တယ်လီနော မြန်မာကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းထုတ်
မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းထုတ်လိုက်ပြီလို့ နော်ဝေအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက ဇူလိုင် ၈ ရက် ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
လက်ဘနွန်နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ M1 Group ဟာ တယ်လီနောကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းထဲက ၅၅ သန်းအတွက် ၅ နှစ်ကျော် အရစ်ကျပေးချေမှာ ဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ လတွေအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ပြည်သူတွေရဲ့လုံခြုံရေး၊ စည်းမျဉ်း စည်းကမ်း ထိန်းသိမ်းမှု၊ လေးစားလိုက်နာမှုတွေနဲ့ ပတ်သက်ပြီး တယ်လီနောအတွက် စိန်ခေါ်မှုတွေ တိုးလာခဲ့ပါတယ်။ ရွေးချယ်နိုင်စရာတွေအားလုံးကို ချင့်ချိန်တွက်ဆခဲ့ပြီး ဒီအခြေအနေမှာတော့ တယ်လီနော မြန်မာကို ရောင်းထုတ်လိုက်တာဟာ အကောင်းဆုံးအဖြေပဲလို့ မိမိတို့ယုံကြည်ပါတယ်” လို့ တယ်လီနောရဲ့ စီအီးအို Sigve Brekke က ပြောပါတယ်။
တယ်လီနောအနေနဲ့ မြန်မာနိုင်ငံကို လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ကို ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်တာကြောင့်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ ဝင်ရောက်လာတာဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်အထိ ရည်မှန်းထားတာဖြစ်ပါတယ်။
တယ်လီနောက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် အထိ မြန်မာနိုင်ငံမှာ တယ်လီနောသုံးစွဲသူ ၁၇ သန်းအထိ ရှိပါတယ်။
555 Views