အငြိမ်းစားဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်က မိမိသည် ဗာတီကန်နန်းတော်မှမျှတသောတရားစီရင်မှုကို မရရှိဟုခံစားရ

မြန်မာနိုင်ငံမြောက်ပိုင်းမြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာမှ အငြိမ်းစားဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် က မိမိသည် ဗာတီကန်နန်းတော်မှမျှတသောတရားစီရင်မှုကို မရရှိဟု ခံစားရကြောင်း ကြားသိရပါသည်။ သူ၏ခံစားချက်နှင့်စပ်လျဉ်းပြီး ဂလိုရီယာသတင်းဂျာနယ်တိုက်က ဆရာတော်ကြီးကို အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဆရာတော်ကြီးက ပြန်လည်ဖြေကြားခြင်းတော့ မပြုလုပ်ပေ။

 

မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာမှ အငြိမ်းစားဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်

 

ရဟန်းမင်းကြီးအရှင်သူမြတ်က မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာမှဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်၏ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တာဝန်မှအနားယူရန်တောင်းဆိုမှုအပေါ် ရဟန်းမင်းကြီးက ခွင့်ပြုလိုက်သည်ဟု ၂၀၂၀၊ နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးက ကြေငြာခဲ့သည်။

 

ရဟန်းမင်းကြီးသည် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုအား မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာ၏တာဝန်ခံဆရာတော်အဖြစ် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့က ခန့်အပ်တော်မူလိုက်သည်။

 

သို့သော်သူ၏ မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာမှ တချို့သောဘုန်းတော်ကြီးများနှင့်ပြည်သူလူထုက ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်သည်ကျန်းမာနေပြီး ဆရာတော်ဖြစ်လိုသော သူ၏အတွင်းလူဆိုးရဟန်းများကမြေယာ၀ယ်ခြင်းနှင့်ရောင်းချခြင်းဆိုင်ရာကိစ္စရပ်များအတွက် ရဟန်းမင်းကြီးအား တိုင်ကြားသတင်းပို့ခြင်းကြောင့်အနားယူခိုင်းခဲ့သည် ဟု ပြောဆိုနေကြသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သော မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ပိုင်အစည်းအဝေးတွင် ဆရာတော်ကြီးဖရန်စစ်ဒေါ့တန်က မိမိကို စုံစမ်းစစ်ဆေးပြီးနောက် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာတာဝန်ခံဆရာတော်ဖြစ်လာသော ကာဒီနယ်ချားလ်စ်ဘိုအား၊ အစည်းအဝေးတက်ရောက်သူများရှေ့မှာပဲ၊ အောက်ပါမေးခွန်းကို မေးမြန်းလိုက်သည်ဟု သိရသည်။

 

မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာ၏တာဝန်ခံဆရာတော်၊ ကာဒီနယ်ချားလ်စ်ဘို

 

ကာဒီနယ်ဘုရား၊ တပည့်တော်က ဘာတွေကျူးလွန်လို့ ဒီလိုအနားပေးခံရတာလဲ။ ဘိန်းရောင်းတဲ့သူတွေ၊ လူသတ်သမားတွေတောင် တရားရုံးမှာ ရှေ့နေဌားပြီး ချေပဖြေရှင်းပိုင်ခွင့် ရတယ်။ ဘာဖြစ်လို့ ကျွန်တော်က ဖြေရှင်းပိုင်ခွင့် မရတာလဲ။ ကျွန်တော့်အမှုက ဘယ်လောက်တောင် ကြီးတာလဲ။ ပြောပြနိုင်ရင် ပြောပြပါ။ နောင်မှာ သတိထားနေထိုင်နိုင်အောင် သိချင်လို့ မေးတာပါဟု အစည်းအဝေးတက်ရောက်သူများရှေ့မှာပဲ၊ မေးလိုက်သည်။ ထိုအခါ ကာဒီနယ်ချားလ်စ်ဘိုက ဆရာတော်ဒေ့ါတန်၏မေးခွန်းကို တစ်ခွန်းတလေမှ မဖြေကြားပေးကြောင်း အစည်းအဝေးတက်ရောက်သူတစ်ဦးက ဂလိုရီယာသတင်းဂျာနယ်တိုက်သို့ပြောပြသည်။

 

ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်ကို တိုင်ကြားမှုနှင့်စပ်လျဉ်းပြီး နယ်ခံသီလရှင် မာရီယားရွယ်ကို မေးမြန်းရာတွင် သူမက၊ ဆရာတော်ကြီးဟာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့်တရုတ်ကုမ္ပဏီကြီးများ၏မြေယာသိမ်းပိုက်ခြင်းကိုတားဆီးပြီး ဒေသခံများပြည်သူများကိုကိုယ်ပိုင်အလုပ်နှင့်ကိုယ်ပိုင်ဝင်ငွေများ လုပ်ကိုင်စေရန်အတွက် အစိုးရထံနှင့်ကေအိုင်အေအဖွဲ့အစည်းထံမှ မြေဧကပေါင်း (၇၀၀၀) ကျော်ကို သာသနာတော်အတွက် လျှောက်ထားရရှိခြင်း၊ ဝယ်ယူခြင်းနှင့်ပိုင်ဆိုင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းမြေများပေါ်တွင် လယ်ယာမဲ့ကချင်ပြည်သူများဟာ လုပ်ကိုင်စားသောက်နေကြကြောင်း၊ တချို့မြေကွက်များပေါ်တွင်စစ်ပြေးဒုက္ခသည်များကို ပြန်ခေါပြီး ပြန်လည်နေရာချထားပေးခဲ့သည်ဟု ရှင်းပြသည်။ သို့သော် သူမက၊ အခုလိုတိုင်ကြားခံရမှုကို ကြည့်ရရင်၊ ဆရာတော်ဒေါ့တန်ဟာ သူ့ရဲ့ကောင်းသောရည်ရွယ်ချက်များကို မိမိရဲ့ရဟန်းတော်များအား ကြိုတင်တိုင်ပင်ဆွေးနွေးအသိပေးမှုများ မရှိခဲ့ခြင်းကြောင့်၊ ဆရာတော့်ကို ဖြုတ်ချလိုသော တချို့သောမြစ်ကြီးနားရဟန်းများက သူတို့ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကို ပူးပေါင်းပြီး၊ ဆရာတော်ဟာ သာသနာ့ငွေများကို အလွဲသုံးစားလုပ်ပြီး ဧကထောင်ပေါင်းများစွာသော မြေကွက်များကို ပိုင်ဆိုင်ရောင်းဝယ်နေသည်ဟု ရဟန်းမင်းကြီးရုံးတော်သို့ တိုင်ကြားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်လေသည်။

 

တိုင်ကြားခံရခြင်းကို စုံစမ်းရန်အတွက် ရဟန်းမင်းကြီးရုံးတော်က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကို တာဝန်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ကာဒီနယ်ချားလ်စ်ဘိုသည် မြစ်ကြီးနားသို့ သွားရောက်ကာ တစ်ပတ်သာ စုံစမ်းခဲ့သည်ဟု ကြားသိရသည်။ ၎င်းစုံစမ်းမှုအပေါ် ဦးမြတ်စိုးလတ်က၊ မျှတတဲ့စုံစမ်းမှု မဟုတ်ဘူးလို့မြင်ပါတယ်။ တိုင်တဲ့သူတွေဖက်ကိုသာ မေးမြန်းစုံစမ်းပြီး၊ အတိုင်ခံရသူဖက်ကို ဏဏနန မစုံစမ်းခဲ့ဘူးလို့ သိရတယ်။ မျှတသောစုံစမ်းမှုသာ ဖြစ်ခဲ့မယ်ဆိုရင် ဆရာတော်ကြီးဒေါ့တန်ဟာ အခုလိုခံစားစရာ အကြောင်းမရှိဘူးလေဟု ဖြေကြားသည်။

 

ဆရာတော်ဖရန်စစ်ဒေါ့တန်က တချို့မြေကွက်တွေကို မိမိနာမည်နဲ့ မှတ်ပုံတင်ထားတာတွေ ရှိသလို တချို့မြေများကိုလည်း တခြားရဟန်းတွေရဲ့နာမည်နဲ့ မှတ်ပုံတင်ထားတာလည်း ရှိပါတယ်။ အရေးကြီးတာက ဒီမြေတွေကို တခြားလူတွေက လွယ်လွယ်ကူကူခိုးရောင်းတာမျိုးတွေ မလုပ်နိုင်အောင်ဆိုပြီး ကက်သလစ်သာသနာတော်အတွက် ရည်စူးပြီး လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ခုခံပြောဆိုသည်ဟု ကြားသိရသည်။ ဒီလိုရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ ရဟန်းမင်းကြီးရုံးက မိမိအား ဦးစွာဖြေရှင်းခွင့် မပြုဘဲ မိမိကိုတိုင်ကြားသူများဖက်ကသာ တဖက်သတ်နားထောင်ခဲ့သည်ဟု ဝေဖန်ပြောဆိုလိုက်သည်။

 

