“ဆုတောင်းခြင်း၌ အားနည်းသောရဟန်းသည် အန္တရာယ်တွင်းသို့ ခုန်ရာရောက်ကြောင်း” ဖြင့် ရဟန်းတော်များ၏ သနားကြင်နာခြင်းဂျူဗလီနှစ်တွင် ဆရာတော်ဂျွန်စောယောဟန်က သတိပေးတော်မူ

003-a

ရန်ကုန်၊ ဇွန်လ ၃၊ ၂၀၁၆

ရန်ကုန် လက်ထောက်ဆရာတော်ကြီး ဂျွန်စာယောဟန်က ရဟန်းများသည် လုပ်ငန်းတာဝန် များပြား ခြင်းကြောင့် နေ့စဉ်ဆုတောင်းခြင်းအမှုတွင် ဦးစားပေးမှုလျှော့နည်းလာလျှင် မိမိကိုယ်ကို အန္တရာယ်တွင်းသို့ ခုန်ချ ရာရောက် သည်ဟု မေလ (၃၁) ရက်နေ့မှ ဇွန်လ (၂) ရက် နေ့အထိကျင်းပသော ရဟန်းတော်များ၏ သနားကြင်နာခြင်းဂျူဗလီနှစ်တွင် မိမိ အပါအဝင် ညီအစ်ကိုရဟန်းတော်များအား သတိပေးတော်မူလိုက်သည်ဟု သတင်းရရှိသည်။

၎င်းရဟန်းတော်များ၏ သနားကြင်နာခြင်း ဂျူဗလီနှစ်သည် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာနှင့် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်လက်အောက်ခံရှိ ဂိုဏ်းအုပ်သာသနာ (၄) မှ ရဟန်းတော်များစုပေါင်းပြီး ရဟန်းတော်များ၏ သနားကြင် နာခြင်းဂျူဗလီနှစ်ကို မေလ (၃၁) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ ရန်ကုန် ကက်သလစ် ဆရာတော်ကြီးကျောင်းတိုက် တွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ၎င်းအခမ်းအနားသို့ ဆရာတော်ကြီး (၅) ပါးနှင့် ရဟန်းတော် အပါးပေါင်း (၁၅၅) ကျော် တက်ရောက် ခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းဂျူဗလီနှစ်ကို ကျင်းပရာတွင် ကာဒီနယ် ချားလ်စ်ဘိုက “သနားကြင်နာခြင်းနှစ်မှာ အချင်းချင်း အားနည်းချက်တွေကို ဗဟိုပြုပြီး ပြောဆိုဆက်ဆံမယ့်အစား အချင်းချင်း ရိုသေလေး စားမှု၊ အချင်းချင်းသနားပြီး အခွင့်လွှတ်ကြဖို့ လိုအပ်ကြောင်း၊ မိမိတို့ရဲ့ စိတ်ဓါတ်၊ သဘောထား တွေကိုပြုပြင်ခြင်း၊ အတ္တမာနစိတ်၊ တစ်ကိုယ်ကောင်း စိတ်များကို စွန့်လွှတ်ကြရန်” ဟောကြား တော်မူသည်။

ဘုန်းတော်ကြီး ဟိုင်ဂျီနူး မြင့်စိုးကလည်း ရဟန်းတော်များ၏ အာပါတ်ဖြေ နားထောင်ပေးခြင်းတာဝန်နှင့် သနားကြင်နာတတ်သော   ရဟန်းတော်များ အကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း၊ ဘာသာဝင်တစ်ဦးက ရဟန်းထံသို့အာပတ်လာဖြေရာတွင် အာပတ် လာဖြေသူအား  အခွင့်လွှတ် ပေးခြင်းထဲတွင် သနားကြင်နာခြင်းကို ပြသသည့် အခွင့်လွှတ်ပေးခြင်းမျိုးဖြစ်သင့်ကြောင့်၊ အာပတ် လာဖြေသူကို အခွင့်လွှတ် သနားကြင်နာ တတ်သော ရဟန်းတစ်ပါးဖြစ်ရန် အတွက် ၎င်းရဟန်း ကိုယ်တိုင်က မိမိ၏အပြစ်များ ကို ဖြေတတ်ဖို့လည်းလိုအပ်ကြောင်းကို ရှင်းလင်းဟောကြားသည်ဟု သတင်းရရှိသည်။

ထိုကဲ့သို့သော ရဟန်းတော်များ၏ သနားကြင်နာခြင်းနှစ် နှင့်စပ်လျဉ်းပြီး ပုသိမ် သာသနာမှ ဘုန်းတော်ကြီးဟင်နာရီ အိုက်ခလိန်နှင့် ဘုန်းတော်ကြီးဂျိုးဇက်မောင်ဝင်းတို့အား မိမိရင်တွင်းခံစားချက်ကို တယ်လီဖုန်းနှင့် အီးမေးလ်ဖြင့် လျှောက်ထားရာတွင် ဘုန်းဘုန်းက “အခု လို သာသနာ (၅) က ရဟန်းတွေအားလုံး တစ်နေရာမှာပြန်ဆုံစည်းတာဟာ ရဟန်းတွေအတွက် ခွန်အားဖြစ်ပါကြောင်း၊ ဒီလိုမျိုးတွေ့ဆုံပွဲကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာကနေ နှစ်စဉ်ဦးဆောင်ပြီး ပြုလုပ်ပေးသင့်ကြောင်း” ရင်ဖွင့်စကား မိန့်ကြားသည်။

ထို့အပြင် စိန်ပေါလ်ဘုန်းတော်ကြီး ရောဘတ်ဟော်ဇမှုန်းအားလည်း မေးမြန်းရာ ရဟန်းတော်များဆိုင်ရာ ကြင်နာသနားခြင်းဂျူဗလီနှစ်ကို ကျင်းပခြင်းအားဖြင့် မိမိ၏ရဟန်းဘ၀ ကို ပြန်လည် သုံးသပ်ပြီး ပြန်လည်တန်ဖိုးထားလာမိသကဲ့သို့ ပြုပြင် စရာတွေ ကိုလည်း တွေ့ရှိလာ ကြောင်း၊ ထို့ကြောင့် ၎င်းကဲ့သို့သောဂျူဗလီနှစ်ကို နှစ်စဉ်ကျင်းပပေးသင့်ကြောင်းဖြင့် ဖြေကြား ပေးသည်။

ဆရာတော်ပိုင်သာသနာ (၅) ခုမှ တက်ရောက်လာကြသော ရဟန်းတော်များသည် ဝါတော်အလိုက် အုပ်စုခွဲကြပြီး မိမိတို့၏ရဟန်းဘဝတစ်လျှောက်တွင် ကြုံတွေ့ခဲ့သော အတွေ့ အကြုံများကို ဆွေးနွေးမျှဝေခဲ့ကြသည်ဟု သတင်းရရှိပါသည်။       ဝင်းလှိုင်ဦး

1678  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်က ဆရာတော်ကြီး ဘာစီလိအိုအားသိုင်အား တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်လိုက်တော်မူ
Next: စွန့်လွှတ်စွန့်စားရဲသော၊ လက်ညစ်ပတ်ခံရဲသော၊ အမှားလုပ်ခြင်းကို မကြောက်ရွံ့သော၊ ရှေ့သို့လျှောက်လှမ်းရဲသော သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကို ကက်သလစ်သာသနာတော်တွင်လိုအပ်နေသည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြား