ဗီယက်နမ်နိုင်ငံတွင် အမြဲတမ်းနေထိုင်သော ဗာတီကန်နိုင်ငံကိုယ်စားလှယ်ထားရှိရန် ဗီယက်နမ်နှင့်ဗာတီကန်နိုင်ငံတို့အကြား သဘောတူလိုက်ပြီ


ဗာတီကန်၊ သြဂုတ်လ ၂၃၊ ၂၀၁၉ CNA

ဗီယက်နမ်နိုင်ငံတွင် အမြဲတမ်းနေထိုင်သော ဗာတီကန်နိုင်ငံကိုယ်စားလှယ်ထားရှိရန် ဗီယက်နမ်နှင့် ဗာတီကန်နိုင်ငံတို့အကြား သြဂုတ်လ (၂၃) ရက်နေ့က သဘောတူလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ၎င်းသဘောတူညီချက်အရ၊ ဗီယက်နမ်နိုင်ငံတွင် အမြဲတမ်းနေထိုင်သော ဗာတီကန်နိုင်ငံကိုယ်စားလှယ်သည် သံအမတ်ကြီးအဆင့်ထက် တဆင့်နိမ့်သောရာထူး ဖြစ်သည်ဟု သိရှိရသည်။
ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဦးဆောင်သော ဗာတီကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်တရားဝင် သံတမန်ဆက်ဆံရေးကို ထူထောင်ရန်အတွက် ဆွေးနွေးလာခဲ့ကြသည်မှာ ၂၀၀၉ ခုနှစ်မှစတင်ခဲ့ပြီး (၈) ကြိမ်ကျော်လာပြီ ဖြစ်သည်။ ဤကဲ့သို့ဆွေးနွေးခြင်းကို ဗာတီကန်နိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့တွင် တစ်လှည့်စီ ဆွေးနွေးလျက် ရှိကြသည်။
ယခုရရှိသော ဆုံးဖြတ်ချက်ကိုမူ နှစ်နိုင်ငံကိုယ်စားလှယ်များက ဗာတီကန်နိုင်ငံတွင် ဆွေးနွေးခြင်းမှ ရရှိလာခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစတင်ပြီး ၎င်းနှစ်နိုင်ငံ၏ ရှေ့ဦးသဘောတူညီချက်အရ၊ ဗီယက်နမ်နိုင်ငံတွင် အခြေမစိုက်သော ဗာတီကန်ကိုယ်စားလှယ်ကို ခန့်အပ်ထားရှိခြင်းကို ဗီယက်နမ်နိုင်ငံက စတင်သဘောတူခဲ့သည်။ ၎င်းသဘောတူညီချက်အရ၊ စင်ကပူနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ဗာတီကန်နိုင်ငံ၏သံအမတ်အား ဗီယက်နမ်နိုင်ငံတွင် အခြေမစိုက်သော ဗာတီကန်ကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်သည်။
ဗီယက်နမ်နိုင်ငံနှင့်ဗာတီကန်နိုင်ငံတို့၏ အဓိက ပြဿနာမှာ ““လူ့အခွင့်အရေးကိုလေးစားခြင်း၊ လွတ်လပ် စွာကိုးကွယ်ခွင့်နှင့်ဘာသာရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိခြင်း”” တို့အပေါ် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်အစိုးရက ဗာတီကန်နိုင်ငံအား အာမခံချက် မပေးလိုခြင်း ဖြစ်ပေသည်။
ဗီယက်နမ်နိုင်ငံ၏ လူဦးရေသည် (၉၇) သန်းရှိပြီး လူဦးရေအများစုသည် ရိုးရာဘာသာကို ကိုးစားကြပြီး ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် ဗီယက်နမ်နိုင်ငံ၏ လူဦးရေစုစုပေါင်း၏ (၇%) ရှိသည်ဟု သိရှိရသည်။

694  Views
Previous: မန်္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော်အသစ် မာကုတင်ဝင်းအား ဂိုဏ်းချုပ်ဆရာတော်ကြီးလည်ဆွဲအပ်နှင်းခြင်း
Next: ဆရာတော်ရဟန်းတော်တွေဟာ ဆုတောင်းတရားဟောရုံနဲ့ မရဘူး၊ ကိုယ့်သာသနာကို စနစ်တကျတည်ဆောက်ဖို့လည်း လိုအပ်တယ်