ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေ

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး နိုင်ငံခြားငွေလဲ လှယ်မှုနှုန်းတွေ ဆက်တိုက်မြင့်တက်နေတဲ့အတွက် ကုန်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်နေတဲ့ဒဏ်ကို ခံနေရတဲ့ မြန်မာပြည်မှာ ရုရှား-ယူကရိန်းစစ်ပွဲနောက်ဆက်တွဲ အနေနဲ့ စက်သုံးဆီဈေးနှုန်း အဆမတန်ထိုးတက်သွားတဲ့ဒဏ်ကိုလည်း ခံစားနေရတယ်လို့ စီးပွားရေးလေ့လာသူတွေက ပြောကြပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားက ကျုးကျော်စစ် စလိုက်တဲ့နောက်မှာပဲ ကမ္ဘာ့ရေနံ ဈေးကွက်ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ကို တင်ပို့နေတဲ့ ရုရှားဟာ စီးပွားရေးအရ ပိတ်ဆို့အရေးယူခံရတာတွေ ရှိလာပါတယ်။ အဲဒီဂယက်ကြောင့် မြန်မာနိုင်ငံမှာ မတ်လ ၁ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ ငါးရက်အတွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ၃ဝဝ ကျပ်ဝန်းကျင် မြင့်တက် လာခဲ့တာလို့ ပြည်တွင်း စက်သုံးဆီ ရောင်းဝယ်နေတဲ့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

“စက်သုံးဆီဈေး တက်တဲ့အတွက်ကြောင့် ကျန်တဲ့အစစအရာရာလည်း ဈေးတွေတက်မှာပေါ့”

အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုနဲ့ ရုရှား-ယူကရိန်း အခြေအနေတွေကြောင့် စက်သုံးဆီ ဈေးနှုန်းဟာ မြင့်တက်လာရတာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“အဓိကကတော့ ရုရှားကစစ်ဖြစ်တော့ ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တဲ့အခါကျ ရုရှားက ရေနံဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်းရှိတော့ ကမ္ဘာ့ရေနံဈေးတက်လာတယ်။ နောက် တစ်ခုက အမေရိကန် ဒေါ်လာဈေး တက်တဲ့အတွက်ကြောင့်မို့လို့ မြန်မာပြည်မှာလည်း ဒေါ်လာဈေးအနည်းငယ် မြင့်လာတယ်။ အဲဒီနှစ်ခုဖြစ်တဲ့အတွက်ကြောင့် ရေနံဈေးတက် လာတယ်။ စက်သုံးဆီတက်လာတဲ့ အခါကျတော့ သယ်ယူပို့ဆောင်တဲ့အခါ မြန်မာနိုင်ငံ က ကုန်ကားတွေကို အားကိုးတာ။ စက်သုံးဆီတက်တော့ ကားခတက်တယ်။ ကားခ တက်တဲ့အခါကျတော့ အခြေခံကုန်ဈေးနှုန်းတွေ လိုက်တက်လာတယ်။ နဂိုကတည်းက ကိုဗစ်ကာလ၊ စီးပွားရေးကျပ်တည်းနေတဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေတက်လာတော့ ပြည်သူတွေအနေနဲ့ အများစုက အခက်အခဲတွေဖြစ်တယ်လို့ မြင်ရတယ်”

ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ မတ်လ ၁ ရက်နေ့မှာ ပရီမီယမ် ဒီဇယ် တစ်လီတာ ၁၇၄၅ ကျပ် ရှိရာကနေ ဒီနေ့မှာ ၂ဝ၃၅ ကျပ်အထိ တစ်လီတာ ၃ဝဝ ကျပ်ကျော် မြင့်တက် လာသလို တခြား Octane ၉၂၊ ၉၅ နဲ့ ဒီဇယ်ဈေးတွေဟာလည်း ၃ဝဝ ကျပ်ဝန်းကျင် မြင့်တက်နေတာပါ။

စက်သုံးဆီဈေးနှုန်းမြင့်တက်နေတာကို ဖြေရှင်းဖို့ နိုင်ငံတကာမှာ အစားထိုးလောင်စာတွေ ပြင်ဆင်နေကြသလို မြန်မာနိုင်ငံမှာလည်း အစားထိုးလောင်စာ အသုံးပြုတာ ဒါမှမဟုတ် စက်သုံးဆီတွေကို အရှုံးခံ ရောင်းချပေးတာတွေ လုပ်ဆောင်ပြီး ဖြေရှင်းရမှာဖြစ်တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

စက်သုံးဆီဈေးမြင့်တက်တာကြောင့် သယ်ယူပို့ဆောင်ခနဲ့အတူ ကုန်ကြမ်းဈေးတွေပါ လက်ရှိမှာ မြင့်တက်လာပြီး ဒီအခြေအနေတွေကြောင့် အသေးစားလုပ်ငန်းတွေဟာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်ကူဘူးလို့ မန္တလေးမြို့က အသေးစားလုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

