ရန်ဘက်နှင့်မိတ်ဘက်ရှိနေသည့် ကြိုးတန်းပေါ်က မြန်မာနိုင်ငံ့အရေး

၂၀၁၃ ခုနှစ်ကတည်းက  စတင်လာခဲ့သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး သည် ၂၀၁၄ ခုနှစ်တွင် အရှိန်အဟုန်တစ်ခု ဖြစ်လာသည်ကို တွေ့မြင်ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလို့ပြောလျှင် ၂၅% သော တပ်မတော်သား ကိုယ်စားလှယ်များ ကိစ္စ၊  ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးကို အဟန့်အ တားဖြစ်စေသော ပုဒ်မ ၅၉(စ)(ပုဒ်မ ၅၉ အရ သမ္မတ၊ ဒုတိယ သမ္မတတို့၏ အရည်အချင်း သတ်မှတ်ရာတွင် ဇနီး၊ ခင်ပွန်းဖြစ်စေ သားသမီးဖြစ်စေ နိုင်ငံ သားဖြစ်ရန် လိုအပ်ကြောင်း ရှိသည့်အတွက် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စပို့ ကိုင်ဆောင် ထားသော သားနှစ် ယောက် ရှိနေခဲ့သည်) ၊ ပုဒ်မ ၄၃၆ ( ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်မည်ဆိုပါက လွှတ်တော်ထဲက ၇၅% ကျော်၏ ထောက်ခံမဲ ရရှိရမည်ဖြစ် ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေါင်း ထက်ဝက်ကျော် ထောက်ခံမှုရရှိရန် လိုအပ်) စသည့် အချက်တွေကို ပြင်ဆင်လိုကြောင်း ပြောဆိုနေကြတာတွေကို လည်း တွေ့မြင်နေရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင် သည့်အတွက် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲက တက်လာခဲ့သော အရပ်သားအစိုးရ လက်ထပ်တွင် ညှိုနှိုင်း ဆွေးနွေးမှု ရယူခဲ့ပြီး အန်အယ်ဒီပါတီက တရားဝင်နိုင်ငံရေးပါတီ အဖြစ် ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာခဲ့ခြင်း မှာ ပြည်သူလူထု အတွက် မျှော်လင့်ချက်ကြီး ဖြစ်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ သို့ ရောက်ရှိသည်နှင့် နိုင်ငံရေးအင်အားစုများက လွှတ်တော်တွင်းမှနေ  ၂၀၀၈  ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း တင်ပြခဲ့သည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမဟုတ်ဘဲ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖြစ်နေသည်ကို တွေ့သည့်အခါ ပြည်သူများပင်မဆို ထားနှင့် နိုင်ငံရေးအင်အားစု အချို့ပင် အံ့သြကုန်ကြသည်။

သို့ပေမဲ့လည်း လွှတ်တော်တွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မည်သူကပင် အဆို တင်သွင်းခဲ့ သည် ဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့ပြီး လေ့လာ သုံးသပ် ဆဲ ရောက်လာခဲ့သည်ကိုလည်း တွေ့မြင်ရပါသည်။ ထိုပုံစံအတိုင်းသာဆိုလျှင် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်တွင်းသို့ အများဆုံး ရောက်ရှိမည်မှာ အန်အယ်ဒီပါတီဖြစ်သည်ဟု သုံးသပ်နိုင်ခဲ့ပါသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲလိုပင် လွတ်လပ်ပြီး တရားမျှတမှု ရှိမည်ဆိုလျှင် အန်အယ်ဒီ ပါတီက အများဆုံး နိုင်ချေရှိသည်မှာ ၈၀% ခန့်ထိ သေချာကြောင်း နိုင်ငံရေးအင်အားစုများကလည်း သုံးသပ်လာပါသည်။

