ရဟန်းမင်းကြီးဖရန်စစ်က အီရတ်နိုင်ငံတွင် ညှင်းပန်းသတ်ဖြတ်ခြင်း ခံနေကြရသော လူနည်းစုများအရေးအတွက် မိမိကိုယ်စားလှယ်ကို ခန့်အပ်တော်မူ

75-b

သြဂုတ်လ ၅ ရက်၊ ဗာတီကန်၊

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် အစွန်းရောက်ဆွန်နီအစ္စလမ်သူပုန်များ၏ နှိပ်စက် သတ်ဖြတ်ခြင်းကို ခံနေကြရသော အီရတ် နိုင်ငံက မွတ်စလင်ဘာသာဝင်မဟုတ်သော လူနည်းစုခရစ် ယာန်ဘာသာဝင်များနှင့်တခြားဘာသာဝင်များအရေးကို ကိုင်တွယ်ရန် အတွက် ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီအား မိမိကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၈ ရက်နေ့က ခန့်အပ်တော်မူလိုက်သည်။ ရဟန်းမင်းကြီး က ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီအား မိမိကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းသည် ၎င်းကာဒီနယ်ဆရာတော် အား အီရတ်နိုင်ငံသို့ သွားရောက်ခိုင်းပြီး ရဟန်းမင်းကြီး၏ ဒုက္ခသည်များနှင့် ထပ်တူမျှဝေခံစားပေးပူ ပန်ပေးနေမှုများကို အီရတ်ပြည်သူများအား ပြသရန်နှင့် ကက်သလစ်သာသနာ တော်၏ ဒုက္ခသည် ခရစ်ယာန်များနှင့် တစ်လုံးတဝတည်းရှိနေခြင်းတို့ကို ပြန်လည်ဖော်ဆောင် ဖြစ်ကြောင်းဖြင့် ဗာတီကန်ရုံး ၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အစွန်းရောက်ဆွန်နီအစ္စလမ်သူပုန်များသည် ဆီးရီးယားပြည်တွင်းစစ်မှ ပေါက်ဖွားလာသော သူပုန် များဖြစ်ပြီး အစ္စလမ်နိုင်ငံအဖြစ် ဆီးရီးယား နှင့်အီရတ်နိုင်ငံများကို ပြောင်းလဲထူထောင်ရန် လုပ်ဆောင်နေ သူများဖြစ်သည်။ အစွန်းရောက်ဆွန်နီအစ္စလမ်လက်နက်ကိုင်အဖွဲ့ကို အဘူဘား အဲလ်ဘက်ဒက်ဆိုသူက ဦးဆောင်ဖွဲ့စည်းထားသော သောင်းကျန်သူအဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့သည် ၂၀၁၄ ခုနှစ် ဇွန်လမှစတင်ပြီး အီရတ် နိုင်ငံတွင် ဝင်ရောက်နေရာယူကာ အီရတ်နိုင်ငံ၏မြို့ကြီးတော်တော်များကို သိမ်းပိုက်ပြီး ဆွန်နီ အစ္စလမ်ဘာသာဝင်မဟုတ်သော တခြားမွတ်ဆလင်များ၊ ခရစ်ယာန်များနှင့် တခြားလူနည်းစုများကို လိုက်လံသတ်ဖြတ်နှိပ်စက်လာခဲ့သညမှာ ယနေ့တိုင်ဖြစ်ပေသည်။ ထို့ကြောင့် ခရစ်ယာန်များနှင့်တခြား လူနည်းစုများသည် ဇူလိုင်လ ၁၈ ရက်နေ့မှစတင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကဒ်လူမျိုးများနေရာကို ထွက်ပြေးသွားကြသည်။ သို့သော် အစာရေစာ ပြတ်လတ်မှုကြောင့် များစွာသောကလေးသူငယ်များသည် လမ်းတွင်သေဆုံးကြသည့်အပြင် ၎င်းသူပုန်များက ခရစ်ယာန်များနှင့်တခြားလူနည်းစုများကို မွတ်ဆလင် ဘာသာသို့ ပြောင်းခိုင်းခြင်းနှင့် မပြောင်းလိုသူများကို အရှင်လတ်လတ် မြှုပ်နှံသဂြိုလ်လာတော့သည်။ အီရတ်စစ်တပ်ကို အသာစီးရနေသောအစွန်းရောက်ဆွန်နီအစ္စလမ်သူပုန်များ၏ တိုက်ခိုက်မှုကို ဟန့် တားနိုင်ရန် အတွက် အမေရိကန်သမ္မတအိုဘားမားက သြဂုတ်လ ၈ ရက်နေ့မှစတင်ပြီး အမေရိကန်လေ တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ခွင့်ပြုခဲ့ သည့်အပြင် ဒုက္ခသည်များကို လေကြောင်းမှ အစာရေဆာ များ ထောက်ပံ့မှုကိုပါ စတင်ခဲ့လေတော့သည်။

ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီက ရဟန်းမင်းကြီး၏ ခန့်အပ်ခြင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြုရာတွင် ““ရဟန်း မင်းကြီးက ကျွန်တော့ ကို အားကိုးယုံကြည်တယ်ဆိုတာကို ပြပါတယ်။ ဒါပေမယ့် ဒီထက်လေးနက်တာက ရဟန်းမင်းကြီးဟာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းခံ နေကြရတဲ့အီရတ်နိုင်ငံက ကက်သလစ်ခရစ်ယာန် ဘာသာဝင်များအပေါ်မှာ အင်မတန်မှစိုးရိမ်ပူပန်နေခြင်းကို ပြသခြင်း ဖြစ်ပါတယ်””ဟု မှတ်ချက်ပြုတော်မူ သည်။ ဗာတီကန်သတင်းစာတာဝန်ခံ ဘုန်းတော်ကြီး လွန်ဘားဒီက၊ ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီဟာ မိုဆူးလ်မြို့နဲ့အနီး တစ်ဝိုက်ကနေ ထွက်ပြေးသွားကြတဲ့စစ်ဘေးဒုက္ခသည်တွေ အများဆုံး ပုန်းခိုနေ တဲ့နေရာဖြစ်တဲ့ ကဒ်ဒီစတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပထမဆုံးသွားရောက်မှာ ဖြစ်ပါကြောင်းဖြင့် သတင်းထုတ်ပြန်တော်မူလိုက်သည်။ သံတမန်အသိုင်းအဝိုင်းကမူ သံအမတ်ကြီးဟောင်း ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီသည် အရှေ့အလယ်ပိုင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ သံတမန်များနှင့်မိမိ၏ရှိနှင့် ပြီးသော ကွန်ယက်များကို ချိတ်ဆက်ပြီး ရဟန်းမင်းကြီးနှင့် သံတမန်များကို စက်တင်ဘာလလောက်တွင် ဗာတီကန်နန်းတော်တွင် တွေ့ဆုံပွဲပြုလုပ်ဖွယ်ရှိနိုင်သည်ဟု ထင်ကြေးပေးနေကြသည်။

ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီသည် ၂၀၀၁ ခုနှစ် ၂၀၀၆ ခုနှစ်အထိ ဂျော်ဒန်နှင့်အီရတ်နိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီး ဖြင့် အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။  ဆရာတော်ကြီး ဖီလိုနီသည် အမေရိကန်နိုင်ငံက ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံကို ဝင်ရောက်သိမ်းပိုက်ချိန်တွင် အီရတ်နှင့် ဂျော်ဒန်နိုင်ငံ ဆိုင်ရာ ဗာတီကန်သံအမတ် ကြီးအဖြစ် အီရတ်နိုင်ငံတွင် ကျန်ရှိနေသော သံအမတ်ဟောင်း ဖြစ်တော်မူ သည်။ ၂၀၀၃ ခုနှစ်က အီရတ်ကို အမေရိကန်စစ်တပ်က ဝင်ရောက်တိုက်ခိုက်ချိန်တွင် အီရတ်နိုင်ငံရှိ သံအမတ်ကြီး၊ သတင်းထောက်များအားလုံး အီရတ်နိုင်ငံမှ ထွက်ခွာသွားကြသော်လည်း  ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီသည် အီရတ်တွင် ကျန်ရှိသော တစ်ဦးတည်းသော သံအမတ်အဖြစ် နာမည်ကျော်ကြားပြီး ဗာတီကန်သံရုံးရှေ့တွင် အသေခံဗုံးခွဲသမား၏ လုပ်ကြံမှုမှ တသီသီ လွတ်မြောက်ခဲ့သူဖြစ်သည့်အပြင် ကိုယ်စောင့် တပ်ကိုလည်း မထားရှိသောသံအမတ်အဖြစ် ထင်ရှားခဲ့သည်။ လက်ရှိတွင်မူ၊ ကာဒီနယ် ဖယ်နန်ဒို ဖီလိုနီသည် ပုပ်ရဟန်းမင်းကြီး လက်အောက်ရှိ သာသနာပြန့်ပွားရေးကော်မရှင်၏ဥက္ကဌ တာဝန်ကို ထမ်းဆောင်တော် မူသည်။ ၀၀၇ ကုန်ဇမှုန်း

1573  Views
Previous: ကက်သလစ်သာသနာတော်၏ ငွေကြေးများကို စာရင်းအင်းများဖြင့် သေချာကိုင်တွယ် မည်ဟု ဗာတီကန်ဘဏ္ဍာရေးဥက္ကဌသစ် ကာဒီနယ်ဆရာတော် ဂျော့ပယ်လ်က မီးစိမ်းပြ
Next: ဗာတီကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ရေး ပိုကောင်းလာတဲ့လက္ခဏာ