“ကျွန်တော်တို့လို အသေးစားလုပ်ငန်းတွေက စောစောစီးစီး ရပ်သွားရမယ့် အနေ အထားပါ။ အဲဒီလိုပဲ မြင်နေတယ်ပေါ့။ တချို့တွေဆို အရင်က ကုန်ပစ္စည်း လေး၊ ငါးမျိုးလောက် ထုတ်တာရှိတယ်။ အခုတော့ တစ်မျိုး၊ နှစ်မျိုးလောက်ပဲ ထုတ်တာ။ အရောင်းသွက်တဲ့ ပစ္စည်းတွေလောက်ပဲ ထုတ်တာပေါ့။ အရင်တုန်းကတော့ အရောင်း မသွက်ဘူး ပစ္စည်းအသစ်အဆန်းတွေ ထုတ်တာရှိတယ်။ ဒီကာလကျတော့ မီးမမှန် တာနဲ့၊ ကုန်ကြမ်းဈေးတွေ တက်လာတာနဲ့ဆိုတော့ တချို့ထုတ်လုပ်မှုတွေ ရပ်လိုက် ရတာပေါ့။ စက်ရုံ တစ်ရုံလုံး မရပ်ဘူးဆိုရင်တောင်မှ အမျိုးအစားတွေ လျှော့လိုက်ရ တာပေါ့”

လက်ရှိ မြန်မာနိုင်ငံမှာ တစ်ရက်ကို ၈ နာရီဝန်းကျင် လျှပ်စစ်မီး ပြတ်တောက်နေပြီး လုပ်ငန်းလည်ပတ်ဖို့ မီးစက်တွေသုံးရတာကြောင့် စက်သုံးဆီဈေးကြီးမြင့်လာတာကလည်း သူတို့အတွက် အခက်ကြုံနေရတယ်လို့ သူက ပြောပြပါတယ်။

sittwe-oil.jpg
(စစ်တွေမြို့က စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၁ စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်)

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်တာ၊ အာဏာသိမ်းခံရပြီးနောက် စီးပွားရေး ကျဆင်းလာတာတွေကြောင့် ရှေ့ဆက်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မယ့်ဒဏ်ကို ပြည်သူတွေ ကြုံရမှာဖြစ်သလို အလားအလာလည်း မကောင်းနိုင်ဘူးလို့ စီးပွားရေးပညာရှင်တစ်ယောက် က သုံးသပ်ပါတယ်။

“စက်သုံးဆီဈေး တက်တဲ့အတွက်ကြောင့် ကျန်တဲ့အစစအရာရာလည်း ဈေးတွေတက် မှာပေါ့။ သယ်ယူပို့ဆောင်ခတက်မယ်။ ကျန်တဲ့လုပ်ငန်းတွေ လည်ပတ်ဖို့ရာအတွက် လည်း စက်သုံးဆီဈေးတက်တော့ ပိုဆိုးသွားမယ်။ ရိုးရိုးသွားလာတဲ့ လူတွေအတွက် လည်း ထိခိုက်တာပေါ့။ ဒါပေမဲ့ ခုနကပြောတဲ့ နှစ်ခုက ပိုဆိုးသွားတာပေါ့။ ကုန်ဈေးနှုန်း တွေတက်လာမယ့် အလားအလာရှိတာပေါ့။ ခြုံလိုက်လို့ရှိရင်တော့ အလားအလာက ကောင်းဖို့မရှိပါဘူး။ ဒီထက်ပိုပြီး ဆိုးဖို့ပဲရှိပါတယ်”

ယူကရိန်းအရေးကြောင့် လက်ရှိ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ငါးရက်အတွင်း ၃ဝဝ ကျပ်အထိ မြင့်တက်နေပေမယ့် စစ်တပ်ကအာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကဈေးနဲ့ နှိုင်းယှဉ်ရင်တော့ တစ်လီတာ ကို ၁၃ဝဝ ကျပ်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၇ဝ၅ ကျပ်နဲ့ ဝယ်ယူလို့ ရခဲ့ပေမယ့် အခုပေါက်ဈေးနဲ့ဆိုရင်တော့ ၇ဝ၅ ကျပ်ဆိုတာဟာ တစ်လီတာရဲ့ ၃၅ ရာခိုင်နှုန်းသာ ဝယ်လို့ရနိုင်တော့မှာ ဖြစ်ပါတယ်။

317  Views
Previous: NUG ဝန်ကြီးတွေအပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း စစ်ကောင်စီ ကြေညာ
Next: Cardinal Bo and the Bishops of Asia: No to nuclear war, the world needs healing