ပြည်တွင်းဒီမိုကရေစီစနစ်ကို ထောက်ခံသူများက အန်အယ်ဒီပါတီက  လွဲပြီး အခြားပေး စရာ ပါတီမရှိသလို၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာမလွဲအပ်လို သူများကလည်း အန်အယ်ဒီကို မဲပေးဖို့သာ စဉ်းစားပါသည်။ ထို့ပြင် ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အတွက် မိသားစုကို စွန့်ပေးခဲ့သည့် အချက်၊ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့်အချက်ကလည်း အခြားသော နိုင်ငံရေးသမားများထက် အားသာချက်ဖြစ်သလို၊ အန်အယ်ဒီ ပါတီ၏ အားသာချက်လည်း ဖြစ်ပါသည်။

၂၀၁၅ တွင် အန်အယ်ဒီပါတီ အနိုင်ရမည်မှာ သေချာသလို တွက်ဆလို့ရနိုင်သော် လည်း  ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေးက သေချာမှု မရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လိုခြင်းဖြစ်သည်ဟု သုံးသပ် လာကြပါသည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေးအတွက်ဆိုလျှင်တော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်မည် ဟု သုံးသပ် လာသူများလည်း ရှိပါသည်။

၂၀၁၃ ခုနှစ်အတွင်း ပုဒ်မ ၅၉(စ)ကို ပြင်ဆင်လိုကြောင်း အန်အယ်ဒီပါတီဝင်များနှင့် ပါတီထောက်ခံသူများက ဆန္ဒထုတ်ဖော်မှု တွေပြုလုပ်သည့်အခါ အခြေခံ ဥပဒေ ပြင်ဆင်လိုခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက်လား ဟူသော မေးခွန်း ထွက်ပေါ်လာခဲ့ပြီး တိုင်းရင်းသား လူမျိုးစု များကြားတွင် ၅၉(စ) ပြင် ဆင်ရေး တောင်းဆိုချက်ကို ထောက်ခံမှု အားနည်း ခဲ့ ပါသည်။

မြန်မာနိုင်ငံရေးတွင် တိုင်းရင်းသားလူမျိုးစုများ၏ အခန်းကဏ္ဍကလည်း အရေးပါလှပါ သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်တွင်းပဋိပက္ခဖြေ ရှင်းနိုင်ရေးကိုလည်း မေ့ထားလို့ရနိုင်မည် မဟုတ်ပါ။

ထိုအချက်များကို ထည့်စဉ်းမည်ဆိုလျှင် လက်ရှိအစိုးရနှင့် လက်ရှိအစိုးရ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကိုလည်း ထည့်စဉ်း စားရပါမည်။  ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ခြင်းသည် မြန်မာ့ဒီမိုကရေစီရေးအတွက် ခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်မည် ဆိုလျှင် တပ်မတော်အစိုးရ၏ ပြုပြင်ပြောင်းလဲပေးလိုက်ခြင်းကိုလည်း အသိအမှတ်ပြုရပေလိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာခဲ့သော အစိုးရသစ်သည် အစိုးရသစ်တက်ပြီး မကြာမီကာလမှာ နိုင်ငံတကာကပင်  အံ့သြ သွားနိုင်သော နိုင် ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်လို၊ ဦးမင်းကိုနိုင်လို၊ ဦးကိုကိုကြီးလို ပြည်သူလူထု အားပေးထောက်ခံမှုရှိသူများ ပါဝင် လာနိုင်သောနိုင်ငံရေး အခင်းအကျင်းမျိုးကို ဖန်တီးပေးခဲ့ပါသည်။

နိုင်ငံရေး လွတ်လပ်မှုများရှိလာပြီး ယခင်ခေတ်များကလို မြေအောက်လှုပ်ရှား မှုများ ဆောင်ရွက်စရာမလိုဘဲ မြေပေါ်မှာ လွတ်လပ်စွာ ပြောဆိုဟောပြောနိုင်သော အခြေအနေတစ်ရပ်လည်း ဖြစ်လာပါသည်။

ဦးသိန်းစိန် အစိုးရအနေနှင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ အပ ကျန်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းအများစုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အစပျိုးပေး နိုင် ခဲ့တာလည်း တွေ့ရပါသည်။

