သင်၏မဲပေးပိုင်ခွင့်ကို အသုံးချခြင်းဖြင့် သင်၏နိုင်ငံ့ကိုယ်စားလှယ်ကို သင့်မဲပြားတစ်ချပ်ဖြင့် ရွေးချယ်ပါ။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် အကောင်းဆုံးသော အုပ်ချုပ်ရေးစနစ်တော့ မဟုတ်ပေ။ သို့သော် ကမ်္ဘာပေါ်တွင် ပေါ်ထွန်းခဲ့သော ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်၊ ကျွန်စနစ်၊ စစ်အာဏာရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ကိုလိုနီစနစ်၊ ကွန်မြူနစ်စနစ်နှင့်ဒီမိုကရေစီစနစ်တို့တွင် လူသားများ၏ လူ့တန်ဖိုးနှင့်လူ့အခွင့်အရေးကို အရေးပေးဆုံးသော စနစ်မှာ ဒီမိုကရေစီစနစ်သာ ဖြစ်သည်ကို တွေ့ရှိရသည်။
ကက်သလစ်သာသနာတော်၏အုပ်ချုပ်ရေးစနစ်ကမူ အထက်ကဖော်ပြခဲ့သော အုပ်ချုပ်ရေးစနစ်ထဲက ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ သို့သော် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကက်သလစ်သာသနာ တေ်ကို စတင်ဦးဆောင်ချိန်မှစပြီး ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ထဲက ခေတ်မမှီတော့သည့် ကက်သလစ်သာသနာ တော်၏ အုပ်ချုပ်မှုနှင့်တရားစီရင်မှုတချို့ကို ပြန်လည်ပြင်ဆင်ပေးခြင်း၊ သာသနာပိုင်ဆရာတော်များကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်လာခြင်း၊ နိုင်ငံအသီးသီးရှိ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်လာခြင်း၊ ရိုးရှင်းသောလုပ်ထုံးလုပ်နည်းများကို ချမှတ်ခြင်း၊ ရသုံးမှန်းချေကိုအခြေခံသော ဗာတီကန်ဘဏ္ဍာရေးစနစ်ကို ကျင့်သုံးလာခြင်း၊ ဗာတီကန်ဘဏ်ကို ပြင်ပစာရင်းစစ်များဖြင့် စစ်ဆေးစေခြင်း၊ ဗာတီကန်နိုင်ငံထဲ၌ ပညာတတ် အမျိုးသမီးများကို ဝန်ကြီးများအဖြစ် ခန့်ထားခြင်း စသော ဒီမိုပညာတတ်အုပ်ချုပ်ရေးစနစ်သို့ တဖြည်းဖြည်းကူး ပြောင်းလာနေသည်ကို တွေ့ရသည်။


၎င်းဒီမိုကရေစီစနစ်တွင် အုပ်ချုပ်သောအစိုးရ၊ တရားစီရင်သောဥပဒေရုံးနှင့် ဥပဒေများကို ပြဌာန်းပေး သော လွှတ်တော် ဟူသော သုံးရပ်အပြင် ၎င်း (၃) ရပ်ကို စောင့်ကြည့်ထောက်ပြသော လွတ်လပ်သောစာနယ် ဇင်း/သတင်းရယူရေးသားခွင့်လည်း ပါဝင်သည်။ ၎င်း (၄) ခုတို့ကို ပေါင်းပြီး ဒီမိုကရေစီစနစ်၏ဒေါက်တိုင်များ အဖြစ် တင်စားကြလေသည်။
ဒီမိုကရေစီဆိုသည်မှာ ဂရိစကားမှ ဆင်းသက်လာပြီး ““ဒီမို”” ဆိုသည်မှာ ““ပြည်သူလူထု”” ဟု လည်းကောင်း၊ ““ကရေစီ”” ဆိုသည်မှာ ““အုပ်ချုပ်ခြင်း”” ဟု အနက်ရသည်။ ထို့ကြောင့် ဒီမိုကရေစီဆိုသည်မှာ အုပ်ချုပ်သူကို ပြည်သူက ရွေးချယ်တင်မြှောက်ခြင်း ဟု အနက်ရသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် ပြည်သူလူထုက မိမိတို့အုပ်ချုပ်နိုင်သော လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးရွေးချယ်ရပြီး မိမိတို့ရွေးချယ်တင်မြှောက်ထား သော လွှတ်တော်ကိုယ်စားလှယ်က မိမိတို့ဘဝကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးရခြင်းနှင့် အလုပ်ကောင်း ကောင်းမလုပ်သော ၎င်းလွှတ်တော်ကိုယ်စားလှယ်ကို မိမိတို့မဲပေးသူများက ပြန်လည် ဖြုတ်ချနိုင်ခြင်းပင် ဖြစ်သည်။
ရင့်ကျက်သော ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူလူထုက မိမိတို့၏သမ်္မတကို တိုက်ရိုက်မဲပေးရွေးချယ် သော စနစ် (ဥပမာ အမေရိကန်နိုင်ငံ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစတန်၊ ရုရှားစသဖြင့်) ကို ကျင့်သုံးကြသည်။ သို့သော်မြန်မာနိုင်ငံတွင်မူ စစ်အစိုးရက ၂၀၀၈ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုက သမ်္မတကို တိုက်ရိုက်ရွေးချယ်နိုင်သော စနစ်ကို မကျင့်သုံးစေဘဲ လွှတ်တော်ကိုယ်စားလှယ်များက သမ်္မတကို ပြန်လည်ရွေးချယ်သောစနစ်ကို ပြဌာန်းထားသည်။ ဤအချက်ကိုလည်း ပြင်ဆင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သင့်ဘဝ၊ သင့်မိသားစု၊ သင့်ဆွေမျိုး၊ သင့် ပတ်ဝန်းကျင်နှင့်သင့်နိုင်ငံကို ပိုမိုတိုးတက်စေချင်လျှင် သင်အားပေးသော လွှတ်တော်အမတ်များကို သင်၏မဲတစ် ချပ်ကို မဲပုံးထဲသို့ ထည့်ခြင်းဖြင့် ရွေးချယ်လိုက်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။

922  Views
Previous: Cardinal Charles Bo urges his People to Make a Discerned Choice in the Myanmar Elections
Next: ကလေးကက်သလစ်ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန်က ကလေးကက်သလစ်သာသနာရှိ မိမိရဟန်းများ၏ကျန်းမာရေးကုသစရိတ်ကို ပံ့ပိုးပေးနေ