မြန်မာကိုယ်စားလှယ်မပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာကိုယ်စားလှယ်တစ်ဦးမှမပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ထိပ်သီးအစည်းအဝေးကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ဒီနေ့စတင် ကျင်းပနေပါတယ်။ အာဆီယံအဖွဲ့ရဲ့ သမိုင်းမှာလည်း အခုလို အဖွဲ့ဝင်နိုင်ငံတစ်ခုကို ချန်လှပ်ပြီး ထိပ်သီး အစည်းအဝေးကျင်းပတာက ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံက အစိုးရထိပ်တန်းအရာရှိဟောင်းတစ်ဦးကတော့ မြန်မာပြည်ရဲ့ အခြေအနေဟာ နောက်ပြန် လှည့်သွားတဲ့အတွက် အာဆီယံက ဒီနည်းလမ်းကို မဖြစ်မနေရွေးချယ်ခဲ့ရတာလို့ ပြောဆိုလိုက်ပါတယ်။

ဒီနေ့စတင်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း ပါဝင်မှာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာကို အာဆီယံ အစည်းအဝေးကို တက်ရောက်ခွင့် မပြုဖို့ သဘောထားရှိတဲ့အထဲမှာ ကုလသမဂ္ဂနဲ့ အမေရိကန်လို နိုင်ငံတွေသာမက မြန်မာကို အမြဲတမ်း ကာကွယ်ပေးခဲ့တဲ့ တရုတ် နိုင်ငံကပါ ဒီတစ်ခေါက် မှာတော့ မြန်မာ စစ်ကောင်စီဘက်က မရပ်ဘဲ အာဆီယံနဲ့အတူ ရပ်တည်ပေးခဲ့ကြတာပါ။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြန်မာပြည် အခြေအနေတွေက နောက်ကြောင်းပြန်လည့်သွားတဲ့ အတွက် အာဆီယံ အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ တစ်ခုခု လုပ်ပြရမယ့် အခြေအနေမျိုးအထိ ဆိုက်သွား ခဲ့ရတယ်လို့ အာဆီယံ – မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်ပါဝင်ခဲ့ဖူးတဲ့ လုံခြုံရေးအရ အမည် မဖော်လိုသူ မြန်မာ အစိုးရ ထိပ်တန်းအရာရှိဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။

“အာဆီယံဘက်မှာလည်း သူက ရွေးချယ်စရာ လမ်းမရှိတော့ဘူးလေ။ လုပ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို ၉၇ ခုနှစ်တုန်းက လက်ခံတုန်းက ဒီလို အာဆီယံ Member နဲ့ လုပ်မယ်။ ပြီးတော့တဖြည်းဖြည်း ထိန်းခေါ်တဲ့အတွက်ကြောင့်မိုလို့ မြန်မာနိုင်ငံက တိုးတက်လာမယ်လို့ အနောက်နိုင်ငံတွေကို အမြဲတမ်း ပြောခဲ့တာကိုး။ အဲလို ပြောခဲ့တဲ့အတိုင်း တကယ်ဖြစ်ခဲ့တာပေါ့နော်”

မွတ်စလင် သုံးနိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က အထူးကိုယ်စားလှယ်ကို မြန်မာဘက်က အဆိုပြုတဲ့ ထိုင်းနိုင်ငံအစား ဘရူနိုင်းကို ခန့်အပ်လိုက်တာဟာ နောက်ပိုင်းမှာ မြန်မာ့ပြည်တွင်းရေးကို ဒီထက်ပိုပြီး ဝင်ရောက်စွက်ဖက်ဖို့ စီစဉ်တာလို့ စစ်တပ်ဘက်က သံသယ ရှိခဲ့ကြောင်း သူက ပြောပါတယ်။

၂၀၁၃ – ၁၄ ခုနှစ်တွေမှာ မြန်မာပြည်မှာ ရိုဟင်ဂျာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ခဲ့တုန်းကလည်း အင်ဒိုးနီးရှား နိုင်ငံဟာ အာဆီယံလမ်းကြောင်းကနေတဆင့် ရခိုင်ပြည်နယ်အရေးကို ဝင်စွက်ဖက်ချင်ခဲ့တယ်လို့ မြန်မာ ဘက်က သံသယရှိခဲ့ပြီး အခုတစ်ခါမှာလည်း နောက်ပိုင်းမှာ အာဆီယံ ကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို တဖြည်းဖြည်း ချဲ့ထွင်ပြီးတော့ ရခိုင်အရေးကိုပါ ဆွဲသွင်းလာလိမ့်မယ်လို့ စစ်တပ်ဘက်ကသံသယ ရှိနေတယ်လို့လည်း ဆိုပါတယ်။