ထို့ပြင် ပြည်တွင်းသတင်းမီဒီယာလုပ်ငန်းများကိုလည်း ပုံနှိပ်ထုတ်ဝေမှု မလုပ်ခင် စီစစ်ရေးတင်ရသော ဆင်ဆာလုပ်ငန်းများကို ဖယ်ရှားပေးပြီး  လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုခဲ့သည်။ အခြား သိသာထင်ရှားသော ပြောင်းလဲမှုများမှာ သမဂ္ဂသစ်များ ဖွဲ့စည်း လှုပ်ရှားခွင့်ရလာခဲ့ပြီး နိုင်ငံတကာနှင့်လည်း ထိတွေ့ဆက်ဆံခွင့်များ ရလာခဲ့ သည်။

လက်ရှိ အစိုးရအနေဖြင့် ပြည်တွင်းပဋိပက္ခများ ဖြေရှင်းနိုင်ရေးနှင့် စီးပွားရေးပိုင်း ဆိုင်ရာပြောင်းလဲ တိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းနှင့် ယခင်အစိုးရများ ထက် ပိုပြီး ကောင်းမွန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင် သည်ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုခြင်းကို လက်ခံခဲ့ ရကြောင်း တွေ့မြင်ရ ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုလည်း   အခြားနိုင်ငံ့ခေါင်းဆောင်များ လိုပင် နိုင်ငံ တကာ နိုင်ငံ့ခေါင်းဆောင်များက ဖိတ်ကြားမှု များရှိလာခဲ့ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်သော ခေါင်းဆောင်တစ်ဦးအနေဖြင့် အသိအမှတ်ပြုလေးစားမှု ရှိလာခဲ့တာကို လည်း တွေ့မြင်ရပါသည်။

နိုင်ငံတကာ ဆက်ဆံရေးကောင်းမွန်ခြင်းအပြင် အရှေ့တောင်အာရှ အားကစား ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာ ကလည်း မြန်မာနိုင်ငံကို ဒေသတွင်း လေးစားမှုရရှိခဲ့ခြင်းကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်ကိုလည်း တွေ့မြင်ရပါသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် အခြေခံဥပဒေပါ သမ္မတနဲ့ ဒုတိယ သမ္မတများရဲ့ အရည်အချင်းသတ်မှတ် ချက်တွေကို ပြုပြင်ပြောင်းလဲပြင်ဆင်ပေးဖို့ ပြောဆိုလာခဲ့တာကိုလည်း တွေ့မြင် ခဲ့ရပြီး လွှတ်တော်တွင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်ရေးကို အန်အယ်ဒီပါတီက အရဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြပါသည်။

ထို၂၀၁၃ ခုနှစ်တွင်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၀၂/၀၉/၂၀၁၃ ကြေညာ ချက် ထွက်ပေါ်လာခဲ့ပြီး ဝါရင့်နိုင်ငံရေး သမားကြီးများ၏ ငြီးငြူသံအချို့နှင့်စိုးရိမ် မကင်းဖြစ်လာသည်ကိုလည်း ကြားခဲ့ရသည်။

ထိုကြေညာချက်နှင့်အတူ “ အန်အယ်ဒီက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်မလို့လား၊ ဘယ်သူက လုပ်ပေးမှာလဲ” ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

သတင်းမီဒီယာသမားများကလည်း နှစ်နှစ်သား သာသာခန့်သာ ရှိသေးသော မြန်မာ့ ဒီမိုကရေစီရေး ကာလ၊ စားဝတ်နေ ရေးအတွက် ရုန်းကန်နေ ရသော ပြည်သူ များ၊ နိုင်ငံရေးအမြင်နှင့် ဗဟုသုတအားနည်းနေသေးသော နိုင်ငံရေးမျိုးဆက်သစ်များ စတဲ့ အခြေအနေမှာ လူထုဆန္ဒအမှန်ကို ထုတ်ဖော်နိုင်ပါ့မလား…ဆိုသည့်  စိုးရိမ်ပူပင်မှု များလည်း ရှိခဲ့ကြသည်။

