အသည်းရောင် စီ ပိုးကို ရှာတွေ့ခဲ့တဲ့ ဆေးပညာရှင်တွေ (၃) ဦးကို ဆေးဖက်ဆိုင်ရာ နိုဘယ်ဆု ချီးမြင့်

၂၀၂၀ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အသည်းရောင် စီ ဗိုင်းရပ်စ်ပိုး (Hepatitis C) ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင် ၃ ယောက်က ဆွတ်ခူးသွားပါတယ်။

ဒီနိုဘယ်ဆုကို ဆွတ်ခူးသွားသူတွေကတာ့ ဗြိတိသျှ သိပ္ပံပညာရှင် မိုက်ကယ် ဟောတန် (Michael Houghton) နဲ့ အမေရိကန် သုတေသီတွေဖြစ်တဲ့ ဟာဗီ အောလ်တာ (Harvey Alter)၊ ချားလ်စ် ရိုက်စ် (Charles Rice) စတဲ့သူတွေဖြစ်ပါတယ်။ ဒီဆုရှင်တွေကို ပေးအပ်မယ့် ငွေကြေးမှာ အမေရိကန်ဒေါ်လာ (၁၁) သိန်းဝန်းကျင်ရှိတယ်လို့သိရပါတယ်။

နိုဘယ်ဆု ကော်မီတီက သူတို့ရဲ့ စူးစမ်းတွေ့ရှိမှုဟာ “ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အသည်းကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲ ဒီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ အတော်များပါတယ်။

၁၉၆၀ နှစ်တွေတစ်ဝိုက် သွေးသွင်းတာခံယူရတဲ့ လူနာတွေ တချို့ နောက်ပိုင်းမှာ အသည်းရောင်လာကြပြီး ဘာကြောင့်အဲဒီလို ရောဂါဖြစ်လာသလဲဆိုတဲ့ အဖြေကို ရှာမတွေ့နိုင်ခဲ့ကြပါဘူး။

အဲဒီအချိန်က သွေးသွင်းရတာဟာ အသက်ပျောက်သွားဖို့ အင်မတန်အန္တရာယ်နဲ့နီးတဲ့ အကြောင်း ဆုံလည်ထဲမှာ ကျည်တစ်တေင့်ထည့်ပြီး လှည့်ပိတ်ကာ ကိုယ့်ခေါင်းကို ပြန်ပစ်ကစားတဲ့ Russian roulette ကစားရသလိုပဲလို့ နိုဘလ်ဆု ကော်မီတီက ပုံခိုင်း ပြောပါတယ်။

ဒီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာလို့ သိခဲ့ကြရပြီးတဲ့နောက် လူနာကို ပေးမဲ့သွေးတွေကို စစ်ဆေးတဲ့နည်းတွေ မွမ်းမံပြောင်းလဲနိုင်ခဲ့ပြီး ဒီလို သွေးကနေ အသည်းရောင် စီ ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါရမှာကို ရှောင်ရှားနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်း ဒီပိုး ကို သတ်နိုင်မယ့် ထိရောက်တဲ့ ဆေးဝါးတွေကိုလည်း ဖော်ထုတ်လာနိုင်ခဲ့ကြပါတယ်။

“ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီရောဂါကို ကုသနိုင်လာပြီး ကမ္ဘာကို အသည်းရောင် စီ ပိုးကနေ ကင်းဝေးအောင်လုပ်နိုင်မယ့် မျှော်လင့်ချက်တွေ ပိုများလာနေပါပြီ” လို့ အဲဒီ ကော်မီတီက ပြောပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ကမ္ဘာမှာ အသည်းရောင် စီ ဗိုင်းရပ်စ်ပိုးရှိနေသူပေါင်း သန်း ၇၀ ရှိနေပြီး အဲဒီပိုးက တစ်နှစ်ကို လူပေါင်း လေးသိန်း ရဲ့ အသက်ကို ခြွေနေတာပါ။

 

လျှို့ဝှက် လူသတ်သမား

အသည်းရောင် အေ ဗိုင်းရပ်စ်ပိုး (Hepatitis A) နဲ့ အသည်းရောင် ဘီ ဗိုင်းရပ်စ်ပိုး (Hepatitis B) တို့ကို ၁၉၆၀ နှစ်တွေ အလယ်ပိုင်းလောက်က ရှာဖွေတွေ့ခဲ့ကြပါတယ်။