ကာဒီနယ်ချားလ်စ်ဘိုက မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ၏တာဝန်ခံဆရာတော်ဖြစ်လာသောအခါ၊ သာသနာ့မြေများကို စုံစမ်းစစ်ဆေးထိန်းသိမ်းကော်မတီတစ်ခုကို ဖွဲ့စည်းပြီး ၎င်းကော်မတီက စုံစမ်းစစ်ဆေးခဲ့သည်ဟု ကော်မတီဝင်တစ်ဦးက ပြောပြသည်။ သူက၊ ဆရာတော်ဖရန်စစ်ဒေါ့တန်ကို စွပ်စွဲတဲ့မြေတွေနဲ့ငွေတွေကို ကော်မတီက စစ်ဆေးတဲ့အခါမှာ၊ ဆရာတော်ဖရန်စစ်ဒေါ့တန်ဖက်မှ အလွဲသုံးစားလုပ်ထားတာတွေကို ဘာမှမတွေ့ရဘူး၊ ငွေစာရင်းနှင့်မြေစာရင်းတွေလည်း သေချာထိန်းသိမ်းထားတာကို တွေ့ရသည်ဟု ဂလိုရီယာသတင်းဂျာနယ်သို့ ပြောပြသည်။

 

ဒေသခံကက်သလစ်ဘာသာဝင်တစ် ဦးက မြစ်ကြီးနားကက်သလစ်သာသနာမှာက ရဟန်းတွေရဲ့မနာလိုဝန်တိုမှုတွေဟာ ပြင်းထန်လွန်းလို့ ရယ်စရာကောင်းကြောင်း၊ သို့သော် ကာဒီနယ်ချားလ်စ်ဘိုလက်ထက်မှာတော့ ပိုမိုကောင်းမွန်တဲ့ သာသနာအုပ်ချုပ်မှုကို မျှော်လင့်မိပါတယ်ဟု ဖြေကြားပေးသည်။

 

ဖားကန့်မြို့ပေါ်ရှိ ဆလိုင်းဘွေအုပ်က၊ ကချင်ကက်သလစ်ရဟန်းထဲမှာလည်း လူမျိုးရေးက ပြင်းထန်တယ်လေ။ ဒါကြောင့် လူမျိုးကြီးအုပ်စုက လူမျိုးငယ်အုပ်စုလို ဆရာတော်ကြီးဖရန်စစ်ဒေါ့တန်ကို ဖြုတ်ချနိုင်တာပေါ့။ သာသနာထဲမှာတော့ လူမျိုးရေး မပါလာရင် သိပ်ကောင်းမှာပေါ့ဟု မီးမောင်းထိုးပြသည်။

 

ဒေသခံသီလရှင်တစ်ပါးက၊ ဆရာတော်ဒေါ့တန်က ရိုးတယ်၊ ဘုရားတရားရှိတယ်။ ဒါပေမယ့်စီမံခန့်ခွဲမှုလည်း ညံ့တယ်လို့ပြောရမှာပေါ့။ ဘုရားတရားရှိပြီး ရိုးသားခြင်းတွေက သူ့ကို မျက်ကန်းဖြစ်စေပြီးတော့ မိမိကိုအန်တုတဲ့သူတွေ၊ မိမိလုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို မမြင်နိုင် ဖြစ်သွားတယ်လို့မြင်ပါတယ်။ ဆရာတော်က တခြားသာသာနာတိုးတက်ရာတိုးတက်ကြောင်းမှာတော့ အားနည်းချက်တွေရှိတာတော့ မှန်ပါတယ်။ ဆရာတော်ဆိုတာ မြေယာတွေပဲ စိတ်ဝင်စားလို့ မရဘူးလေ။ ဒီထက်အရေးကြီးတဲ့ သာသနာတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကိုလည်း အာရုံစိုက်ဖို့ လိုပါတယ်။ ဒါပေမယ့် မြေကိစမှာတော့ အပြင်မှာ စွပ်စွဲသလိုတော့ မဟုတ်ဘူးဆိုတာတော့ ပြောရဲပါတယ်ဟု ဂလိုရီယာသတင်းဂျာနယ်တိုက်သို့ ဖြေကြားပေးသည်။

 

မှန်ပါသည်။ ကက်သလစ်သာသနာတော်သည် တရားမျှတမှုကိုဟောပြောသော်လည်း တရားမျှတမှုကို လက်တွေ့မကျင့်သော ကက်သလစ်ဆရာတော်နဲ့ရဟန်းတော်များ များစွာ ရှိနေကြပါသေးသည်။ တချို့သော ကက်သလစ်ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များနှင့်သာမန်ဘာသာဝင်တို့သည် လူသားများ၊ ကက်သလစ်သာသနာတော်နှင့်ဘုရားသခင်တို့ကို အနစ်နာခံကာ သက်ဆုံးတိုင် အစေခံခဲ့ကြသော်လည်း နောက်ဆုံးတွင်မူ ကက်သလစ်သာသနာတော်ရှိလူကြီးများ၏ စွန့်ပစ်လျစ်လျူရှုခြင်းကိုခံစားရင်း ဘဝကို အကျည်းတန်စွာဖြင့် နိဂုံးချုပ်ခဲ့ကြလေသည်။