တကောင်း နိုင်ငံရေး လေ့လာမှုအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုရဲမျိုးဟိန်းက အာဆီယံ နိုင်ငံတွေက အဖွဲ့ဝင် နိုင်ငံတစ်ခုကို အခုလို ကိုယ်စားပြုခွင့် ကန့်သတ်လိုက်တာဟာ အာဆီယံလို အဖွဲ့အစည်းအတွက် အလွန်ကြီး မားတဲ့ ဆုံးဖြတ်ချက်နဲ့ အပြင်းထန်‌ဆုံး အရေးယူမှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

“အခု စကစကတော့ ကိုယ်စားပြုခွင့်ကိုပါ ဆုံးရှုံးထားရတဲ့ အနေအထားဆိုတော့ တော်တော်လေးကို ပြင်းထန်တဲ့ အရေးယူမှုလို့ ပြောလို့ရသလို စကစရဲ့ နိုင်ငံတကာ စာမျက်နှာမှာ ကျရှုံးမှုလို့လည်း ပြောလို့ ရပါတယ်။ ဒီအခြေအနေကို ပြောင်းဖို့ဆိုရင် အာဆီယံမှာ သဘောတူထားတဲ့ သဘောတူညီချက် ၅ ချက်ကို တကယ့်ကို သေသေချာချာနဲ့ တကယ့်ကို စိတ်ရင်းအမှန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ တကယ်လို့ အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် လက်ရှိ အခြေအနေကို ပြောင်းနိုင်မယ့် အနေအထား မရှိဘူးလို့ မြင်ပါတယ်”

အာဆီယံနိုင်ငံတွေထဲက နောက်ထပ် အလှည့်ကျလာမယ့် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်လာ ချိန်မှာ စစ်ကောင်စီအတွက် အသက်ရှူချောင်နိုင်ပေမယ့် အာဆီယံ သဘောတူညီချက် ၅ ချက်ကို မြန်မာက ဆက်ပြီးအကောင်အထည် မဖော်ဘူးဆိုရင်တော့ မြန်မာအနေနဲ့ အခက်အခဲတွေ ဆက်ကြုံရနိုင်တယ်လို့ ကိုရဲမျိုးဟိန်းက သုံးသပ်ပါတယ်။

လက်ရှိ အနေအထားအရတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေမှာ စစ်ကောင်စီနဲ့ နီးစပ်မှုရှိတဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေထဲမှာ ထိုင်းနဲ့ ဗီယက်နမ်က စစ်ကောင်စီကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးလုပ်ဖို့ ဖိအားပေးတာမျိုး မလုပ်သေးဘူးလို့ အာဆီယံအရေး လေ့လာသူတွေက ဆိုပါတယ်။

“ စကစရဲ့ နိုင်ငံတကာ စာမျက်နှာမှာ ကျရှုံးမှုလို့လည်း ပြောလို့ရပါတယ်။

အာဆီယံအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာက အာဆီယံခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးမှာ မြန်မာ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် မပြုနိုင်တာဟာ အာဆီယံရဲ့ ပြတ်သားတဲ့ သဘောထားဖြစ်ပြီး မြန်မာကို အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ ယာယီရပ်ဆိုင်းဖို့ ကိစ္စကတော့ အာဆီယံ ပဋိညာဉ်စာတမ်းမှာ ပြဋ္ဌာန်း ထားတာမရှိဘူးလို့ ပြောပါတယ်။

“အာဆီယံရဲ့လုပ်ထုံးလုပ်နည်း ပဋိညာဉ်စာတမ်းမှာ ဒီလိုရှိရင် ဒီနိုင်ငံကို ဆိုင်းငံ့ရမယ့် ရပ်ဆိုင်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးတွေ မရှိပါဘူး။ အာဆီယံအနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံအပေါ်မှာ အခုလို ထိပ်သီးညီလာ ခံမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ဦးအနေနဲ့ တက်ရောက်တဲ့ ပြယုဂ်မျိုးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများက မသက်မသာရှိနေတယ်ဆိုတဲ့ အနေအထားက ပေါ်လွင်စေ ပါတယ်။ အခုလိုမျိုး ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်က လက်ရှိအနေအထားပေါ်မှာ အာဆီယံအနေနဲ့ အပြတ် သားဆုံးပြနိုင်တဲ့ အနေအထားသဘောထားတစ်ရပ်လို့ပဲ သုံးသပ်ပါတယ်”

လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမယ့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့လည်း ဂျာကာတာ ထိပ်သီးအစည်းအဝေးက ရရှိခဲ့တဲ့ မြန်မာအရေး ဘုံသဘောတူညီချက်အပေါ်မှာပဲ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော်သွားမယ့် သဘောရှိတယ်လို့ ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ခိုင်မာတောင့်တင်းတဲ့ မိတ်ဆွေနိုင်ငံတွေ ရှိပြီးသားဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အတတ်နိုင်ဆုံး ပြည်တွင်းရေး အခြေအနေပေါ်မှာ မူတည်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်။ ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံအချင်းချင်းအပေါ်မှာ တန်းတူရည်တူ မဆက်ဆံတာမျိုးတို့ နိုင်ငံအချင်းချင်း အပေါ်မှာ မိမိရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ပြီးတော့ ဖိအားပေးတာမျိုးကတော့ လက်ခံနိုင်စရာအကြောင်း မရှိပါဘူး”

asean-meeting.jpg
(အာဆီယံနဲ့ တောင်ကိုရီယားနိုင်ငံတို့  ၂၀၂၁ အောက်တိုဘာ ၂၆ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ အစည်းအဝေးကျင်းပစဥ်) Photo: AFP

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အာဆီယံအနေနဲ့ တကယ်တမ်း ပြုပြင်ပြောင်းလဲချင်ရင် မြန်မာစစ်ကောင်စီကို ဒီထက်ပိုမိုပြီးတော့ ဖိအားပေးနိုင်တဲ့ အမှန်တကယ် ပြောင်းလဲမှုကို ဖော်ဆောင်နိုင်တဲ့ မူဝါဒကို ပြောင်းရမှာဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အာဆီယံအကြောင်းပြောရင် တရုတ်ရဲ့ အခန်းကဏ္ဍကလည်း ဖယ်ရှားလို့ မရပါဘူး။ အာဆီယံမှာ တရုတ်ရဲ့ သဘောထားကလည်း မကန့်ကွက်ဘူးဆိုတဲ့ အခြေအနေမျိုး ရှိတဲ့အတွက် နောက် ထပ် ပိုမို ပြင်းထန်တဲ့ ဖိအားတွေတော့ ထပ်လာနိုင်မယ်။ အဲဒီတော့ အခုချိန်အထိ ထိပ်သီးညီလာခံကို မဖိတ်ကြားတဲ့ နေရာကနေ နောက်ဆုံး ဒါမျိုး ဆက်လက် ပူးပေါင်းဆောင်ရွက်မှု ရှိတဲ့အတွက် မြန်မာ နိုင်ငံကို အာဆီယံရဲ့ အဖွဲ့ဝင်အဖြစ် ယာယီ ဆိုင်းငံ့ထားတဲ့ ပုံစံမျိုးဖြစ်အောင် တောင်းဆိုမှုတွေလည်း ရှိလာတယ်။ ဆွေးနွေးမှုတွေလည်း ရှိလာတယ်။ အဲဒီလမ်းကြောင်းအတိုင်း သွားဖို့ အလားအလာများ နေတာကို တွေ့ရပါတယ်ဗျ”

အာဆီယံ ထိပ်သီးအစည်းအဝေးကို ဒီနေ့ အောက်တိုဘာလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ဗီဒီယို အွန်လိုင်းစနစ်နဲ့ သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် မဖော်နိုင်တာ၊ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့်ဆိုပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာပါ။

အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြားခဲ့ပေမယ့် နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ဝန်ကြီးကို ဖိတ်တာမဟုတ်တဲ့အတွက် လက်ခံမှာမဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာလ ၂၅ ရက် မနေ့ညပိုင်းက တုံ့ပြန်ကြေညာခဲ့ပါတယ်။

409  Views
Previous: VATICAN: CATHOLIC CHURCH STATISTICS – 2021
Next: လူသုံးအများဆုံးဖြစ်သော လူမှုန်ကွန်ရက် Facebook ကုမ္ပဏီအမည်ကို Metaverse သို့ပြောင်း