ဗိုလ်ချုပ်ရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် စစ်ကောင်စီ စီစဉ်

အရပ်သားအစိုးရလက်ထက်တွင် အကယ်ဒမီလူမင်း တာဝန်ယူရိုက်ကူးနေသည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်အား အပြီးသတ် ထုတ်လုပ်ပြသနိုင်ရေး စစ်ကောင်စီက ပညာရှင်များကို မေလ ၁၆ ရက်၊ နေ့လယ် ၂ နာရီတွင် အစည်းအဝေး ခေါ်ယူခဲ့သည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးတွင် ပါဝင် သည့် သရုပ်ဆောင်ရွေးချယ်မှု ဒါရိုက်တာ ပန်းချီစိုးမိုးလည်း တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင်အား လက်စသတ်ရန်အ တွက် ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

ဒါရိုက်တာ ပန်းချီစိုးမိုးက “ကျနော်က နဂိုကတည်းက Casting Director ပါ။ ဒီလုပ်ငန်းကို စတင်လုပ်ခဲ့တဲ့ အချိန်က တည်းက ဒီလူတွေပဲ လုပ်တယ်။

ပြည်သူလူထုကလည်း ကြည့်ချင်ကြတယ်။ ရုံသမားတွေကလည်း ပြချင်ကြတယ်။ ဒီကား နဲ့စပြရင် လူတွေက စိတ်ဝင်စားမှာ။ ပရိသတ်ကလည်း ဒီကားကိုစောင့်နေတာ။ အဲဒီတော့ ဒါကို လက်စသတ်ဖို့အတွက် ပညာရှင်တွေပေါ့။ ကဏ္ဍအလိုက်ပညာရှင်တွေကို ဖိတ်တယ်” ဟု ပြောသည်။

အစည်းအဝေးတွင် ပညာရှင်များကို ကဏ္ဍအလိုက် ပြီးစီးအောင် ဆောင်ရွက်ရန် ညွှန်ကြားမှုရှိသော်လည်း ရုပ်ရှင်ပြသမည့် အချိန်နှင့် မည်သူက ထိုကဲ့သို့ ခိုင်းစေမှုများ ပြုလုပ်သည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ပြုလုပ်သည့် ယင်းအစည်းအဝေးတွင် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီး ဦးကိုကို၊ မြန်မာ့သမိုင်းပညာရှင် များ၊ ရုပ်ရှင်ဆိုင်ရာ အတတ်ပညာရှင်၊ အသိပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ တဦးဖြစ်သည့် ဂီတမှူးဓိရာမိုရ်အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မဖြေ ကြားလိုကြောင်း ပြန်လည်ပြောဆိုသည်။

ပန်းချီစိုးမိုးက “ဘာကြောင့်ဆက်လုပ်တာလဲ ဆိုတာကတော့ လူကြီးတွေမှ သိမှာပေါ့။ သူတို့လုပ်ရမယ့် ဝတ္တရားတွေ ရှိတာ ကို၊ လုပ်ရမယ့်အလုပ်တွေကို ပြီးပြတ်အောင်လုပ်တဲ့သဘောပါ။ တန်းလန်းထားခဲ့လို့ မရဘူး။ ပျက်စီးကုန်မယ်။ သူတို့လည်း နှမျောတာပေါ့။ ဒီတိုင်းကြီးထားမယ်ဆိုရင် ပျက်စီးသွားနိုင်တယ်လို့ မြင်တယ်လေ။ ဘာလို့ ဆက်လုပ်လဲဆိုတာကတော့ တာဝန်ရှိသူကို မေးမှရမယ်။ ကျနော်က ဖြေလို့မရဘူး” ဟု ပြောသည်။

ရိုက်ကူးမှုအပိုင်းတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ယမန်နှစ် ဒီဇင်ဘာလအတွင်းက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်ထားပြီး ပန်းချီစိုးမိုးကလည်း ထိုကဲ့သို့ပင် ထပ်မံ အတည်ပြုသည်။

စစ်ကောင်စီ၏ မီဒီယာများမှ ဖော်ပြချက်အရ ရိုက်ကူးရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်၍ ယခုအခါ တည်းဖြတ်မှု၊ ကွန်ပျူ တာနည်းပညာဖြင့် အထူးပြုလုပ်မှု၊ အသံအထူးပြုလုပ်မှု၊ အရောင်ချိန်ညှိမှု၊ တေးဂီတ တီးခတ်မှု စသည့် လုပ်ငန်းများ ဆက် လက်ဆောင်ရွက်ရန် ကျန်နေသေးသည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် နန့်ဇာခြည်လင်း (ဓာတ်ပုံ – ဧရာဝတီ)

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်အတွက် ဒါရိုက်တာ တာဝန်ယူထားသည့် အကယ်ဒမီလူမင်းကို စစ်ကောင်စီတပ်ဖွဲ့ က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်၊ ညပိုင်းတွင် ၎င်းနေထိုင်ရာနေအိမ်သို့ လာရောက် ဖမ်းဆီးသွားခဲ့သလို ဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်ခဲ့ကြသည့် အကယ်ဒမီဇင်ဝိုင်းနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ကိုလည်း စစ်ကောင်စီက ဖမ်း ဆီးထားသည်။

ထို့ပြင် စစ်ကောင်စီက ဗိုလ်အောင်ချုပ်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ၎င်းဖခင်၏ အတ္ထုပ္ဗတ္တိရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

ဒါရိုက်တာပန်းချီစိုးမိုးက “ဒါရိုက်တာရှိနေလည်း နည်းပညာက အိန္ဒိယ သွားလုပ်ရမှာ။ ရှိနေလည်း ဒါပဲလုပ်ရမှာ သူအကုန် ညွှန်ကြားပြီးသား။

ဒါရိုက်တာရှိမှတို့ မရှိမှတို့ ဒါရိုက်တာ သေသွားလည်း ကားထုတ်က ဖြစ်တာပဲ။ နည်းပညာရှင်တွေ အား လုံးကလည်း သူ့ကဏ္ဍနဲ့သူပဲ။ တည်းဖြတ်လုပ်တဲ့သူက တည်းဖြတ်လုပ်မှာပဲ။ ကာလာချိန်တဲ့သူကလည်း ချိန်မှာပဲ။ သမိုင်း ပညာရှင်ကလည်း သူ့ဟာနဲ့သူ လွဲမှားရင်ထောက်မယ် ဒါပဲ။ အဲဒါလေးကို ဝိုင်းဝန်းပြီးတော့ လုပ်ကြတဲ့အတွက် လုပ်တဲ့ သဘောပါပဲ” ဟု ပြောဆိုသည်။

ဒါရိုက်တာ ပန်းချီစိုးမိုး ပြောသကဲ့သို့ ပြည်သူလူထုကလည်း ကြည့်ချင်သည်၊ ရုံသမားများကလည်း ပြချင်သည်၊ ပရိတ်သတ် ကလည်း ဒီကားကို စောင့်နေသည်ဆိုသည့် အခြေအနေမှာ စစ်တပ်မှ အာဏာမသိမ်းခင်ကသာ ဖြစ်ကြောင်း၊ ယခုကာလ တွင် စစ်တပ်၏ လုပ်ရပ်များကို လူအများက အော့နှလုံးနာနေချိန်ဖြစ်ပြီး အနုပညာရှင်အများစုကိုလည်း ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်ထားရာ လူထုမှာ စစ်တပ်အပါအဝင် သူတို့နှင့် ပတ်သက်သူများကို လူမှုရေးပြစ်ဒဏ်များ ချထားသဖြင့် လာရောက်ကြည့်မည် မထင်ကြောင်း အမည်မဖော်လိုသည့် အနုပညာရှင်ကြီးတဦးက သုံးသပ်ပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးနိုင်ရေး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၅ နှစ်အကြာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရုပ်ရှင် ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးရေး ကော်မတီကို ၂၀၁၇ နိုဝင်ဘာလတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂၀၁၈ အောက်တိုဘာလတွင် အကယ်ဒမီလူမင်းအား အဆိုပါ ရုပ်ရှင်ရိုက်ကူးရန်အတွက် ဒါရိုက်တာအဖြစ် တာဝန်ပေးခဲ့ ပြီးနောက် ၂၀၁၉ စက်တင်ဘာ ၃၀ ရက်နေ့တွင် ရိုက်ကူးရေး စတင်ခဲ့ခြင်း ဖြစ်သည်။

356  Views
Previous: အမေရိကန်က ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း သန်း ၈၀ ပြည်ပကို ဖြန့်ဝေမည်
Next: Fr. Columban Lar Di, a priest from the diocese of Banmaw was released by the army