ဖုန်းဆင်းကဒ် တစ်ခုကို အခွန် ၂၀၀၀၀ ကျပ်ကောက်ဖို့ စစ်ကောင်စီကြေညာ

ဆက်သွယ်ရေးတယ်လီဖုန်း ဆင်းကဒ်တွေ စတင်အသုံးပြုချိန်ကစပြီး ကုန်သွယ်လုပ်ငန်းခွန်အဖြစ် တစ်ကတ်ကို ၂၀၀၀၀ ကျပ်ကောက်ခံမယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

 

 

 

အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေကနေရတဲ့ ဝင်ငွေအပေါ်မှာလည်း ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် တယ်လီဖုန်းဆင်းကဒ် စတင်အသုံးပြုမယ့်သူဟာ အရင်က တစ်ကတ်ကို ၁၅၀၀ ကျပ်သာ ပေးရတာကနေ အခုကုန်သွယ်လုပ်ငန်းခွန် ၂၀၀၀၀ ကျပ်ပါ ထပ်တိုးပေးရတော့မှာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အင်တာနက်ကို အလွန်အကျွံအလွဲသုံးမှုတွေကြောင့် ပြည်သူတွေရဲ့ အလုပ်အကိုင်တွေကို ထိခိုက်မှုတွေနဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကို လျှော့ချပေးနိုင်မယ်လို့ သူ့ရဲ့ ဥပဒေပြင်ဆင်ချက်မှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာနေထိုင်ပြီး အင်တာနက်နဲ့ အလုပ်လုပ်နေတဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီဟာ အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူတွေကို ထိန်းချုပ်ချင်လို့ တမင်ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ပြောပါတယ်။

“အင်တာနက်နဲ့ပဲ လူတိုင်းက အလုပ်အကိုင်တွေ လုပ်နေကြတာလေ၊ အင်တာနက်ကြောင့် ဘယ်သူ့မှ မထိခိုက်ဘူး၊ သူတို့ကိုပဲ ထိခိုက်လို့ အခုလိုလုပ်တာ၊ တစ်ကမ္ဘာလုံးက နည်းပညာတွေ ရှေ့ပြေးနေချိန်မှာ အခုလို ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်နဲ့ ထိန်းချုပ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ”

ပြီးခဲ့တဲ့လကလည်း အင်တာနက်အသုံးပြုခတွေကို နှစ်ဆတိုးမြှင့်ကောက်ခံဖို့ ဆက်သွယ်ရေးလုပ်ငန်းတွေ အားလုံးကို ညွန်ကြားခဲ့ပြီး လက်ရှိ အရင်ထက်နှစ်ဆဈေးနှုန်းနဲ့ အသုံးပြုနေကြရတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြန်ဆင်တဲ့ဥပေဒအဖြစ် ထုတ်ပြန်တာဖြစ်ပြီး ဒီဥပဒေဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်အထိ ၃ လနီးပါးပဲ အကျိုး သက်ရောက်စေရမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

432  Views
Previous: အချိန်မရွေး မီးပြတ်နိုင်ကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာန ကြေညာ
Next: ၂ဝ၂၂ နှစ်ကုန်အထိ အပစ်ခတ်ရပ်စဲဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေကို ကမ်းလှမ်း