မြန်မာနိုင်ငံအတွင်း အပြန်အလှန် သတ်ဖြတ်မှုတွေ ပိုများလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာနေတဲ့ အကြမ်းဖက် မှုတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရပ်တန့်ရေး စစ်ကောင်စီကို နိုင်ငံတကာက တိုက် တွန်း ပြောဆိုနေပေမယ့် လက်တွေ့မှာ သတ်ဖြတ်မှုတွေက နိုင်ငံတစ်ဝန်းမှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကစပြီး အပြန်အလှန်သတ်ဖြတ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကကတော့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံး ပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီကြောင့် သေဆုံးရသူ ၂၄ ဦး ရှိခဲ့တယ်လို့ မေလ ၁ ရက်နေ့က  ကြေညာချက်ထုတ်ပါတယ်။

ဒီဖြစ်ရပ်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ ဧပြီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်က ရွာနှစ် ရွာမှာ လူ ၂၃ ယောက်ကို PDF အဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာက အပြစ်မဲ့ ပြည်သူ ၁၃ ယောက်ကို မေလ ၁ ရက်နေ့မှာ PDF အဖွဲ့က သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုတဲ့အဖွဲ့ကတော့  ဒီသတ်ဖြတ်မှုကို သူတို့လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေဟာ စစ်သင်တန်းတက်ထားတဲ့ ပျူစောထီးတွေပဲဖြစ် တယ်လို့ အဲဒီအဖွဲ့ရဲ့ ဗိုလ်စွမ်းက တုံ့ပြန်ပါတယ်။

“ကျုပ်တို့တွေ ရှင်းခဲ့တာက ၁၂ ယောက်ရှင်းခဲ့တာ။ လက်နက်ကိုင်ကလွဲရင် ဝန်ထမ်း တွေ တချို့အလုပ်လုပ် နေတာတောင် နားလည်ပေးတယ်။ မိသားစုအခက်အခဲရှိတယ် လေဗျာ။ ဝန်ထမ်းဖြစ်ပေမယ့် CDM မလုပ်ချင်နေ မယုတ်မာနဲ့။ ကြိုက်သလောက် စိမ်းလို့ရတယ်။ နီနီ၊ စိမ်းစိမ်း စိတ်မဝင်စားဘူး။ ပြည်သူ့ရဲ့ အခွင့်အာဏာပြန်ရဖို့ တစ်ထောင့်တစ်နေရာက လုပ်နေတာ။ အဲဒီမှာ နီနီ၊ စိမ်းစိမ်း၊ ဝါဝါ ကျက်ကျက် ယုတ်မာတဲ့ကောင်ကတော့ ရှင်းလင်းရမှာပဲ”

စစ်ကောင်စီရဲ့ ဖော်ပြချက်ထဲမှာ သတ်ဖြတ်ခံရသူ ၁၃ ယောက်လို့ပါရှိပေမယ့် လုပ်ဆောင် ခဲ့တဲ့ အဖွဲ့ကတော့ အမျိုးသား ခုနစ်ယောက်၊ အမျိုးသမီး ငါးယောက် စုစုပေါင်း ၁၂ ယောက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီရွာက စစ်တပ် ထောက်ခံသူတွေဟာ တခြားရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ရာမှာ ပါဝင်ခဲ့ဖူးသူတွေ ဖြစ်သလို လက်နက်ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့ ကင်မွန်းတော်ရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အင်းမရွာကိုလည်း သူတို့သွားအနိုင်ကျင့်တယ်။ ဒီပဲယင်းကိုလည်း မွှေတယ်ဗျ။ အင်းမရွာဆို အခု တစ်ရွာလုံး ကုန်ပြီဗျ။ ဟိုတစ်ခါလောင်တဲ့ကိစ္စပြီးနောက် လွန်ခဲ့တဲ့ နှစ်ရက်လောက်က တစ်ခါထပ်ရှို့တယ်။ ကျန်တာကို တစ်ခါ ထပ်ရှို့တာဗျ။ (ကင်မွန်း တော်ရွာ) အိမ်ခြေက ငါးရာကျော်ရှိမယ်။ သူတို့အင်အားက လက်နက်ကိုင် ၁၀၀ လောက်ရှိတယ်”

ဒီကင်မွန်းတော်ရွာမှာ စစ်ကောင်စီတပ်က စစ်သင်တန်းလာပေးခဲ့ဖူးသလို စစ်သား ငါးယောက်ဟာလည်း ရွာထဲမှာ ရှိနေဆဲပဲလို့ သူက ပြောပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာက အမျိုးသား ရှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကို ဧပြီလ ၃၀ ရက်နေ့က PDF တွေက သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီသတ်ဖြတ်မှုကိုတော့ အတည်ပြုလို့ မရနိုင်သေးဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မြင်းမူဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီအကြောင်းကို စုံစမ်းကြည့်တော့ ပျူစောထီး၊ ဒလန်လို့လည်း ပြောကြတယ်ဗျ။ အတည်ပြုလို့တော့ မရသေးဘူးဗျ။ PDF တော်တော်များများကလည်း သတင်းအခိုင် အလုံရှိမှသာ လုပ်ဆောင်ကြတာ။ NUG အစိုးရကလည်း တရားဝင် စည်းမျဉ်းစည်းကမ်း နဲ့ ချထားတော့ ဘောင်ကျော်လုပ်လို့ မရဘူးဗျ”

