ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်၏အရေးပေါ်အခြေအနေကာလကို နောက်ထပ် (၆) လ သက်တမ်းထပ်တိုး

နိုင်ငံတစ်ဝန်းက အကြမ်းဖက်မှုတွေကို ထိန်းချုပ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အရေးပေါ်ကာလအခြေအနေကို နောက်ခြောက်လ သက်တမ်းထပ်တိုးပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပထမဆုံးအကြိမ် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှာ တင်ပြခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေက ချက်ချင်းအတည်ပြုပေး လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အခုလို သက်တမ်းထပ်တိုးပေးဖို့ တောင်းဆိုရတာလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

စစ်ကောင်စီဘက်က ပြည်သူကို မီးကုန်ယမ်းကုန် ဖိနှိပ်ဖို့အတွက် အခုလို နောက်ခြောက်လ  သက်တမ်းထပ်တိုးလိုက်တာလို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ် ဦးသန်းစိုးနိုင် က ထောက်ပြ ဝေဖန်ပါတယ်။

လာမယ့် ခြောက်လအတွင်းမှာ စစ်တပ်က မီးကုန်ယမ်းကုန် လုပ်တော့မှာပါ။ မီးကုန် ယမ်းကုန် တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ ကျေးရွာတွေမီးရှို့တာ၊ ပြည်သူလူထုကို ဖိနိုပ်ထောင်ချတာ ဒါတွေအမြောက်အများ အရင်ကထက်ပိုပြီးတော့ လာမယ့် အရေး ပေါ်အခြေအနေမှာ ပိုပြီးဆိုးရွားကြမ်းတမ်းတဲ့ စစ်ပွဲအရှိန်တွေ မြှင့်တင်လာလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အဲဒီမှာ စစ်တပ်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲ တွေ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်

စစ်တပ်က သူတို့စီစဉ်ထားတဲ့အတိုင်း နိုင်ငံကို အလုံးစုံထိန်းချုပ်ပြီး အချိုးကျကိုယ်စားပြု စနစ် (PR) နဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေပေမဲ့ လက်ရှိအခြအနေဟာ စစ်တပ် အလိုကျ ဖြစ်လာနိုင်ခြေမရှိဘူးလို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ပြည်ထောင်စုလွှတ်တော် သက်တမ်း ကုန်ဆုံးသွားချိန်မှာ ကာကွယ်ရေးဦးစီးချုပ်က သူ့ရဲ့တာဝန်တွေကို ပြီးဆုံးအောင် မလုပ်နိုင်သေးဘူးဆိုရင် အရေးပေါ်ကာလကို တစ်ကြိမ်လျင် ခြောက်လနဲ့ နှစ်ကြိမ် တိုးမြှင့် ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သားစဉ်မြေးဆက် အာဏာရယူရေး ရည်ရွယ်ချက်နဲ့ အခုလို လုပ်ဆောင်နေတာဖြစ်ပေမဲ့ သူရည်ရွယ်ထားတဲ့  ရွေးကောက်ပွဲ ကတော့ ဖြစ်လာနိုင်စရာမရှိဘူးလို့ စမ်းချောင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးဘိုဘိုဦးက မှတ်ချက် ပေးပါတယ်။

၂၀၂၁ ကတည်းက သူတို့ရဲ့အာဏာသိမ်းမှုက တရားမဝင်ပါဘူး။ မင်းအောင်လှိုင်ပြီးရင် မင်းအောင်လှိုင်သားက အာဏာယူမယ်။ မင်းအောင်လှိုင်သားပြီးရင် မင်းအောင်လှိုင် မြေးက အာဏာယူမယ်။ သူတို့အဲဒီအတွက် ဒီအခင်းအကျင်းကို လုပ်နေတာ။ ကျနော့်အမြင်မှာ ဒီရွေးကောက်ပွဲက ဖြစ်စရာအကြောင်းမရှိပါဘူး။

သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကတော့ စစ်တပ်အနေနဲ့ နိုင်ငံကို မထိန်းချုပ်နိုင်လို့ ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူးဆိုရင် သူတို့ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့အစည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာဆက်ယူလိုက်တာမျိုးလည်း ဖြစ်လာ နိုင်တယ်လို့ ကြိုတင်ခန့်မှန်းပါတယ်။

