ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တာကလွဲပြီး ပြည်ပကား တင်သွင်းခွင့်ပိတ်

စစ်တပ်က အာဏာသိမ်းလိုက်ပြီး ရှစ်လပြည့်တဲ့ အောက်တိုဘာလ ၁ ရက် ဒီနေ့ကစပြီး ပြည်ပကနေ တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းမှုကို စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ပိတ်လိုက်ပြီလို့ မော်တော်ကား အရောင်းအဝယ်ပြုလုပ်နေတွေက ပြောပါတယ်။

စက်တင်ဘာလာ ၂၇ ရက်နေ့ ရက်စွဲနဲ့ထွက်ပေါ်လာတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပြည်ပ မော်တင်ယာဉ်တင်သွင်းမှု ကန့်သတ်မယ့် ထုတ်ပြန်ချက်မှာလည်း ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တဲ့ SKD နဲ့ CKD ကားအမျိုးအစားတွေကလွဲပြီး ပြည်ပက ကားတင်းသွင်းမှုတွေကို ပိတ်မယ်လို့ ဖော်ပြထားပါတယ်။

မော်တော်ကား အရောင်းစင်တာတွေရဲ့ အပ်ကုန်စနစ် (Consignment) ပါမစ်နဲ့ ပြည်ပနိုင်ငံတွေကနေ အပြီးသတ် တပ်ဆင်ပြီးတင်သွင်းတဲ့ CBU ပါမစ် လျှောက်ထားမှုတွေကိုလည်း စက်တင်ဘာ ၃၀ ရက် မနေ့ကအထိသာ ခွင့်ပြုထားပြီး အဲဒီပါမစ်နှစ်မျိုးစလုံးနဲ့ တင်သွားခွင့်ရမယ့် ကားတွေကိုလည်း အခွန်တွေ တက်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ပြည်ပကား တင်သွင်းခွင့်ပိတ်လိုက်တာကြောင့် ပြည်တွင်းကား အရောင်အဝယ်စျေးကွက်မှာ စျေးတွေတက်လာနိုင်တယ်လို့ ကားရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ဆိုပါတယ်။

တစ်ဘက်မှာလည်း မြန်မာကျပ်ငွေစျေး ကျဆင်းပြီး ဘဏ်လုပ်ငန်းတွေအပေါ် ပြည်သူတွေ မယုံကြည် တော့တာကြောင့် အမေရိကန်ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေနဲ့ ကားလုပ်ငန်းတွေဘက်မှာ အရောင်းအဝယ်တွေ ထိုးတက်ပြီး ဒေါ်လာစျေးနဲ့ ရေစျေးနှုန်းဟာ စံချိန်တင် မြင့်တက်နေတာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်းမှာပဲ ထုတ်လုပ်တပ်ဆင်တဲ့ SKD စနစ်နဲ့ တရုတ်ကားကုမ္ပဏီတွေအပြင် ဂျပန် ဆူဇူကီး (Suzuki) နဲ့ နီဆန်း (Nissan)၊ ကီုရီးယား ကီရာ (KIA) နဲ့ ဟွန်ဒိုင်း (Hyundai)၊ အမေရိကန် ကုမ္ပဏီ ဖို့စ် (Ford) စတဲ့ ပြည်ပနာမည်ကြီး ကားကုမ္ပဏီတွေက ကားထုတ်နေပါတယ်။

 

Reference: RFA News

437  Views
Previous: အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်အသေးစိတ် နှစ်ဘက်ညှိနှိုင်းနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း
Next: ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို