မင်္ဂလာဆီများကို ကောင်းချီးပေးခြင်း အခမ်းအနားနှင့် ကတိသစ္စာများပြန်လည်ပြုလုပ်ခြင်း။

(၁၂.၄.၂၀၂၂) ရက်နေ့ ၊ နံနက် (၆း၃၀) နာရီက မင်္ဂလာဆီများကိုကောင်းချီးပေးခြင်း အခမ်းအနားနှင့် ကတိ သစ္စာများပြန်လည်ပြုလုပ်ခြင်း မစ္ဆားတရားကို မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာ တော် ကြီးမာကုတင်ဝင်းဦးဆောင်၍ ရွှေနှလုံးတော် ကက်သီဒြယ်ဘုရားကျောင်းတော်ကြီးတွင် ကျင်းပ ပူဇော် ခဲ့ပါသည်။
မင်္ဂလာဆီကောင်းချီးပေးခြင်းအခမ်းအနား၌ ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ ဩဝါဒ တရား ရေအေး တိုက်ကျွေးရာ၌
“ ကျွန်ုပ်တို့ မန္တလေးကက်သလစ် သာသနာမှ ရဟန်းဘုန်းတော်ကြီးများနဲ့ သူတို့ရဲ့ သာသနာပြုနေခြင်း အားဖြင့် ဘုရားအား ကျေးဇူးဆပ်တင်ကြဖို့ ၊ ကျွန်ုပ်စက္ကရမင်တူးများမှာ အသုံးပြုကြမယ့် ဆီများကို ယနေ့ ဖန်ဆင်းပြီး ကောင်းချီးပေးဖို့ ကျွန်ုပ်တို့ကို ပေးသနားတဲ့အတွက် ဘုရားကို ကျေးဇူး ဆပ်တင်ကြပါစို့။ ဒီနေ့မှာကျွန်ုပ်တို့ ဆေးကြောခြင်း စက္ကရမင်တူးမှာ ဘိတ်သိတ်ပေးလိမ်းကြံမယ့် ဆေးကြောခြင်းခံယူမယ့်သားသမီးများကို လိမ်းကြံပေးမယ့်ဆီ၊ ဖျားနာတဲ့သူများကို ရောဂါ ပျောက်ကင်း စေဖို့ အပြစ်ခွင့်လွှတ်ဖို့ လိမ်းကြံပေးမယ့်ဆီ ၊ ခရစ္စမားအားပေးခြင်း စက္ကရမင်တူးမှာ ဘိသိက်ပေး လိမ်းကျံမယ့် ၊ ဘုန်းတော်ကြီးများ သိက္ခာခံယူတဲ့ အခါမှာ သူတို့ရဲ့ လက်ဝါးများကို ဆီနဲ့ လိမ်းကျံတယ် ဒီဆီ ပါပဲ။ ဆရာတော်သိက္ခာပေးတဲ့အခါမှာ ဆရာတော်ရဲ့ ခေါင်းကို လိမ်းကျံပြီး ဒီနေ့ ကျမ်းစာထဲမှာ ဖတ်ရသလို ဒါဝိတ်မင်းကြီးကို ဆီလိမ်းကျံ သလို သခင်ခရစ်တော်ဘုရားကို ဝိညာဉ်တော် ဘုရားနှင့် လိမ်းကျံ ပြီး ဘိသိက်ပေးသလို ကျွန်ုပ်တို့ကို ပေးမယ့် ဒီဆီသုံးမျိုးကို ကောင်းချီး ပေးခြင်း ဖြစ်ပါတယ်။
ဘာသာဝင်တို့ ဆေးကြောခြင်းစက္ကရမင်တူးကို ခံယူပြီး ကျွန်ုပ်တို့ အပေါ်မှာ လိမ်းကျံပေးတဲ့ ဆီကတော့ ကျွန်ုပ်တို့ထံမှာ စွဲကပ်နေတဲ့ နတ်ဆိုးနဲ့ မကောင်းတဲ့ ဒုစရိုက်တွေကို မောင်းထုတ် အပြစ်ခွင့်လွှတ်ဖို့ ၊ ဒီ့ပြင်ရေနဲ့လောင်းပြီး သခင်ခရစ်တော်ဘုရားရဲ့ ရေနဲ့ နှစ်ပြီးလောင်းချပြီး ၊ သခင်ခရစ်တော်ဘုရားရဲ့ သေခြင်းမှာ ငါသေခဲ့ပြီ ။ သခင်ခရစ်တော်ဘုရားရဲ့ မြုပ်နှံသင်္ဂြိုလ်ခြင်းကို ရေထဲမှာ မြုပ်နှံခဲ့ပြီ ။ ဘဝသစ် နဲ့ ဘုရားသားသမီးအဖြစ်နဲ့ ငါရှင်ပြီလို့ သခင်ခရစ်တော်ဘုရားရဲ့ ရှင်ပြန်ထမြောက်ခြင်း မှာ ပါဝင်ကြ တယ်ဆိုတာကို ဒီနေ့သတိရပြီး ကိုယ်တိုင်ခံယူခဲ့ကြတဲ့ ဒီလောက်မြင့်မြတ်လှတဲ့ ဆေးကြောခြင်း စက္ကရ မင်တူးကို ပြန်သတိရရအောင်။