တစ်နှစ်သက်တမ်း ပြီးတဲ့အခါမှာ တကယ်လို့ တည်တည်ငြိမ်ငြိမ် မထိန်းနိုင်ဘူးဆိုရင် ရွေးကောက်ပွဲ မလုပ်ပေးဘူးဆိုတာ ကြိုပြောထားတယ်။ ဆိုတော့ စောင့်ကြည့်ရမှာပေါ့။ နောက်ထပ် တစ်နှစ်အတွင်းမှာ သူတို့တည်ငြိမ်အောင် မထိန်းနိုင်ဘူးဆိုရင် ရွေးကောက် ပွဲလည်း မလုပ်ပေးနိုင်ဘူးဆိုရင် အခြေခံဥပဒေမှာလည်း ဘာမှပြဋ္ဌာန်းမထားတော့ ခြေဥကိုဖျက်ပစ်ပြီး နောက်ထပ် အာဏာဆက်ယူမလား စောင့်ကြည့်ရမယ်

စစ်တပ်ဟာ အခုသက်တမ်းတိုးလိုက်တဲ့ အရေးပေါ်ကာလမှာ နိုင်ငံတစ်ဝန်းက ခုခံမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် နိုင်နိုင်နင်းနင်းထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း  ဦးရဲထွန်းက ပြောသွားပါတယ်။

စစ်တပ်က အာဏာကို သက်တမ်းထပ်တိုးနေသရွေ့ လူထုရဲ့ ခုခံတော်လှန်မှုတွေ ပိုင်းပြင်းထန်လာနိုင်တာကြောင့် အရပ်သားအစိုးရထံ အာဏာပြန်လွဲပေးခြင်းကသာ စစ်ကောင်စီအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင်  ကိုနန်းလင်း က ပြောပါတယ်။

ဒီလိုမျိုး အာဏာကို သက်တမ်းတိုးနေသရွေ့ကတော့ တိုင်းပြည်ရဲ့ အခြေအနေက တော်လှန်မှုတွေ ရုန်းကြွမှုတွေ ပဋိပက္ခတွေနဲ့ပဲ ဆက်သွားဖို့ရှိတာပဲ။ တိုင်းပြည်ကို ကောင်းချင်တယ်။ တိုင်းပြည်ဟာ တကယ်ပဲ လွတ်လပ်ငြိမ်းချမ်းချင်တယ်ဆိုရင်တော့ ဒီစိတ်စေတနာရှိတယ်ဆိုရင်တော့ စစ်ကောင်စီလုပ်နေတာတွေ အားလုံးကို ရပ်တန်းက ရပ်ပြီးတော့ လူထုကို ကိုယ်စားပြုတဲ့ လူထုက ရွေးချယ်ထားတဲ့ အစိုးရကို အမြန်ဆုံး အာဏာလွှဲရမှာပဲဖြစ်တယ်။ ဒါဟာ ကျနော်တို့ လက်ခံတဲ့ဟာပဲ။ ကျနော်တို့အတွက် တော့ ရှင်းတယ်ဗျ။ စစ်တပ်က တိုင်းပြည်မှာ လက်နက်အားကိုးနဲ့ လုပ်ချင်တာလုပ်နေ တာကို ထပ်ခွင့်မပြုနိုင်တော့ဘူး။ ပြီးသွားတဲ့အခါမှာ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုပေါ့နော်။ အရပ်သားက ထိန်းချုပ်ထားတဲ့ စစ်တပ်ပဲဖြစ်ရမယ်။ အဲလိုမျိုး အနေအထားမှသာလျှင် တိုင်းပြည်က ပိုကောင်းလိမ့်မယ် 

ပြည်သူလူထုက စစ်အာဏာသိမ်းတာကို လုံးဝ လက်မခံဘဲ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပြင်းပြင်းထန် ထန်ဆန့်ကျင်နေတာကို လျစ်လျူရှုပြီး ရွှေးကောက်ပွဲကျင်းပဖို့ စိတ်ကူးယဥ်နေတာဟာ မိုက်မဲရာကျတယ်လို့လည်း  ကိုနန်းလင်း က ပြောသွားပါတယ်။

“ အရင်ကထက်ပိုပြီးတော့ လာမယ့်အရေးပေါ်အခြေအနေမှာ ပိုပြီးဆိုးရွားကြမ်းတမ်းတဲ့ စစ်ပွဲအရှိန်တွေ မြှင့်တင်လာလိမ့်မယ်လို့ ယူဆပါတယ်”

သက်တမ်းတွေ ဘယ်လောက်ပဲတိုးတိုး စစ်ကောင်စီဟာ လက်တွေ့ မြေပြင်မှာတော့ တိုင်းပြည်ကို ဘယ်လိုမှအုပ်ချုပ်လို့ မရစေရဘူးလို့ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ခုခံစစ်ဆင်နွှဲနေတဲ့ PDF ခေါင်းဆောင် ရဲဘော်ဝေကြီး က ပြောသွားပါတယ်။

သူတို့ရတဲ့နည်းနဲ့ တရားဝင်မှုမရှိသော်လည်း ရှိသယောင်ဆောင်ပြီးတော့ သက်တမ်း တိုးတာလိုလို ခြေဥပဲရှိနေသလိုလို ဆက်အုပ်ချုပ်ဖို့တော့ ကြိုးစားကြမှာပဲ။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ သူတို့ဖြစ်ချင်တာ၊ သူတို့အုပ်ချုပ်ချင် တဲ့ဟာကို အုပ်ချုပ်လို့ မရဘူးပေါ့နော်။ ပြည်သူလူထုကလည်း သူတို့အုပ်ချုပ်တာကို လက်မခံဘူး။ သေချာတာကတော့ သူတို့ ဘယ်လောက်ပဲ သက်တမ်းတိုးတိုး မြေပြင် မှာကတော့ သူတို့ရဲ့အုပ်ချုပ်နိုင်မှု၊ စိုးမိုးနိုင်မှုကတော့ မရှိဘူးဆိုတာကတော့ သိသိသာသာကတော့ ပေါ်ပေါက်နေတယ်ပေါ့နော်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ စစ်တပ်က အာဏာသိမ်း ထားတဲ့ တစ်နှစ်တာကာလအတွင်း NUG၊  CRPH နဲ့ PDF တွေရဲ့ လှုံ့ဆော်မှုကြောင့် တိုက်ခိုက်မှုပေါင်း ၉,၄၃၇ ကြိမ်ဖြစ်ခဲ့ပြီး၊  ဝန်ထမ်း ၉၅ ဦး သေဆုံး ၁၅၃ ဦးဒဏ်ရာရ၊ အုပ်ချုပ်ရေးတာဝန်ရှိသူ ၃၆၇ ဦးသေဆုံးပြီး ၃၃၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မနေ့ကကျင်းပတဲ့ ကာလုံ ခေါ် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း စစ်အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဒီကနေ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ပြည်သူ့အာဏာ ပြည်သူလက်ထဲ ပြန်ရောက်ရှိရေး အတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်း တစ်နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦး အပါအဝင် ပါတီဝင် စုစုပေါင်း ၆၈၆ ဦး အဖမ်းခံထားရတယ်လို့ NLD က ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ အင်အားသုံးတိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းရေးလုပ်ရပ်တွေကြောင့် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသတွေက အပြစ်မဲ့အရပ်သား လေးသိန်းနီးပါး အိုးအိမ် စွန့်ခွာထွက်ပြေးနေရတယ်လို့ NLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(လွိုင်ကော်မြို့မှာ ၂၀၂၂ ဇန်နဝါရီ ၇ ရက်က စစ်ရှောင်ပြည်သူတွေရဲ့ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကူသယ်ပေးနေစဥ်) Photo: PDF Loikaw
(လွိုင်ကော်မြို့မှာ ၂၀၂၂ ဇန်နဝါရီ ၇ ရက်က စစ်ရှောင်ပြည်သူတွေရဲ့ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကူသယ်ပေးနေစဥ်) Photo: PDF Loikaw
 

နိုင်ငံရေး အကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ ပြည်သူတွေရဲ့ စစ်မှန် တဲ့ အချုပ်အခြာအာဏာပြန်လည်ရရှိရေး၊ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ အတိုင်း ဒီမိုကရေစီ ရှင်သန်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ကို ဆက်လက်ကြိုးပမ်းသွားမယ် စစ်အာဏာသိမ်း တစ်နှစ်ပြည့် NLD ပါတီရဲ့ ကြေညာချက်မှာ ဒီနေ့ ဖော်ပြလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၃၁ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း အရပ်သား ၁၅၀၃ ဦး သေဆုံးပြီး၊ တစ်သောင်းကျော် စစ်ကြောရေးနဲ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်ဆီးခံ ထားရပါတယ်။

စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD အပြတ်အသတ်အနိုင်ရထားတဲ့ မဲရလဒ်ကို ပယ်ဖျက်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တာပါ။

အဲဒီအချိန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၅ အရ အာဏာသိမ်းရတာလို့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပြီး၊ အဲဒီပုဒ်မ ၄၁၅ အရပဲ အရေးပေါ်အခြေအနေကာလကို တစ်နှစ် ကြေညာခဲ့တာဖြစ်ပါတယ်။

 

Source: RFA News

332  Views
Previous: Myanmar Catholic Bishops’ appeal: respect human life and dignity, allow humanitarian aid
Next: ဗာတီကန်သတင်းဌာနအတွက် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဌ ကာဒီနယ်ချားလ်စ်ဘို၏ ဖြေကြားချက်