တိုင်းပြည်အေးချမ်းမှ အာဆီယံတောင်းဆိုချက်များကိုစဉ်းစားမည်ဟု စစ်ကောင်စီ ပြော

တိုင်းပြည်တွင်း အခြေအနေများ အေးချမ်းတည်ငြိမ်ပြီးမှ နိုင်ငံရေးအကျပ်အတည်းများ ကြားဝင်ညှိနှိုင်းဖြေရှင်းရန် အာဆီယံအသင်း၏ တောင်းဆိုချက်များကို သတိထား စဉ်းစားမည်ဟု အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲက ပြောကြားလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး စစ်ကောင်စီက တနင်္လာနေ့က ထုတ်ပြန်ကြေညာရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်အေးချမ်းတည်ငြိမ်ရေးသည် အဓိက ဦးစားပေးဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးက အရေးကြီးသည်ဟု ပြောဆိုကြောင်း ရေးသားထားသည်။ ယင်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အစည်းအဝေးက တောင်းဆိုချက်များကို တုံ့ပြန်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက အရပ်သားဆန္ဒပြသူတို့အား အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များက အင်အားသုံး အကြမ်းဖက်နှိမ်နင်းခြင်းကြောင့် လူ ၇၄၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။
အာဆီယံခေါင်းဆောင်များ အစည်းအဝေးက စနေနေ့တွင် အားလုံးသဘောတူ ထုတ်ပြန်ကြေညာရာ၌ “ပထမဦးစွာ အကြမ်းဖက်မှုများ ချက်ခြင်းရပ်ဆိုင်းသင့်ပြီး ဘက်ပေါင်းစုံက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ကြသည်”ဟု တောင်းဆိုခဲ့သည်။
အာဆီယံအနေဖြင့် “မြန်မာပြည်သူတို့၏ အကျိုးငှာ ငြိမ်းချမ်းသော အဖြေတရပ် ရှာဖွေရေး” ဘက်ပေါင်းစုံမှ အဖွဲ့အစည်းများကြား “အပြုသဘောဆောင် ဆွေးနွေးစကားပြောဆိုရေး” ကြားဝင်ညှိနှိုင်းပေးရန် အထူးကိုယ်စားလှယ်ကို ခန့်ထားပြီး မြန်မာနိုင်ငံသို့ စေလွှတ်ရန်လည်း တောင်းဆိုထားသည်။
မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် အာဆီယံအသင်း၏ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရောက်ရေးကို အစည်းအဝေး လာရောက်တက်ခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မငြင်းသွားဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းက ပြောဆိုကြောင်း သိရသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီက ချမှတ်ထားသော အချက် ၅ ချက်ပါ လမ်းပြမြေပုံကို အကောင်အထည်ဖော်ရာတွင် အာဆီယံအနေဖြင့် ဝိုင်းဝန်းကူညီနေသည်နှင့်အမျှ ၎င်းတို့၏ အကြံပြုချက်များကို အကောင်းမြင်ကာ ထည့်သွင်းစဉ်းစားမည်ဟု အာဆီယံအစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီမီဒီယာများက စစ်ကောင်စီအကြီးအကဲ အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးတက်ရောက်ခြင်းသည် သံတမန်ရေးရာအောင်ပွဲဖြစ်ကြောင်းဖေါ်ပြပြီး မြန်မာနိုင်ငံသည် ASEAN ပဋိညာဉ်နှင့်အညီ ASEAN နိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်းပြောသည်။
လက်ရှိ ASEAN ဥက္ကဌဖြစ်သော ဘရူနိုင်းနိုင်ငံသည် ၂၀၀၁ မှ ၂၀၀၉ ခုနှစ်အထိ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဟက်ဆန် ဝီရာဂျူဒါကို မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ်ခန့်အပ်ရန် အဆိုပြုကြောင်း ဂျပန်သတင်းဌာန Nikkei Asia အဆိုအရ သိရသည်။ ထိုအဆိုပြုချက်ကို အခြား ASEAN နိုင်ငံများကို အသိပေးထားသော်လည်း လက်ခံ မခံမသိရသေးပေ။ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ကလည်း အထူးသံတမန်များကို အဆိုပြုထားကြောင်းသိရသည်။
အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဝီရာဂျူဒါသည် သမ္မတ မီဂါဝါတီ ဆူကာနိုပူထရီနှင့် ဆူဆီလို ဘန်ဘန်း ယူဒိုယိုနိုတို့ ရာထူးသက်တမ်းအတွင်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သမ္မတ၏ အကြံပေးကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခြင်းမပြုမီက ဝီရာဂျူဒါသည် အင်ဒိုနီးရှား လူ့အခွင့်အရေးကောင်စီကိုထူထောင်ရာတွင် အရေးပါသော အခန်းမှပါဝင်ခဲ့ပြီး မိုရိုလွတ်မြောက်ရေးတပ်ဦးနှင့် ဖိလစ်ပိုင်အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ခဲ့သည်။ အင်ဒိုနီးရှားနှင့် အာချေးလွတ်မြောက်ရေးလှုပ်ရှားမှုအကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိစေသည့် ဆွေးနွေးပွဲများကိုလည်း ဦးဆောင်ခဲ့သည်။
ASEAN ခေါင်းဆောင်များက စနေနေ့တွင် အဆိုပြုပြီး မြန်မာနိုင်ငံကသဘောတူသည့် ဘုံသဘောတူညီချက် ၅ ချက်အရ ASEAN ဥက္ကဌ၏ အထူးသံတမန်သည် ASEAN အတွင်းရေးမှူးချုပ် လင် ဂျော့ ဟွိုင်၏ အကူအညီဖြင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့အောင်လုပ်ဆောင်ပေးရမည်ဖြစ်သည်။ လင်သည် ယခင်က ဘရူနိုင်း နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဖြစ်သည်။ ဘရူနိုင်းနိုင်ငံသည် တချိန်တည်းတွင် ASEAN အလှည့်ကျ ဥက္ကဌတာဝန်ကိုလည်း ယခင်နှစ်ကတည်းက ထမ်းဆောင်နေသည်။
ASEAN ၏ ဘုံသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ ချက်ခြင်း ရပ်စဲရေး၊ သက်ဆိုင်ရာအဖွဲအစည်းများအနေဖြင့် အစွမ်းကုန် ချုပ်တည်းရေး၊ ပြည်သူများ၏အကျိုးစီးပွားအတွက် ငြိမ်းချမ်းစွာအဖြေရှာရန် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အပြုသဘော တွေ့ဆုံဆွေးနွေးရေး၊ ASEAN ၏ လူသားချင်းစာနာမှုအကူအညီဌာနမှ တဆင့်အကူအညီပေးရေး၊ ဒေသတွင်း အကျပ်အတည်းတွင်အရေးပေါ်အကူအညီပေးရန် အဖွဲတခုဖွဲ့စည်းရေး နှင့် ASEAN အထူးသံတမန်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ပါဝင်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စနေနေ့က ဂျကာတာတွင် ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း အထူးထိပ်သီအစည်းအဝေး၏ သီးခြားအစည်းအဝေးတခုတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင် ရှရနာဘာဂနာနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ထိုဆွေးနွေးမှုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလရွေးကောက်ပွဲတွင် မဲမသမာမှု အကြီးအကျယ်ရှိသည်ဟုဆိုပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ကာကွယ်ပြောဆိုကြောင်း သိရသည်။ ကုလသမဂ္ဂ အထူးသံတမန်က မြန်မာနိုင်ငံသို့သွားရောက်ရန် တောင်းဆိုသော်လည်း စစ်ကောင်စီက ဝင်ခွင့်ပေးမည် မပေးမည်နှင့်ပတ်သက်ပြီး အဖြေမရကြောင်း ASEAN သတင်းရင်းမြစ်များကို ကိုးကားပြီး Nikkei Asia က ဆိုသည်။
ယခင်က ထိုင်းနှင့် ဂျာမဏီဆိုင်ရာ ဆွစ်သံအမတ်အဖြစ် ထမ်းဆောင်ခဲ့သူ ဘာဂနာသည် အာဆီယံခေါင်းဆောင်များ အစည်းအဝေး သီးခြားဆွေးနွေးပွဲများတွင် အခြားသူအများအပြားအပါအဝင် စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
661 Views