ဗဟိုဘဏ်က ငွေလွှဲကောင်တာများမှတဆင့် ဒေါ်လာ ထုတ်ရောင်းမည်

အမေရိကန်ဒေါ်လာဈေး ဆက်တိုက် မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်က ငွေလွှဲ ကောင်တာ (Money Changer) များမှ တဆင့် မေလ ၁၃ ရက် မှ စတင်ကာ ဒေါ်လာ ထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း ငွေလွှဲကောင်တာ လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

ငွေလွှဲကောင်တာများမှတဆင့် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တဒေါ်လာ ဈေးနှုန်းတခုသတ်မှတ်ပြီး လူတဦး (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တခုကို သတ်မှတ် ဒေါ်လာ အရေအတွက်အတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဝါးခယ်မငွေလွှဲကောင်တာလုပ်ငန်းမှ တာဝန်ရှိသူ ဒေါက်တာ စိုးထွန်းက ဧရာဝတီသို့ပြောသည်။

၎င်း “လူတွေက အရွက်( ဒေါ်လာ) ကိုဝယ်ပြီး စုနေကြတော့ ဗဟိုဘဏ်က အခု ဒေါ်လာထုတ်ရောင်းမယ်ဆိုတော့ ဘာပဲ ပြောပြော အထိုက်အလျောက်တော့ ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းသွားနိုင်မှာပေါ့” ဟု ပြောဆိုသည်။

ဗဟိုဘဏ်အနေဖြင့် ငွေလွှဲကောင်တာလုပ်ငန်း ၁၀ ခုခန့် ဖြင့် ဒေါ်လာထုတ်ရောင်းပေးသွားမည်ဖြစ်ပြီး ငွေလွှဲကောင်တာ လုပ်ငန်းတခုကို အမေရိကန်ဒေါ်လာ မည်မျှထုတ်ရောင်းပေးမည့် ဆိုသည့် အရေအတွက်ကိုမူ အတိအကျထုတ်ပြန်ခြင်း မရှိသေးကြောင်း ငွေလွှဲကောင်တာလုပ်ငန်း လုပ်ကိုင် သူများထံက သိရသည်။

သို့သော်လည်း ဗဟိုဘဏ်က ငွေလွှဲကောင်တာများမှတဆင့် ရောင်းချမည့် အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် တဒေါ်လာကို ကျပ် ၁၆၄၅ သတ်မှတ်ထားကြောင်း သိရသည်။

ဗဟိုဘဏ်သည် ယနေ့ ( မေလ ၁၂ရက်) တွင်လည်း အမေရိကန်ဒေါ်လာဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် တဒေါ်လာကို ကျပ် ၁၆၅၀ နှုန်းထားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်းကို ပြည်တွင်းပုဂ္ဂလိကဘဏ်များသို့ ထုတ်ရောင်းပေး ခဲ့သည်။

ဘဏ်များ၌ အပ်ငွေ အလွယ်တကူ ထုတ်ယူ၍ မရခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျနေခြင်းကြောင့် အမေရိကန်ဒေါ်လာနှင့် ရွှေဝယ်ယူစုဆောင်းသူများပြားလျက်ရှိပြီး အမေရိကန်ဒေါ်လာဈေးသည် လည်း တဒေါ်လာကို ကျပ် ၁၇၃၀ ဝန်းကျင် ဈေးမြင့်တက်လျက်ရှိသည်။

 

Credit to: ဧရာဝတီ

432  Views
Previous: လက်ရှိမြန့်မာ့ ဘဏ်လုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်နဲ့ တွေ့ဆုံမေးမြန်းချက်
Next: တက္ကသိုလ် ၁၅ ခုမှ ဝန်ထမ်း ၁၆၀၀ ကျော်ကို တာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီကြေညာ