မြန်မာစစ်တပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတာမျိုး မလုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒီကနေ့ တိုက်တွန်း

မြန်မာစစ်တပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတာမျိုး မလုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ညှာခွင့်ပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်မတိုင်ခင် တောင်းဆိုလိုက်တာပါ။

 

 

မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တစိတ်တပိုင်းအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မယ့်အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပြီး တိုင်းပြည်ကို ပုံမှန် အခြေအနေ ပြန်ရောက်အောင် ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းတဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို မြန်မာပြည်သူတွေသာမက ကမ္ဘာကပါ အသိအမှတ်ပြုထားသူ ဖြစ်တယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲမှာ ခုလိုပုံစံနဲ့ ဆက်လက် ဖမ်းဆီးထားတာမျိုး မလုပ်ဖို့ အထူး ကိုယ်စားလှယ်က မြန်မာစစ်တပ်ကို ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အာဏာပိုင်တွေက နေပြည်တော် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။ ဒီအတွက် အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို ဝေဖန်ထားပါတယ်။

စစ်ကောင်စီကတော့ တရားရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချပြီး ဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာ ထောင်ကို ပြောင်းရွှေ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုပေါင်း ၁၈ ခုထက်မနည်းရှိနေပြီး ဒီထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပြီး ဖြစ်ပါတယ်။

271  Views
Previous: ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာ ပို့ခွင့်ရ
Next: ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO ညွှန်ကြားရေးမှူးချုပ် Tedros A Ghebreyesus က မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေနေသတ်မှတ်