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က PDF တွေအနေနဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုမျိုး မရှိဘူးလို့ ပြောပါတယ်။

“စစ်ရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်ဖို့ သင့်ခြင်း၊ မသင့်ခြင်း ဆုံးဖြတ်တဲ့အခါမှာ တစ်ဦး တစ်ယောက်ထဲက ဆုံးဖြတ်တာထက် အစုအဖွဲ့နဲ့ ဆုံးဖြတ်ဖို့ ခိုင်လုံတဲ့ အထောက်အထားရှိမှသာ ဆုံးဖြတ်ဖို့ကို ကျနော်တို့အနေနဲ့ လမ်းညွှန်ထားပြီး ဖြစ် ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေပေါ်မှာ စွပ်စွဲသတ်ဖြတ်မှုတွေ ရှိခဲ့တဲ့အခါမှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီးတော့ အပြစ်ရှိတယ်ဆိုရင် ဥပဒေများနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်”

“ PDF တွေက အာဏာရှင်ကို တော်လှန်တယ်။ တပ်မတော် ထောက်ခံတဲ့အုပ်စုက ပြည်သူပြည်သူချင်း တိုက်တယ်ပေါ့ဗျာ”

တစ်ဖက်မှာလည်း စစ်ကောင်စီကို ထောက်ခံတဲ့ သွေးသောက်ဆိုတဲ့ အဖွဲ့ဟာ ဧပြီလ နောက်ဆုံးပတ်ကစလို့ မန္တလေးမြို့က လူ ကိုးယောက်၊ ရန်ကုန်မြို့က လူ တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်လုပ်ဆောင်လာတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

“PDF တွေက အာဏာရှင်ကို တော်လှန်တယ်။ တပ်မတော်ထောက်ခံတဲ့အုပ်စုက ပြည်သူ ပြည်သူချင်း တိုက်တယ်ပေါ့ဗျာ။ အဲဒီလုပ်ကွက်မျိုး ဖန်တီးတာပေါ့နော်။ မန္တလေးမှာကတော့ NLD နဲ့ ပတ်သက်ခဲ့တဲ့သူတွေက အခုလတ်တလောမှာ ကျီးလန့်စာစား ဖြစ်နေကြရတယ်ပေါ့ဗျာ”

သွေးသောက်ဆိုတဲ့ အဖွဲ့က တော်လှန်ရေးကို ထောက်ခံအားပေးသူ၊ NLD ပါတီဝင်၊ သတင်းမီဒီယာနဲ့ မိသားစုဝင် တွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ဆိုထားပါတယ်။

အခုလို အပြန်အလှန်သတ်ဖြတ်မှုတွေ ပိုများလာတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှာ စစ်တပ် ဝင်ရောက်မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို တွေ့ရစဥ် (Photo: CJ)
၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှာ စစ်တပ် ဝင်ရောက်မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို တွေ့ရစဥ် (Photo: CJ)
 

အခုလို စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန်သတ်ဖြတ်မှုတွေ ရှိနေတာဟာ အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေပဲလို့  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အပြန်အလှန်ဖြစ်လာတဲ့ကိစ္စက မကောင်းဘူးပေါ့ဗျာ။ သို့သော်လည်း ဒီကိစ္စက စစ်တပ် က စခဲ့တဲ့ကိစ္စဆိုတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ အုပ်စိုးမှုကို ဖြိုချမှပဲ ဒီပြဿနာ တွေက ပြေလည်မှာပေါ့။ ဒီမတိုင်ခင်မှာတော့ ဒီလိုအဖြစ်မျိုးထဲမပါအောင်လို့ ကိုယ့်လုံ ခြုံရေးကိုယ် ဂရုစိုက်ရမှာပါပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်လည်း မတရားမှုတွေကို ဆက် လက်ပြီးတော့ လုပ်နေတုန်းပါပဲ။ သွေးသောက်ဆိုတဲ့ နာမည်နဲ့ တန်ပြန်သတ်ဖြတ်မှု တွေကို လုပ်နေတာပါပဲ”

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမတည်မငြိမ်ဖြစ်နေဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိ နေတာဖြစ်ပြီး ဒီထက်ပိုဆိုးသွားမယ့် အလားအလာ ရှိနေတယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ် ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသူ ၁၈၀၀ ကျော်ရှိနေပြီး နိုင်ငံတစ်ဝန်း က လူတစ်သောင်းသုံးထောင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငြိမ်ချမ်းစွာဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းရာကနေ နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာ ခဲ့ပြီး မြို့ပြတွေပေါ်မှာပါ ပြောက်ကျားတိုက်ခိုက်မှုတွေ ရှိလာနေတာပါ။

320  Views
Previous: မန္တလေးကက်သလစ်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စီးနင်း
Next: ဓမ္မညီလာခံအတွက်စာတမ်းပြုစုရေးအဖွဲ့ အွန်လိုင်းအစည်းအဝေးကျင်းပ