မြစ်ဆုံနောက်ကွယ်က နာမည်ကြီးစတန့်ထွင်မှုများကို ရပ်ပါ

(၂၀၁၉ ခုနှစ်၊ မေလ ထုတ် ဂလိုရိယာသတင်းဂျာနယ်၏ အယ်ဒီတာ့အာဘော်)

မြစ်ဆုံနောက်ကွယ်က နာမည်ကြီးစတန့်ထွင်မှုများကို ရပ်ပါ

———————————————————————————–

စစ်အစိုးရလက်ထက်က တရုတ်အစိုးရနှင့် တရားဝင် ချုပ်ဆိုထားသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် ဆည်တည်ဆောက်ခြင်းကို သမ်္မတဟောင်းဦးသိန်းစိန်က ရပ်ဆိုင်းလိုက်သည်ဟု ကြေညာခဲ့သည်။ ထိုသို့ကြေညာခဲ့သော်လည်း ၎င်းစီမံကိန်းစာချုပ်ထဲတွင်ပါဝင်သော နှစ်ဖက်အစိုးရများ၏တာဝန်များ၊ အကျိုးအမြတ် ခွဲဝေခြင်း၊ ဆည်၏အရည်အသွေးစသော အချက်အလက်များကို ပြည်သူလူထုက သိရှိလိုခြင်းကြောင့် စတင်ဆန်္ဒပြ ကြရာမှ ယခုကဲ့သို့ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ဤမပွင့်လင်းမမြင်သာသော အစိုးရဟောင်းများ၏ လုပ်ရပ်ကြောင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်လည်း ပြည်သူလူထုအများစု၏ မုန်းတီးမှုကို ဆက်လက်ခံစားနေရ သည်ဟု သုံးသပ်မိပါသည်။


ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ၌၊ မိမိတို့၏ အနိုင်ရလျှင် ၎င်းစီမံကိန်းကို ပြည်သူလူထုအား ချပြပေးမည်ဟု မုသားမပါ၊ အလင်္ကာမချောသော ကတိကို ပေးခဲ့လေသည်။ သို့သော် သူမ၏ NLD ပါတီက ရွေးကောက်ပွဲအနိုင်ရပြီး၊ ၂၀၁၅ ခုနှစ်မှစတင်ပြီး အစိုးရကိုအာဏာရလာသောအခါ စစ်အစိုးရလက်ထက်က တရုတ်အစိုးရနှင့် တရားဝင် ချုပ်ဆိုထားသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၏ အနှစ်သာရ (စာချုပ်ပါအချက်အလက်များ) ကို ပြည်သူလူထုအား တရားဝင်ချပြခြင်း မပြုဘဲ နှုတ်ဆက်ငြိမ်နေ လေသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလထဲတွင်လည်း ““ဧရာဝတီကို ပြန်ရွေးမယ်”” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပွဲများ ပြုလုပ်ကြပြီး ပြည်သူတစ်ဦးလျှင် (၁ ဒေါ်လာ) ဖြင့် (၁၅) ကြိမ်လှူဒါန်းခြင်း၊ တခြားနိုင်ငံအား အကူအညီတောင်း ခံခြင်း၊ မကျသောမျက်ရည်များဖြင့် တောင်းပန်လိုခြင်းစသော စတန့်ထွင်မှုများသည် တဖန်ဖန်တီးလာ ကြလေသည်။ မည်သည့်ပြည်သူကမျှ ထိုစတန့်ထွင်သူများအား ပြည်သူ့ကိုယ်စားလှယ်အဖြစ် မရွေးချယ်ကြပေ။ ထို့အပြင် ၎င်းစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သူများကို ပြစ်တင်ခြင်းထက် ပြည်သူက ရွေးကောက်တင် မြှောက်ထားသောအစိုးရကို ဝေဖန်နေခြင်းသည်လည်း အကျိုးရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်၊ ပြည်သူက ရွေးကောက်တင်မြှောက်ထားသော အစိုးရက ၎င်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည့် အစား၊ စီမံကိန်းနေရာကို ရွှေ့ပြောင်းခြင်းနှင့်အရွယ်အစား လျှော့ချခြင်းတို့ဖက်ကို စဉ်းစားနေကြောင်းဖြင့် တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

 

သို့သော် ပြည်သူအများစုက ၎င်းစတန့်ထွင်ခြင်းကို နာမည်ကြီးရန် ဖန်တီးခြင်းဟု ရှုတ်ချကြသကဲ့သို့ ၎င်းစတန့်ထွင်သူများအနေဖြင့် ပြောရလွယ်သလောက်၊ လုပ်ရလွယ်သော မိမိ၏အဖွဲ့အစည်းအတွင်း ယိုယွင်း ပျက်စီးနေခြင်းကို ဦးစွာ ဖြေရှင်းကြသင့်သည်ဟု မီးမောင်းထိုးပြလာကြလေသည်။

 

ကျွန်ုပ်၏အမြင်ကို တင်ပြရသော်၊ ဧရာဝတီမြစ်ပေါ်ရှိ မည်သည့်စီမံကိန်းမဆို၊ သဘာဝန်ပတ်ဝန်းကျင် နှင့်လူမှုစီးပွားရေးဆိုင်ရာ သုတေသနများကို သေချာပြုလုပ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ အရွယ်အစား လျှော့ချခြင်း၊ ပြည်သူလူထုအား သေချာချပြခြင်း၊ နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသောလုပ်ထုံးလုပ်နည်းနှင့်အရည်အသွေးကို အသုံးချပြီး တည်ဆောက်ကြမည် ဆိုလျှင် ထောက်ခံပါသည်။ အယ်ဒီတာချုပ်

1243  Views
Previous: ၂၀၁၉ ခုနှစ် ဝါတွင်း ကာလအတွက် ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား
Next: မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် CBCM ၏၂၀၁၉-ခုနှစ်၊ ပထမ (၆) လပတ် မျက်နှာစုံညီ အစည်းအဝေးဆုံးဖြတ်ချက်များ