 

ဆရာတော်ဒေါ့တန်သည် မိမိသိချင်သော အဖြေကို ဗာတီကန်နန်းတော်မှ ကြားရတော့မည်မဟုတ်ကြောင်းကို သိရှိလာပြီးနောက် ယခုအခါ သူသည် နာခံခြင်းအပြည့်ဖြင့် ရဟန်းမင်းကြီး၏ဆုံးဖြတ်ချက်အတိုင်း အငြိမ်းစားယူလိုက်ပြီးနောက် မိမိတတ်နိုင်သော ဘာသာရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေလေသည်။

 

(၇) လကြာ အချိန်ယူပြီးနောက် ယခုအခါတွင်မူ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ၏တာဝန်ခံဆရာတော်ဖြစ် တော်မူသော ကာဒီနယ်ချားလ်စ်ဘိုသည်လည်း ဆရာတော်ဒေါ့တန်ကို ဆက်ခံမည့် ဆရာတော်တစ်ပါးကို ရွေးကောက်တင်မြောက်နိုင်ရေးအတွက် မြစ်ကြီးနားကက်သလစ်သာသနာထဲမှ ရဟန်းများအကြားတွင် ဆရာတော်ဖြစ်ထိုက်သော ကိုယ်စားလှယ်လောင်းမဲများကို စတင်ကောက်ယူလုပ်ဆောင်နေပြီဖြစ်ပါသည်။

 

ဆရာတော်ကြီးဒေါ့တန်သည် မြစ်ကြီးနားကက်သလစ်သာသနာမှ ရဟန်းတချို့နှင့်ဗာတီကန်အတွက် အညတရလူ (အသုံးမကျတဲ့သူ) ဖြစ်နေဌားသော်လည်း ထောင်နဲ့ချီသော ကချင်ကက်သလစ်ဘာသာဝင်များအတွက်ကမူ၊ သူရဲကောင်းအဖြစ် အမှတ်ရနေကြအုံးမည်မှာ သေချာသည်။

 

ဆရာတော်ကြီးဒေါ့တန်သည် ၁၉၄၉၊ ဒီဇင်ဘာ ၁၉ ရက်၊ ဖားကန့်စီရင်စုနယ်၊ ဘွန်ဒွမ်ကျးရွာတွင်မွေးဖွားခဲ့သည်။ သူသည် ၁၉၇၉ ခုနှစ်မတ်လ ၂၅ ရက်တွင် ကက်သလစ်ရဟန်းသိကာကို ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်လက်တော်မှ ရရှိတော်မူခဲ့သည်။ထို့နောက်သူသည် နန်လင်းရဟန်းစီရင်စုတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ၁၄ နှစ်တာ၀ န်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ မှ ၂၀၀၂ အထိသူသည် ဖားကန့်စီရင်စု၏ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်သည်။ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင်သူသည် ဆရာတော်သိကာကိုလက်ခံရရှိခဲ့ပြီးမြစ်ကြီးနားရှိ၏လက်ထောက်ဆရာတော်အဖြစ်အမှုဆောင်ခဲ့သည်။ သူသည် ၂၀၀၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင်မြစ်ကြီးနားကက်သလစ်သာသနာတော်၏ တာဝန်ခံဆရာတော်အဖြစ်ခန့်အပ်ခြင်းခံရသည်။ ၂၀၀၄၊ ဒီဇင်ဘာ ၃ ရက်တွင်ရဟန်းမင်းဂျွန်ပေါလ် ၂ က သူ့ကိုမြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ သာသနာပိုင်ဂိုဏ်းအုဆရာတော်အဖြစ် ခန့်အပ်ခဲ့သည်။

 

ယခုသီတင်းဆောင်းပါးကို ရေးသားသော ဂျိုးဇက်ကုန်ဇမှုန်းသည် ဆရာတော်ကြီးဖရန်စစ်ဒေါ့တန်နှင့်ပတ်သက်သော စွပ်စွဲသောမြေကိစများကို (၅) လကြာအတွင်း မြစ်ကြီးနားနယ်မှ ရဟန်းတချို့၊ သီလရှင်တချို့၊ အသင်းအုပ်ဆရာဆရာများနှင့်ဘာသာဝင်များကို စုံစမ်းမေးမြန်းပြီးမှ ယခုဆောင်းပါးကို တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။

2951  Views
Previous: Bishop Francis Daw Tang feels Vatican does not give him a fair trial
Next: ပြင်ဦးလွင် စစ်လေယာဉ်ပျက်ကျမှု စစ်တပ်အရာရှိတွေ အပါအဝင် ၁၂ ဦး သေဆုံး