(၂၀၁၈) ခုနှစ်အတွင်းက ဂလိုရီယာသတင်းဂျာနယ်အခြေအနေကို အစီရင်ခံခြင်း

ဂလိုရီယာသတင်းဂျာနယ်ကို ဖေ့စ်ဘုတ်မှလည်းကောင်း၊ ဂျာနယ်အင်တနက်စာမျက်နှာမှလည်းကောင်း၊ ပုံနှိပ်စာရွက်မှ လည်းကောင်း ဝယ်ယူဖတ်ရှုအားပေးကြပါသော ပြည်တွင်းပြည်ပရှိဂျာနယ်ဖတ်ပရိသတ်များ အားလုံးကို ၂၀၁၉ ခုနှစ်တွင် လိုရာဆန်္ဒပြည့်ဝလျက် လူမှုဘဝအဖြာဖြာ အောင်မြင်ကြပါစေကြောင်းဖြင့် နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ထုံးစံအတိုင်း နှစ်စဉ် ဇန်နဝါရီလကို ရောက်တိုင်း၊ ဂလိုရီယာသတင်းဂျာနယ်၏ထုတ်ဝေသူနှင့်အယ်ဒီတာ ချုပ်ဖြစ်သော ကျွန်တော့်အနေဖြင့်၊ ၂၀၁၈ ခုနှစ်အတွင်းက ဂလိုရီယာသတင်းဂျာနယ်၏ အရောင်းအဝယ်၊ ဖြန့်ချီမှုနဲ့ ဈေးနှုန်းများ (ဈေးကွက်အခြေအနေ) များကို အနည်းငယ်အစီရင်ခံလိုပါတယ်။

