မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဆိုင်ရာ အထူးအစည်းအဝေး သောကြာနေ့က ပြီးဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း NHK သတင်းဌာနက ကြားဖြတ်သတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်ပြု၊ မပြု ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျန်တဲ့ အာဆီယံကိုးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး‌တွေ အောက်တိုဘာ ၁၅ ရက် နေ့က အွန်လိုင်းဗီဒီယိုအစည်းအဝေး ပြုလုပ်ခဲ့ကြတာပါ။ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်ကို ဒီနေ့ စနေနေ့မှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက တရားဝင် ထုတ်ပြန် ကြေညာမယ်လို့ မလေးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူနဲ့ ဒေသတွင်း သံတမန်တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးခဲ့ ကြတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖော်မပြောဆိုပါဘူး။

အခုလို မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံညီလာခံ တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်က မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေ က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အာဆီယံက အဖွဲ့ဝင်နိုင်ငံတခုရဲ့ ကိုယ်စားလှယ်ကို အစည်းအဝေး တက်ရောက်ခွင့် မပြုတာ ပထမဆုံးဖြစ်ပြီး အခုမျိုးဆက်သစ်တွေ လှုပ်ရှားနေတဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် ဒီဆုံးဖြတ်ချက်က အများကြီး အထောက်အကူပြုမှာဖြစ်တယ်လို့လည်း သုံးသပ်ပါတယ်။

အစည်းအဝေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ငါးခုရဲ့အဆိုအရ အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို နိုင်ငံကိုယ်စားပြု တက်ရောက်ဖို့ ဖိတ်ကြားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ရှေ့သီတင်းပတ်အတွင်း အာဆီယံအထူးသံတမန် Erywan Yusof မြန်မာနိုင်ငံ သွားရောက်နိုင်ရေး အတွက် အစည်းအဝေးမှာ ဆွေးနွေးကြမယ်လို့ ရိုက်တာသတင်းဌာနကို မနေ့မနက်ပိုင်းက ပြောပါတယ်။ တကယ်လို့ ဒီကိစ္စ တိုးတက်မှုမရှိဘူးဆို ရင် မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့ဆိုတဲ့ မလေးရှားရဲ့ သဘောထား ပြောင်းလဲမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း… မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မရောက်မချင်း အာဆီယံ ထိပ်သီးအစည်းအ‌ဝေးတွေမှာ မြန်မာကို အစိုးရအဆင့် ကိုယ်စားပြုတက်ခွင့်မပေးဖို့ အကြံပြုခဲ့တယ်လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အာဆီယံအထူးသံတမန် အာရီဝမ်ယူစွပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေ အဆင်ပြေအောင်၊ သက်ဆိုင် ရာ ပုဂ္ဂိုလ် အားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးဖို့၊ ဗြိတန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ တီမော၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ပူးတွဲ ပြီး မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။ အာဆီယံအထူးသံတမန်ရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီဖို့အတွက် အခုလို တောင်းဆိုတာလို့ ဥရောပသမဂ္ဂ EU ကလည်း မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်နေတဲ့၊ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ပြည်သူတွေ အစစအရာရာ ထိခိုက်နေရတဲ့အပြင် ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်လာမယ့် အရေး စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာ အကြပ်အတည်းတွေကို ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ဖြေရှင်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည် ဦးလှည့်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြပါတယ်။

ဒါ့ပြင် မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံအထူးသံတမန်နဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီး၊ အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြီးပြည့်စုံအောင် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင် တွေ့ဆုံ ဆွေးနွေး ကြဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ အကူအညီတွေ ဆောင်ရွက် ရာမှာ၊ အတားအဆီးမရှိ လွယ်ကူချောမွေ့စေဖို့ နိုင်ငံခြားသားတွေ အပါအဝင် မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့…စတဲ့ အချက်တွေကိုလည်း ကြေညာချက်မှာ ဖော်ပြတောင်းဆိုထားပါတယ်။

326  Views
Previous: တရားခွင်မှာ သမ္မတ ဦးဝင်းမြင့် ဘာတွေ ထွက်ဆိုခဲ့လဲ
Next: အာဆီယံ ဆုံးဖြတ်ချက်ဟာ ဘေးထွက်ဆိုးကျိုးဖြစ်လာမယ်လို့ စစ်ကောင်စီဆို