ဒီးမော့ဆိုမြို့က စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းဟာ လက်နက်ကြီးလက်နက်ငယ်တွေ ထိမှန်ခဲ့တယ်

ဒီကနေ့ မေလ ၂၇ ရက်နဲ့ မနေ့က ၂၆ ရက်နေ့တွေမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့က ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်ဘေးရှောင်တွေအတွက် အစားအစာနဲ့ ဆန်လာသယ်တဲ့ လူငယ်နှစ်ယောက်လည်း စစ်တပ်ရဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ၊ မေလ ၂၆ ရက် မနေ့ည ၇ နာရီကျော်လောက်က အာဏာသိမ်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းဟာ လက်နက်ကြီးလက်နက်ငယ်တွေ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆိုမြို့ ဒေသခံက စိန့်ဂျိုးဇက်ကက်သလစ်ဘုရားကျောင်းကို မနေ့ညပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်သွားတာကြောင့် နံရံတွေရော၊ မှန်တွေပါ ပျက်စီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ ညပိုင်းပေါ့၊ ဒီးမော့ဆိုတစ်မြို့နယ်လုံးလည်း တပ်ကစွဲထားတော့ ပြည်သူတွေလည်း စစ်ဘေးရှောင် ရောက်နေကြတယ်၊ ဘုရားကျောင်းတော့ ပျက်စီးသွားတာပေါ့၊ လက်နက်ကြီး ထုခံရတာပေါ့၊ ခုနှစ်နာရီ ရှစ်နာရီ‌လောက်၊ မနက်ကျတော့ စစ်ဘေးရှောင်ပြည်သူ နှစ်ဦးပေါ့။ ရွာထဲ ရိက္ခာဆင်းယူတော့ စစ်ကောင်စီနဲ့တွေ့တာပေါ့၊ အဲဒီမှာ ငုပလော့ရပ်ကွက်ဆိုတာ ရှိတယ်၊ အဲဒီရပ်ကွက်ထဲမှာ မိပြီးတော့ ဖမ်းဆီးပြီးတော့ ပစ်သတ်ပစ်လိုက်တာ၊ နှစ်ဦး ပွဲချင်းပြီးသွားတယ်။”

ကယားပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ကလည်း စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းဟာ လက်နက်ကြီးနဲ့ အပစ်ခံရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကက်သလစ်ဂိုဏ်းချုပ် ဥက္ကဋ္ဌ ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက အများပြည်သူ ဝတ်ပြုကိုးကွယ်တဲ့ ဘုရားကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဖို့ မေလ ၂၅ ရက် နေ့က မေတ္တာရပ်ခံထားတဲ့ကြားက စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းဟာ ထပ်မံအပစ်ခံခဲ့ရတာပါ။

demoso-church-damaged.jpg
(စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒီးမော့ဆိုမြို့က ကက်သလစ်ဘုရားကျောင်း ထိခိုက်ပျက်စီးပုံ) Photo: PKPF

စစ်ဘေးရှောင်တွေအတွက် ဆန်လာယူတဲ့ လူငယ် ယောက်ျားလေး နှစ်ယောက်ကိုလည်း မေလ ၂၇ ရက် ဒီနေ့ မနက်အစောပိုင်း မြို့ထဲက ငုပလော့ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ပစ်သတ်လိုက်တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ယောက်က ပြောပါတယ်။

“ မှန်တယ်၊ သူက ဆန်လာယူတာ ရွာကို၊ တောထဲမှာ ဆန်ပြတ်နေတာ၊ စစ်ဘေးရှောင်ပဲ PDF လည်း မဟုတ်ဘူး ကလေးတွေက၊ အဲဒါကို ပစ်ချပလိုက်တာ၊ နှစ်ယောက်လုံး သေတယ်၊ ပေါ်တင်လာတော့ ပစ်လိုက်တာပေါ့ဗျာ၊ ကလေးတွေက ဘာမှလည်းမဟုတ်ဘူးဗျာ PDF လည်းမဟုတ် ဘာမှမဟုတ်ဘဲနဲ့ အဲလိုပစ်လိုက်တာ၊ စိန့်ဂျိုးဇက်ကျောင်းကို လုပ်တယ်၊ မှန်တွေဘာတွေ အကုန်လုံးကွဲကုန်တယ်၊ သူတို့အဲဒီလိုလုပ်နေတာနဲ့ အဆင်မပြေဘူး၊ ဘုရားကျောင်းကို ပစ်တယ်ဆိုတာ လုံး၀အဆင်မပြေဘူး၊ နောက်တစ်ခုက ဆန်လာယူတဲ့ ကလေးနှစ်ယောက်ကို ပစ်လို့ နှစ်ယောက်လုံးသေတာ ဒါတွေက လုံး၀မဖြစ်သင့်ဘူး။”

ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့ထဲမှာ စစ်ကောင်စီတပ်တွေ လမ်းကြောင်းနှစ်ခုနဲ့ ချီတက် သွားနေချိန် ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူဘက်က တစ်ယောက် ကျဆုံးခဲ့ပါသေးတယ်။