၂၀၁၃ အလွန် ၂၀၁၄ အစမှာ အန်အယ်ဒီပါတီ၏ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်သူလူထုကို ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲများ ဆက်တိုက် ပြုလုပ်လာကြသည်ကို တွေ့မြင်ရပြီး လူထုအများစုပါ ပါဝင်နိုင်ရေးအတွက် လှုပ်ရှားလာကြသည်ကိုလည်း တွေ့ရပါသည်။ ဟောပြောပွဲများတွင် တက်ရောက် နားထောင်သူ ပြည်သူလူထုအများစုဖြင့် ကွင်းလုံးပြည့် တွေ့လာရပါသည်။

၂၀၁၅ မတိုင်မီ နိုင်ငံရေးအခြေအနေနှင့်ပတ်သက် ပြီး နိုင်ငံရေးသုံးသပ် သူများထံကလည်း စိုးရိမ်မကင်းသံများ ထွက်ပေါ် လာပါသည်။ အန်အယ်ဒီပါတီက  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်ရေး ကို ပြန်သွားမှာ လား ဆိုသည့် မေးခွန်းက ထွက်ပေါ်လာခဲ့ပါသည်။

ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ ပြည်သူလူထု၏ သဘောထား ဆန္ဒကို အခြေခံသည်မှာ မှန်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဒီမိုကရက်တစ်မူဘောင် အတွင်းက လှုပ်ရှားမှသာ မှန်ကန်သည်ဟု ပြောလို့ရနိုင်ပါမည်။  အခြေခံ ဥပဒေ ပြင်ဆင်လိုခြင်း ကိစ္စရပ်များသည် လွှတ်တော်လမ်းကြောင်းမှ သွားရမည် ဖြစ်ပါ သည်။

မြန်မာ့နိုင်ငံတွင် ဒီမိုကရေစီအခြေမကျသေးသည့်အတွက် စံချိန်မီဒီမိုကရေစီဖြစ်ရေး အတွက် အဆင့်ဆင့်ပြောင်းလဲရမည့်  ကိစ္စရပ်များကို မကိုင်တွယ်မှားယွင်းသွားပါက ဦးတည်လားရာသို့ မရောက်နိုင်ဘဲ နောက်ကြောင်းပြန် မဟာဗျူဟာကို ရောက်သွားနိုင် သည်ကိုလည်း စိုးရိမ်မိပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း သင်ခန်းစာယူရမည့် သင်ခန်းစာဟောင်းများကို ပြန်လည် သတိမပြုမိလျှင်ဖြင့် ယခင်ကလို အန်အယ်ဒီ ပါတီဝင်တွေ အန်အယ်ဒီ ပါတီ ထောက်ခံသူတွေ  နှစ်ပေါင်းများစွာ ဆယ်စုနှစ်နှင့်ချီပြီး ထောင်နန်းစံရဦးမှာကို လည်း စိုးရိမ်မိ ပါသည်။

ကြိုးတန်းပေါ်တွင်ရှိနေေသော မြန်မာနိုင်ငံသည် ဒီမိုကရက်တစ်ယဉ်ကျေး မှုဖြစ်သေ စေ့စပ်ညှိုနှိုင်းအဖြေရှာရေးမှ ထိပ်တိုက် ရင်ဆိုင်ရေးသို့ ပြန်လည်ရောက် မသွားစေရန်အတွက် ရန်ဘက်နိုင်ငံရေးမျိုးထက် အပြန်အလှန်ညှိုနှိုင်းအဖြေရှာထုတ်ရ မည့် မိတ်ဘက်နိုင်ငံရေးကိုသာ သွားသင့်သည်ဟု ထင်မြင်ယူဆမိပါသည်။ အယ်ဒီတာချုပ်

1529  Views
Previous: ၉။ မိုးမောက် နီသောကာရာမကျောင်းရှိ ဒုက္ခသည်စခန်းများအတွက် စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်
Next: မံစီမြို့မှ မိုင်ဂျာရွာသို့ မောင်းလာသည့် ပါဂျဲရိုးအပြာရောင်ပေါ်မှ ကျွန်းသစ်ခွဲသား (၅၅)တုံးဖမ်းမိ