငွေတိုက်စာချုပ်ဝယ်ယူသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်
Next: ဖယ်ခုံကက်သလစ်ကာသီဒြယ် ဘုရားကျောင်းအပါအဝင် အခြားသော ဘုရားရှစ်ခိုးကျောင်းများ၊ ဘာသာရေး ဆိုင်ရာအဆောက်အဦများကို ထပ်မံ ပစ်ခတ်ဖျက်ဆီးခြင်း မပြုရန် ဖယ်ခုံကက်သလစ်ဆရာတော်ကြီးပီတာလတ်က စစ်ကောင်စီအား မေတ္တာရပ်ခံခြင်း