“ ကလေးတွေက ဘာမှလည်း PDF လည်းမဟုတ် ဘာမှမဟုတ်ဘဲနဲ့ အဲလိုပစ်လိုက်တာ”

မနက်က သေဆုံးသွားသူ နှစ်ယောက်ရဲ့အလောင်းကို သွားသယ်ပြီး သင်္ဂြိုဟ်ပေးခဲ့ရပြီး နေ့လယ်ပိုင်းမှာလည်း တစ်ယောက် ထပ်သေတယ်လို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင်ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ဦးပလန်က RFA ကိုပြောပါတယ်။

“ ဟုတ်တယ် ဒီမနက်က ရိက္ခာပြန်လာသယ်တဲ့ ကောင်လေး နှစ်ယောက်ကို စနိုက်ပါနဲ့ ချောင်းပစ်ခံရတယ် နှစ်ယောက်စလုံး ကျတယ်၊ ဒီမနက် ကျွန်တော်တို့ သွားပြန်ကောက်ပြီး ဒီမနက်ပဲ သင်္ဂြိုဟ်လိုက်တယ်၊ နောက် ဒီနေ့ ဆယ့်တစ်နာရီ မိနစ်နှစ်ဆယ်လောက်မှာ သူတို့လမ်းကြောင်း နှစ်ကြောင်းနဲ့ တက်တယ်၊ လမ်းမကြီးအတိုင်းတက်တဲ့ လမ်းကြောင်းက ပြည်သူက ခံပစ်တယ်၊ နှစ်ဘက်စလုံး ခံပစ်တာ၊ အဲဒီမှာ ငါးထပ်တိုက်ပေါ်ကနေ လှမ်းပစ်တာ တစ်ယောက် ခေါင်းထိပြီးတော့မှ ထပ်ကျတယ် အခုလေးတင်ပဲ၊ အလုံးကြီး လေးငါးလုံးလည်း သူတို့ထုတယ်၊ မြို့ထဲမှာက ယောကျ်ားလေးပဲ ကျန်တယ် အမျိုးသမီးနဲ့ ကလေးတွေကတော့ ကျွန်တော်တို့ အနောက်ဘက်ခြမ်းမှာ အားလုံးပို့ထားတယ် လုံခြုံစိတ်ချရတဲ့ ဘက်မှာ။”

မြို့ထဲမှာ လူတွေမရှိတော့သလောက်ဖြစ်နေပြီး နေ့လယ်ပိုင်း ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် မြို့ထဲမှာတော့ အသံတွေငြိမ်သွားတယ်လို့ ဆိုပါတယ်။

မေ ၂၄ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်ထဲက ဘုရားကျောင်းဝင်းတစ်ခုထဲ စစ်ကောင်စီရဲ့ အမြောက် ကျည်ဆံ ကျရောက်ခဲ့သလို ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့က ကယန်းသာယာတောင် ကက်သလစ်ဘုရားကျောင်းကိုလည်း လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းထဲခိုလှုံနေတဲ့ ဒေသခံတွေ သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီကတော့ ကယန်းသာယာတောင် ဘုရားကျောင်းထဲမှာ လက်နက်ကိုင်တွေ ပုန်းနေတဲ့ အထောက် အထား တွေ့ခဲ့ရတဲ့အပြင် လူနေအိမ်တွေ၊ အုပ်ချုပ်မှု အဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦတွေကို အကာအကွယ်ယူပြီး မြို့တွင်းတိုက်ပွဲအသွင် လုပ်ဆောင်လာခဲ့ပေမယ့် သူတို့ဘက်ကတော့ မြို့တွင်းတိုက်ပွဲ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (ROE) ပါ မိမိကိုယ်ကို ခုခံပိုင်ခွင့် စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့အညီသာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာလို့ မေလ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေရဲ့ ပြောဆိုမှုအရ စစ်ကောင်စီတပ်တွေ မြို့ထဲမှာ ဝင်ရောက်တပ်စွဲပြီး ပစ်ခတ်တာတွေ လုပ်နေတာကြောင့် မြို့ပေါ်မှာ လူငယ်ယောကျ်ားလေး အနည်းသာ ကျန်ခဲ့ပြီး ငါးသောင်းလောက်ရှိတဲ့ မြို့လူဦးရေ ၈၀ ရာခိုင်နှုန်းလောက်ဟာ နီးစပ်ရာ တောတောင် တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။

414  Views
Previous: ဘုရားသခင်ထံတော်သို့ သင်၏လိုရာကို ဆုတောင်းသည့်အတိုင်း မဖြစ်လာသည့်အပေါ် ရဟန်းမင်းကြီးဖရန်စစ်၏အကြံပေးစကား
Next: NUG ‌အစိုးရရော စစ်ကောင်စီပါ WHO ညီလာခံ တက်ခွင့်မရ