ရှင်ပေါလူးက ရောမမြို့သားတွေထံ ရေးတဲ့ ဆုံးမစာ (၈း၁၅) မှာ ငါတို့သည် ဘုရားသခင်၏ သားသမီး များ ဖြစ်လာကြ၏။ဘုရားကို အဘ ‘’ Father “ လို့ ခေါ်နိုင်ကြပြီ။ ငါတို့သည် ဘုရားသားသမီးများ ဖြစ်ကြလျှင် ဘုရားရဲ့ အမွေစား အမွေခံ သားများ ၊ သမီးများ ဖြစ်ကြတယ်။ ဒီနေ့ ဒီဆီတွေကို ကောင်းချီး ပေးတဲ့အခါမှာ ဘယ်စာအုပ် ၊ ဘယ်ပေလွှာမှာမှ မိမိကိုးကွယ်တဲ့ ဘုရားကို “အဘ” ‘’ Father “ လို့ ခေါ်နိုင်တဲ့ တရားမျိုး ၊စကားမျိုး ၊ မဖတ်ဖူးပါဘူး။ ကျွန်ုပ်တို့ရဲ့ မြင့်မြတ်လှတဲ့ ယုံကြည်ခြင်း ၊ ဘုရားရဲ့သားသမီးဖြစ်လာခြင်းကို ဒီနေ့ မြတ်နိုးစွာြဖင့် ဟာ ငါ့ဘဝ ဘုရားသားသမီးဖြစ်တယ်။ ဘုရားရဲ့ အမွေခံ ၊ အမွေစား သားတွေ ၊ သမီးတွေ သခင်ခရစ်တော်ဘုရားနဲ့ အတူ ရှင်ပြန်ထမြောက်ခြင်း ဘုန်းတော်ဂုဏ်တော် ထာဝရသုခကို ရရမှာပါလားလို့၊ သတိပြန်ရကြရအောင်။
သံလွင်ဆီကို သစ်ဆီမွှေးနဲ့ရောပြီး မွှေးကြိုင်တဲ့အနံ့ထွက်စေပြီး ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူတဲ့အခါမှာ ကျွန်ုပ်တို့တတွေကို လိမ်းကျံပြီး သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအားဖြင့် ဆေးကြော ခြင်း ခံယူစဉ်က ရရှိတဲ့ ဘုရားသားသမီးတွေ ပြည့်ပြည့်ဝဝနဲ့ ပြောင်းလဲလာတယ်။ အသက်တာ တွေ ပြောင်းလဲလာတဲ့ သားတွေ၊ သမီးတွေဖြစ်ဖို့အတွက် ခရစ္စမားဆီကို ကောင်းချီးပေးတယ်။ ဘုန်းကြီး တွေ လက်တင်ဆရာတော်လောင်းဘုန်းတော်ကြီးခေါင်းပေါ်ဆီနဲ့လိမ်းကျံပြီးဘိသိက်ပေးတယ်။ဘယ်လောက်မြင့်မြတ်သလဲ ။ ကျွန်ုပ်တို့ပြန်သတိရကြရအောင်။
ကျွန်ုပ်တို့ကတော့ ပရိတ်တော်ဆီလို့ခေါ်ကြတယ်။ တကယ်တော့ ဖျားနာတဲ့သူများကို လိမ်းကျံပေး တဲ့ဆီပါဘဲ။ ဘာသာဝင်တွေ စိတ်ထင်က နောက်ဆုံးအသက်ထွက်မှ ဆီလေးလိမ်းလိုက်မယ်လို့ အောက် မေ့ကြတယ်။ မဟုတ်ဘူး တကယ်တော့ သခင်ခရစ်တော်ဘုရားရှင်က သွားကြ၍ တရားကိုဟောကြ နတ်ဆိုးတွေကို နှင်ထုတ်ကြ။ ဖျားနာတဲ့သူများကို ဆီနဲ့လိမ်းပြီး ချမ်းသာပေးကြ ၊ ကုသကြလို့ မှာခဲ့ တာဖြစ်ပါတယ်။“ ဟုဆိုကာ မင်္ဂလာဆီများကို ကောင်းချီးပေးရခြင်းနှင့်ပတ်သက်ပြီး မြွတ်ကြား တော်မူခဲ့ပါသည်။
နှစ်စဉ်ပုံမှန်အားဖြင့် သာသနာတစ်ခုလုံးရှိကျောင်းထိုင်ဘုန်းတော်ကြီးများအားလုံး ပါဝင်တက်ရောက် လေ့ရှိသော်လည်း ယခုအခါ အခြေအနေအရပ်ရပ်ကြောင့် မန္တလေးဇုံအတွင်းရှိ သာသနာအုပ်စုများမှ ကျောင်းထိုင်ရဟန်းတော်များသာ ပါဝင်တက်ရောက်နိုင်ခဲ့ကြပြီး ကတိသစ္စာများကို ပြန်လည် ပြုလုပ် ခဲ့ကြပါသည်။
Source: Pinky
289  Views
Previous: ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဝန်ကြီးတချို့ စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုချက်ကို တရားလွှတ်တော်ချုပ်က ပယ်ချ
Next: ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းက ဘုန်းတော်ကြီး အဖမ်းခံထားရ