ဘာဖြစ်လို့ ဂလိုရီယာသတင်းဂျာနယ်ရဲ့ စီးပွားရေးအခြေအနေကို ဂျာနယ်ဖတ်ပရိသတ်များအား အစီရင်ခံရ သလဲဆိုရင်၊ ဒီဂျာနယ်ဟာ လူကြီးမင်းတို့တစ်ယောက်စီရဲ့ အားပေးနေခြင်းကြောင့် ရပ်တည်နိုင်ခြင်းဖြစ်တာမို့၊ ဒီဂျာနယ်ဟာ လူကြီးမင်းတို့ပိုင်တဲ့ဂျာနယ်လည်း ဖြစ်တယ်လို့ ခံစားတဲ့အတွက် ဒီဂျာနယ်ရဲ့လက်ရှိအခြေအနေကို ဂျာနယ်ဖတ်ပရိသတ်များလည်း သိသင့်တယ်လို့ ကျွန်တော့်အနေနဲ့ ခံယူတဲ့အတွက် အစီရင်ခံခြင်း ဖြစ်ပါတယ်။ဒီဂျာနယ်ရဲ့ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ထွန်းမှုကို အောက်ပါအတိုင်း အစီရင်ခံလိုပါတယ်။
(၁)။ ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၁၈ ခုနှစ်အခြေအနေတွင်မူ၊ ဒီဂျာနယ်ကို ပိတ်ပင်ထားတဲ့ ကျိုင်းတုံ၊ ပုသိမ်နဲ့ မန်္တလေး ဆရာတော်ကြီး (၃) ပါးတို့ကတော့ (၂၀၁၅) ခုနှစ်ကနေ ဒီနှစ်အထိ ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ သို့သော် ၎င်းပိတ်ပင်ထားတဲ့သာသနာ (၃) ခုထဲမှ ဂလိုရီယာသတင်းဂျာနယ်ကို ဝယ်ယူဖတ်ရှု လိုသူများက ဘုရားရှင်ရဲ့ လမ်းပြမှုကြောင့် တစ်နှစ်ပြီးတစ်နှစ် လူဦးရေတိုးလာပြီး ဖြန့်ချီပေးမယ့်သူများလည်း ဆက်လက်ပေါ်ထွက်လာကြပါတယ်။
(၂)။ ဂလိုရီယာသတင်းဂျာနယ်ရဲ့ ပြည်တွင်းဈေးကွက်သစ်အဖြစ် မိုးမောက်၊ ဖယ်ခုံ၊ ကြာအင်း၊ ချောင်းခွ၊ ဝေဘူလ၊ သံဖိုစသော မြို့ရွာ (၆) ခုတွင် ၂၀၁၈ ခုနှစ်အတွင်း တိုးချဲ့နိုင်ခဲ့ပါတယ်။
(၃)။ ဂလိုရီယာသတင်းဂျာနယ်ရဲ့ နိုင်ငံခြားဈေးကွက်သစ်အဖြစ် သြစတြေးလျားနိုင်ငံရောက် ကချင်လူမျိုးတစ်ဦးက ဒီဂျာနယ်ကို သြစတြေးလျားနိုင်ငံရှိဗမာစကားပြောကြသူများထံတွင် ဖြန့်ချီပေးနေပါတယ်။
(၄)။ ဂလိုရီယာသတင်းဂျာနယ်ရဲ့ထူးဆန်းသောဖြစ်ထွန်းမှုတစ်ခုကတော့၊ ၂၀၁၆ ခုနှစ်မှစတင်ပြီး ၂၀၁၈ ခုနှစ်အထိ နိုင်ငံခြားတွင် ပညာတော်သင်သွားကြသော မြန်မာနိုင်ငံမှ ရဟန်းတော်နှင့်သီလရှင်တချို့က ဂလိုရီယာသတင်း ဂျာနယ်အား သူတို့ရဲ့စာတမ်းပြုစုရာတွင် အသုံးပြုမှီငြမ်းရာကျမ်းအဖြစ် အသုံးပြုခွင့်ကို တောင်းခံလာခြင်း ဖြစ်ပါတယ်။ အဲဒီလိုတောင်းခံလာတဲ့အပေါ်မှာ ကျွန်ုပ်အနေနဲ့ လိုလိုလားလား လက်ခံပေးပြီး သူတို့အား ဂလိုရီယာသတင်းဂျာနယ်ကို အီးမေးလ်ဖြင့် လစဉ်ပေးပို့နေခြင်း ဖြစ်ပါတယ်။
(၅)။ တီးတိန်မြို့နယ်မှ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တစ်ဦးက ဂလိုရီယာသတင်းဂျာနယ်ကို ပုံမှန်ဝယ်ယူဖတ်ရှုခြင်း အားဖြင့် ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်တွေကို ပိုသိလာပြီး ကက်သလစ်အသင်းတော်ဖက်ကို ပြောင်းဖို့ အတွက် စဉ်းစားနေပါတယ်လို့ ဆိုက်ဇံကက်သလစ်ဘုန်းတော်ကြီးက ပြောပြပါတယ်။
(၆)။ ဂလိုရီယာသတင်းဂျာနယ်ရဲ့နယ်ကိုယ်စားလှယ်တစ်ဦးက ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ဂျာနယ်ရောင်းရငွေများ ကို ဂလိုရီယာသတင်းဂျာနယ်တိုက်သို့ (ကျပ်သိန်းလေးဆယ်ဝန်းကျင်) မပေးသွင်းနိုင်မှုနှင့်ဝမ်းနည်းစွာ ကြုံတွေ့ရပါတယ်။ သူက ဒီငွေကို ၂၀၁၉ ခုနှစ်အတွင်းမှာ ပြန်ပေးသွင်းနိုင်အောင် ဆုတောင်းပေးပါတယ်။
(၇)။ နောက်ပြီးတော့ မြန်မာနိုင်ငံရှိ ကက်သလစ် ခရစ်ယာန်ဘာသာဝင်များနဲ့နိုင်ငံသားများကို ကက်သလစ်သာသနာ တော်ရဲ့သွင်သင်ချက်တွေ၊ လှုပ်ရှားမှုတွေနဲ့ဥပဒေ ပညာပေးကဏ္ဍတွေကို တင်ဆက်ပေးနေတဲ့ ဂလိုရီယာ သတင်း ဂျာနယ်ကို လစဉ်ထုတ်ဝေနိုင်ဖို့အတွက် ကိုးရီးယားကက်သလစ် ဘာသာရေးအဖွဲ့အစည်း တစ်ခုက (၂၀၁၉-၂၀၂၀) ခုနှစ်မှာ ငွေကျပ်သိန်းနှစ်ရာတိတိကို ဂလိုရီယာ သတင်းဂျာနယ်တိုက်သို့ လှုဒါန်းခဲ့ပါတယ်။
(၈)။ ဟိုးတောင်ပေါ်ဒေသဖက်က ပလက်ဝနယ်ဖက်ရှိ ကျောင်းဆရာတစ်ယောက်က၊ ဒီဂျာနယ်ဟာ ကျွန်တော်တို့ကို မျက်စိဖွင့်ပေးတယ်၊ နားစွင့်ပေးတယ်၊ အစိုးရရဲ့ဥပဒေတွေကိုလည်း သိစေတယ်။ ဒီဂျာနယ်သာ မရှိရင်၊ ကျွန်တော်တို့မှာ သတင်း၊ သုတ၊ ရသ၊ ဥပဒေတွေကို မသိနိုင်ဘူး။ ဒါကြောင့် ဒီဂျာနယ်ကို အားကိုးနေပါတယ်လို့ ဖုန်းဖြင့်လှမ်းပြောပါတယ်။
နောက်ဆုံးအနေဖြင့်၊ ဤဂျာနယ်ကို ဖြန့်ချီရောင်းချပေးကြသော၊ ဝယ်ယူအားပေးနေကြသော ရဟန်း ရှင်လူအပေါင်း ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ဓမ်္မဆရာ/မများနှင့် ဖတ်ရှုကြသော ဘာသာခြား ဓမ်္မမိတ်ဆွေများနှင့်ဘာသာတူညီအစ်ကိုမောင်နှများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်။ အယ်ဒီတာချုပ်

721  Views
Previous: ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း မယ်တော်သခင်မဘုရားကျောင်းမြေသန့်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
Next: ကလေးမြို့၌ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ်္စမတ်အကြို သံဃာတော်အပါး(၁၀၀)အား ရိုမန်ကက်သလစ် ကလေးသာသနာမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း