မြန်မာနိုင်ငံကို အန္တရာယ်ရှိမှု အမြင့်ဆုံးအဆင့် ၄ အဖြစ် အမေရိကန်သတ်မှတ်

မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ အမေရိကန် နိုင်ငံသားတွေ မြန်မာပြည်ကို ခရီးမသွားဖို့၊ မြန်မာပြည်ထဲမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေ အမြန်ဆုံးပြန်ထွက်ခွာဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပေးထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးရဲ့ ဝက်ဘ်ဆိုဒ်မှာ မနေ့ကဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေဟာ အန္တရာယ်ဆိုင်ရာ အမြင့်ဆုံးအဆင့်၄ အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်လိုက်တာပါ။ အမေရိကန် သံရုံးအနေနဲ့ အကူအညီပေးနိုင်တာက အကန့်အသတ်နဲ့ပဲဖြစ်တယ်လို့လည်း မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု သီတင်းပတ်တွေအတွင်း ရန်ကုန်နဲ့ တခြားမြို့တွေမှာ ပေါက်ကွဲမှုဖြစ်တာတွေ မြင့်တက်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိလာနေတာကို အမေရိကန်သံရုံးက သတိထားမိတယ်လို့ဆိုပါတယ်။

လောလောဆယ်အချိန်အထိတော့ အမေရိကန်အပါအဝင် နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတော့ မတွေ့ရသေးကြောင်း၊ အပြင်ထွက်တဲ့အခါမှာ သတိဝီရိယနဲ့ သွားလာဖို့၊ အထူးသဖြင့် လူအုပ်စုတွေကို ရှောင်ဖို့ အန္တရာယ်ရှိတယ်လို့ မသင်္ကာရင် အဲဒီနေရာကနေ ချက်ချင်းထွက်ခွာဖို့လည်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့နေရာတွေ၊ ညမထွက်ရ ထုတ်ပြန်ထားတဲ့ နေရာတွေကိုလည်း အမေရိကန်သံရုံးရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

363  Views
Previous: ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန်လားဒီ ပြန်လည်လွတ်မြောက်လာပြီ
Next: ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ် ဖိတ်ခေါ်မှု ပါတီတွေအကြား သဘောထားကွဲ