အမေရိကန်က ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း သန်း ၈၀ ပြည်ပကို ဖြန့်ဝေမည်

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ တိုက်ဖျက်မှုမှာ အမေရိကန်ဘက်က ပိုပြီး ကူညီဆောင်ရွက်နေကြောင်း ကြေညာတဲ့ သမ္မတ Joe Biden က လာမယ့် ဇွန်လကုန်ပိုင်း အရောက်မှာ ကမ္ဘာတလွှားကို COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၂၀ ထပ်မံဖြန့်ဖြူးမယ့် အကြောင်း ပြောဆိုခဲ့ပါတယ်။

ပြည်တွင်း ဘေးကင်းလုံခြုံမှု၊ နောက် တခြားသူတွေကို မှန်မှန်ကန်ကန် ထောက်ပံ့ကူညီရေး အတွက် ကမ္ဘာတလွှား ကပ်ဘေးရောဂါ တိုက်ဖျက်ရေးကို ပံ့ပိုးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သမ္မတ Biden က အိမ်ဖြူတော် East Room ခန်းမကြီးမှာ ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်တွင်းသုံး အဖြစ် ခွင့်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးတွေက စပြီး ပိုလျှံလာနေတာနဲ့ အတူ အခု ပြည်ပကို အမေရိကန်က ပထမဆုံး အကြိမ် စတင် ပို့ဆောင်မယ့် အထဲမှာ အဲဒီ ဆေးတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်ကနေ တခြားနိုင်ငံတွေကို ပို့ဆောင်ပေးဖို့ အတွက် AstraZeneca ဆေးအလုံးရေ သန်း ၆၀ စီစဉ်ထားပြီး ဖြစ်ပြီး နောက်ထပ် ဖြန့်ဝေမယ့် ဆေးအလုံးရေ သန်း ၂၀ ကတော့ Pfizer , Moderna နဲ့ Johnson & Johnson ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။

“ လာမယ့် သီတင်း ၆ ပတ် အတွင်း အမေရိကန် ပြည်ထောင်စုက တခြားနိုင်ငံတွေကို COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၈၀ ပို့ဆောင်မှာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာဆိုရင် အမေရိကန် ပြည်ထောင်စု အတွင်း ဇွန်လကုန်မှာ ထုတ်လုပ်မယ့် ကာကွယ်ဆေး စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း အရေအတွက် ဖြစ်ပါတယ်။ အမေရိကန်က တခြားနိုင်ငံတွေကို ဖြန့်ဝေမယ့် ကာကွယ်ဆေး အရေအတွက်ဟာဆိုရင် အခု အချိန်ထိ တခြားနိုင်ငံတွေက ပံ့ပိုး ကူညီ ဖြန့်ဝေနေတဲ့ ကာကွယ်ဆေး ပမာဏရဲ့ ၅ ဆ ရှိပါတယ်” လို့ အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တာပါ။

ဘယ်နိုင်ငံတွေကို ဖြန့်ဝေပေးမလဲ ဆိုတာကတော့ လာမယ့် ရက်ပိုင်း အတွင်း အသိပေးနိုင်မယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်ရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ လက်ရှိ အချိန်ထိတော့ AstraZeneca ကာကွယ်ဆေး ၄ ဒသမ ၅ သန်းကို အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေကို အမေရိကန်က ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။

430  Views
Previous: လက်ရှိ မြန်မာနိုင်ငံ ပညာရေးအခြေအနေက စိုးရိမ်စရာကောင်းတယ်
Next: ဗိုလ်ချုပ်ရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် စစ်ကောင်စီ စီစဉ်