လုပ်ငန်းတာဝန်များ၌ပေါ့ဆသော ကက်သလစ်ဆရာတော်ကြီးများကို သာသနာပိုင်ဆရာတော်အဖြစ်မှ ထုတ်ပယ်နိုင်သော ဥပဒေတစ်ခုကို ရဟန်းမင်းကြီး ပြဌာန်းတော်မူ

004

ဗာတီကန်၊ ဇွန် ၄၊ ၂၀၁၆ CNA

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လုပ်ငန်းတာဝန်များ၌ပေါ့ဆသော ကက်သလစ်ဆရာတော်ကြီးများကို သာသနာပိုင် ဆရာတော်အဖြစ်မှ ထုတ်ပစ်နိုင်မည့် ဥပဒေတစ်ခုကို ဇွန်လ (၄) ရက်နေ့တွင် ပြဌာန်းတော်မူလိုက်သည်။ ၎င်းဥပဒေသည် ကလေးငယ်များနှင့် မမာမကျန်းဖြစ်သူများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး၊ ဆရာတော်တစ်ပါးပါးက ၎င်းလုပ်ငန်းများကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်း သို့မဟုတ် ပေါ့ဆလျှင် ၎င်းဆရာတော်ကို သူ၏တာဝန်မှ ထုတ်ပယ်မည့်ဥပဒေ တစ်ခုဖြစ်သည်။

၎င်းဥပဒေ၏ အမည်သည်ကား ““ချစ်စရာကောင်းသောမိခင်ကဲ့သို့”” ဟု ခေါင်းစဉ်တပ်ထားပြီး ၎င်းဥပဒေသည် ဗာတီကန်နိုင်ငံ၏ အသုံအနှုန်းအရ မိုတူပရိုပီအိုa motu proprio ဖြစ်ကာ အနက်မှာ ““ရဟန်းမင်းကြီး (သို့မဟုတ်) ဘုရင်တစ်ပါးပါးက မိမိသြတပစိတ်လှုံ့ဆော်ခြင်းအရ လိုအပ်သည်ဟု ယူဆသော အကြောင်းအရာတစ်ခုကို ရေးသားပြီး လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသော အမိန့်စာ”” ကို ဆိုလိုသည်။ ၎င်းဥပဒေသည် ကက်သလစ်ဆရာတော်ကြီးများနှင့် သူတော်စင်အသင်းဂိုဏ်းမှ အကြီးအကဲများအတွက် သီးသန့်ထုတ်ပြန်ပေးထား ခြင်းဖြစ်ပြီး ၎င်းတို့အားလုံးသည် အထက်ပါအကြောင်းအရာများအပေါ်တွင် ပေါ့ဆလျှင်မူ တာဝန်မှ ထုတ်ပယ်ခံကြရမည် ဖြစ်သည်။

ဗာတီကန်၏ပြောရေးဆိုခွင့်ရှိသော ဘုန်းတော်လွမ်ဘာဒီက ရဟန်းမင်းကြီးထုတ်ပြန်ထားသော ဥပဒေအတွင်းရှိ အချက်အလက်များ ကို ရှင်းပြရာတွင် ““ပထမအဆင့်တွင် ဆရာတော်တစ်ပါးသည် မိမိဖက်က လုပ်ငန်းတာဝန်အရ တာဝန်ရှိသော်လည်း ပေါ့ဆပျက် ကွက်လျှင်မူ မိမိ၏လုပ်ငန်းတာဝန်မှ ထုတ်ပယ်ခြင်း ခံရမည်ဖြစ်သည်ဟုလည်းကောင်း၊ ဒုတိယအချက်ကမူ ဆရာတော်တစ်ပါးက ကလေးငယ်များနှင့် မမာမကျန်းသူများအား အလွဲသုံးစားအနိုင်ကျင့်မှုအတွက် တာဝန်ရှိခြင်းအပေါ် လုံလဝီရိယကင်းမဲ့လျှင် ၎င်းဆရာတော်ကို တာဝန်မှ ထုတ်ပယ်မည်”” ဟု ဆိုလိုခြင်း ဖြစ်ကြောင်း သတင်းထောက်များအား ရှင်းပြတော်မူသည်။

ထိုကဲ့သို့သော ဆရာတော်တစ်ပါးအား လုပ်ငန်းတာဝန်မှ ထုတ်ပယ်ခြင်းကို ကက်သလစ်သာသနာတော်၏ ကာနွန်ဥပဒေက ခွင့်ပြုထားကြောင်း သိရှိရသည်။ ထိုကဲ့သို့ ဆရာတော်တစ်ပါးကို တာဝန်ပေါ့ဆခြင်းနှင့်လုံလဝီရိယကင်းမဲ့ခြင်းကြောင့် လူတစ်ဦး သို့မဟုတ်အဖွဲ့အစည်းတစ်ခုခုအပေါ် ဆိုးကျိုး (ဝါ) အန်္တရာယ်တစ်ခုခုကို ကျရောက်စေလျှင် ၎င်းဆရာတော်ကို ရဟန်းမင်းကြီးရုံး တော်သို့ တိုင်ကြားရမည် ဖြစ်သည်။

၎င်းတိုင်ကြားချက်ကို အခြေခံပြီး ဗာတီကန်နိုင်ငံရှိ ရဟန်းမင်းကြီးလက်အောက်က ကက်သလစ်ဆရာတော်ကြီးများဆိုင်ရာရုံး၊ လူမျိုးစုများထံသို့ သာသနာပြုခြင်းဆိုင်ရာရုံး၊ အရှေ့ပိုင်း ကက်သလစ်သာသနာတော်များဆိုင်ရာရုံး၊ ဘဝအသက်တာပူဇော် ထားသူများနှင့်သာသနာပြုသူများဆိုင်ရာရုံးများက ၎င်းဆရာတော်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်သည်ဟု ဘုန်းတော်လွမ်ဘာဒီက ရှင်းပြသည်။ ၎င်းစုံစမ်းရေးအဖွဲ့များသည် မိမိတို့၏တွေ့ရှိချက်များကို ရဟန်းမင်းကြီးထံသို့ တင်ပြရကာ ရဟန်းမင်းကြီးက အပြီးပြတ်ဆုံးဖြတ်ရမည် ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ထုတ်ပြန်သော ၎င်းဥပဒေထဲတွင် ““ကက်သလစ်သာသနာတော်သည် မိမိ၏သားသမီးများ ကို ချစ်မြတ်နိုးပါကြောင်း သို့သော် အငယ်ဆုံးသောသူများနှင့် ခုခံပိုင်ခွင့်မရှိသူများကို ထူးခြားသော မေတ်္တာတရားဖြင့် စောင့်ရှောက် ပေးသည့်အပြင် ကာကွယ်ပေးထားပါကြောင်း၊ ဤကဲ့သို့သော လုပ်ဆောင်ချက်သည် ယေဇူးခရစ်တော်ဘုရားမြတ်က ခရစ်ယာန် လူ့အဖွဲ့အစည်းတစ်ခုလုံးထံသို့ ပေးအပ်တော်မူခဲ့သော တာဝန်ဖြစ်ကြောင်း”” ဖြင့် ဖော်ပြထားတော်မူသည်။ ၀၁၄ ဝင်းလှိုင်ဦး

1840  Views
Previous: အာဆီယံနိုင်ငံများက ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ကူညီပေးပါရန် ကာဒီနယ်ချားလ်စ်ဘို တောင်းဆို
Next: ရဟန်းမင်းကြီးဖရန်စစ်က ဆရာတော်ကြီး ဘာစီလိအိုအားသိုင်အား တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်လိုက်တော်မူ