ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ကို မူအားဖြင့် သဘောတူပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရကို မထိခိုက်ဖို့တော့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

Law

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၈၊ ၂၀၁၉

 

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရမယ့် အကြောင်းအရာတွေရှိနေပြီး ပြင်ဖို့ကို မူအားဖြင့် သဘောတူပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရကို မထိခိုက်ဖို့တော့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်း ရန်ကုန်ဌာနအကြီးအကဲနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။

ရန်ကုန်ဌာနခွဲ အကြီးအကဲ Mr.Ryuta SOMETAYA က ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုတင်မယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကြိုသိခဲ့လား၊ အခု လုပ်ဆောင်နေတာတွေကို သဘောတူလားလို့ မေးမြန်းခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က {သူတို့ကော်မတီ ဖွဲ့ပြီးတော့ ပြင်ဆင်ရေးဆောင်ရွက်တာ ကျနော်တို့ကြိုမသိဘူး။ သို့သော်လည်းပဲ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျနော် မကြာခဏပြောခဲ့တာတွေရှိတယ်။ ကျနော်တို့ အခြေခံ ဥပဒေတွေကတော့ တချို့ဟာတွေမှာလည်း ပြင်ဆင်သင့်တဲ့အချိန်ကျရင်လည်းပြင်ရလိမ့်မယ်။ ပြင်ဆင်ရမယ့် အကြောင်းအရာတွေလည်း ရှိပါတယ်} လို့ ပြောပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တောင်းဆိုတဲ့ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အချက်မျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေမှာ တချို့ဟာတွေ မပြင်လို့မရဘူးဆိုတာ တွေ့ရလို့ ပြင်ဖို့အတွက်ကတော့ မူအားဖြင့် သဘောတူတယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က {ကျနော်တို့မပြင်ဘူးဆိုတဲ့ စကားလုံးဝမပြောဘူး။ ပြင်ဖို့ လိုအပ်တယ်။ တချို့ဟာတွေပြင်ရပါမယ်။ ကျနော်တို့သဘောပေါက်တယ်။ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်မှာ ပြင်သင့်ပြင်ထိုက်တဲ့ အကြောင်းအရာတွေ ပြင်ဖို့၊ ပြင်တဲ့အခါမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးမှာတော့ အခြေခံဥပဒေရဲ့ အခန်း ၁၂ မှာ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ Process တွေ ပေးထားတာရှိပါတယ်။ သူ့ရဲ့ဥပမာပေါ့။ ပေးထားတာတွေအတိုင်းပဲ သွားရင်တော့ ပိုကောင်းမယ်လို့ ကျနော်တို့ ပြောပြတာတွေရှိတယ်။ ဒီတိုင်းပဲ လုပ်တာတော့ ပိုပြီးတော့လည်း ထိရောက်မယ်လို့ ကျနော်ယူဆပါတယ်။ ဒီမှာလည်း ဖြည့်ပြီးပြောချင်တာ။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ အထူးအစည်းအဝေးမှာ ကျနော်ပြောခဲ့တာတွေ ရှိတယ်။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ရွေးချယ်ရေးနဲ့ ပတ်သက်တာတွေ၊ ပြီးတော့ Governor အုပ်ချုပ်ရေးမှူးတွေခန့်ထားတဲ့ ဟာနဲ့ပတ်သက်ပြီးတော့ ကျနော်ပြောခဲ့တယ်။ ဒါ Constitution ပြင်ဖို့ဟာထဲမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ဆိုပြီးတော့ ကျနော်ပြောခဲ့တာတွေရှိတယ်} လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရ သက်တမ်းတုန်းကလည်း အခြေခံဥပဒေမှာ ပြင်ခဲ့တာတွေရှိပြီး ဒါနဲ့မှ မလုံလောက်ရင် ဆွေးနွေးဖို့လိုတယ်လို့လည်း ပြောပါတယ်။

{ဒါတွေကိုကြည့်မယ်ဆိုရင် တပ်မတော်အနေနဲ့ ပြင်ဆင်ရေးအပေါ်မှာလည်း ကျနော်တို့ ကောင်းတဲ့ဘက်က သွားတယ်ဆိုတာလေးတော့ သတိပြုနိုင်ပါတယ်။ ဒါမှ မလုံလောက်သေးဘူး ဆိုရင်လည်း ဆွေးနွေးပြီးတော့ ဒါတွေတော့ ဖြစ်စေချင်တယ်။ ဒါတွေတော့ ရစေချင်တယ် ဆိုလို့ရှိရင် ဒါ ကျနော်တို့ တိုင်းပြည်အတွက် ဖြစ်စေချင်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ပြင်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာတော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အနှစ်သာရကို မထိခိုက်ဖို့တော့ လိုပါတယ်} လို့ ပြောပါတယ်။

လွှတ်တော်တွေထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါနေတာနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေအရ၊ လုံခြုံရေးအခြေအနေ အရ တည်ငြိမ်အေးချမ်းဖို့ စိတ်မချရတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို  ဖွဲ့စည်းပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ဒီအဆိုကို လွှတ်တော်က အတည်ပြုထားတဲ့အတွက် ပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

 

 

 

 

897  Views
Previous: မစ္ဆားပူဇော်ခြင်းဝိနည်းအသစ်ကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှအပ တခြားသာနာများတွင် တွင်ကျယ်စွာအသုံးပြုနေကြပြီ
Next: ကက်သလစ်ရဟန်းအဖြစ်မှ အနားပေးခံရသော ဝန်ကြီးဟောင်းအား ရဟန်းအဖြစ်သို့ ရဟန်းမင်းကြီးက ပြန်လည်လက်ခံ