ပဲခူးနဲ့ မန္တလေးတိုင်းက မြို့နယ် ကိုးခုကို နေအိမ်မှာနေရေး Stay at Home အမိန့်ထုတ်

ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ Covid-19 ဓာတ်ခွဲအတည်ပြုလူနာတွေများလာလို့ အဲဒီ တိုင်းနှစ်ခုက မြို့နယ် ကိုးခုကို ဒီနေ့ ဇူလိုင်လ ၂ ရက် မနက် ၄ နာရီကစပြီး နေအိမ်မှာနေထိုင်ရေး (Stay at Home) အမိန့် ကြေညာလိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီမြို့နယ် ကိုးခုကတော့ ပဲခူးတိုင်း သာယာဝတီ၊ မင်းလှနဲ့ မန္တလေးတိုင်း ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

ကူးစက်မြန် ကိုဗစ်ကပ်ရောဂါကြောင့် နေအိမ်မှာနေထိုင်ရေး (Stay at Home) အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်တွေဟာ ဒီနေ့ကြေညာလိုက်တဲ့ မြို့နယ် ကိုးခု အပါအဝင် တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၂၀ အထိ ရှိလာပြီဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက် ည ၈ နာရီကနေ ဇွန်လ ၃၀ ရက် ည ၈ နာရီအထိ အချိန် ၂၄ နာရီအတွင်း ပဲခူးတိုင်းမှာ Covid-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၄၇ ဦးနဲ့ မန္တလေးတိုင်းမှာ ၁၅၉ ဦးတွေ့ရှိခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ မနေ့က ဓာတ်ခွဲနမူနာပေါင်း ၉၄၅၇ ခုကို စစ်ဆေးရာမှာ အတည်ပြုလူနာ ၂၀၇၀ ဦး ထပ်မံတွေ့ရှိတာကြောင့် စုစုပေါင်း အတည်ပြုလူနာဟာ ၁၅၉၃၄၇ ရှိလာပြီဖြစ်သလို မနေ့က သေဆုံးသူ ၁၃ ဦးရှိခဲ့တာကြောင့် သေဆုံးသူပေါင်း ၃၃၄၇ ဦးအထိ ရှိလာပြီလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ နှစ်သန်း ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့သလို ရောဂါ စစ်ဆေးဖို့အတွက်လည်း တစ်ကြိမ်မှာ အချိန်တစ်နာရီခွဲအတွင်း လူပေါင်း ၁၄၀ ခန့်ကို စစ်ဆေးနိုင်တဲ့ PCR စက် သုံးလုံး ဝယ်ယူခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံက မနေ့ နေ့လယ်က ထုတ်လွှင့်ခဲ့ပါတယ်။

အလားတူ ကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံက ဝယ်ယူဖို့အတွက်ကိုလည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တားဆီးရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး ကလည်း ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေး နှစ်သန်းဟာ အခုဇူလိုင်လအတွင်း ရောက်ရှိမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က ရေးသားထားပါတယ်။

338  Views
Previous: မြန်မာနိုင်ငံအတွင်း တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချတော့မည်
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဂျေမီးလီဆေးရုံတွင် ခွဲစိတ်ကုသမှုကို ခံယူမည်