၁၉၇၂ ခုနှစ် ထဲမှာတော့ အမေရိကန် ကျန်းမာရေးဌာန တစ်ခုဖြစ်တဲ့ US National Institutes of Health မှာ လူနာတွေ သွေးသွင်းတဲ့အပေါ် လေ့လာနေတဲ့ ပါမောက္ခ ဟာဗီ အော်လ်တာက ရောဂါဆန်းဆန်း တစ်ခုကို တွေ့လိုက်ပါတယ်။

အဲဒီကာလက လှူတဲ့သွေးတွေသွင်းရတဲ့ လူနာတွေ နေမကောင်းဖြစ်တာမျိုးကို စူးစမ်းနေကြတဲ့ အချိန်ပါ။

ရောဂါရနေတဲ့ လူနာဆီက သွေးကိုထုတ်ယူပြီး ချင်ပန်ဇီမျောက်တွေကိုပေးရင် အဲဒီမျောက်တွေမှာလည်း ရောဂါဖြစ်လာတာကို သူက ပြပါတယ်။

အဲဒီ အပြည့်အစုံ နားမလည်နိုင်သေးတဲ့ ရောဂါကို “ non-A, non-B” အသည်းရောင်ရောဂါ လို့ အမည်ပေးခဲ့ကြကာ ဒီရောဂါကို ကုသနိုင်ရေး အတွက် ပညာရှင်တွေ ယနေ့အချိန်အထိ စူးစမ်းလေ့လာနေကြတာပါ။

၁၉၈၉ ခုနှစ်ကျတော့ Chiron ဆေးကုမ္ပဏီ မှာ အလုပ်လုပ်နေတဲ့ ပါမောက္ခ မိုက်ခ်ကယ် ဟောတန်က အဲဒီ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ အတွဲအဆက် (genetic sequence) ကို သီခြားခွဲထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဖလက်ဗီ ဗိုင်းရပ်စ် (flavivirus)အမျိုးအစားထဲက တစ်မျိုးဖြစ်ပြီး အသည်းရောင် စီ ဗိုင်းရပ်စ် (Hepatitis C) လို့ အမည်ပေးခဲ့ပါတယ်။

ဝါရှင်တန် တက္ကသိုလ် (Washington University)က ပါမောက္ခ ချားလ်စ် ရိုက်စ် က ၁၉၉၇ ခုနှစ်အတွင်း ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ တွေ့ရှိတာကတော့ မျိုးဗီဇ အင်ဂျင်နီယာနည်း နဲ့ သူ လုပ်ကိုင်ထားတဲ့ အသည်းရောင် စီ ဗိုင်းရပ်စ်ပိုးကို ချင်ပန်ဇီ မျောက်ရဲ့ အသည်းထဲကို ထည့်သွင်းပြီး ဒီပိုးဟာ အသည်းရောင်တာကို ဖြစ်စေကြောင်း ပြသနိုင်ခဲ့တာပါ။

ဆေးပညာဆိုင်ရာ နိုဗဲလ်ဆု ကော်မီတီက အထွေထွေအတွင်းရေးမှူးချုပ် ပါမောက္ခ သောမတ်စ် ပါးလ်မန်းက သူ ပါမောက္ခ အော်လ်တာနဲ့ ပါမောက္ခ ရိုက်စ် တို့ကိုသာ ဒီသတင်းကို ပြောပြရသေးကြောင်း ဆိုပါတယ်။

“ သူတို့က ဖုန်းနားမှာ ထိုင်နေကြတဲ့သူတွေ မဟုတ်ကြပါဘူး၊ ဒါ့ကြောင့် ၂ ခါ၊ ၃ခါ လောက် ခေါ်ကြည့်တာ ဖုန်းကို ဘယ်သူမှ မဖြေကြပါဘူး”

“ ဒါပေမဲ့ သူတို့နဲ့ ဖုန်းရပြီး ဒီသတင်းပြောနိုင်တဲ့အခါမှာတော့ သူတို့ လုံးဝ အံ့ဩသွားတယ်၊ ပြန်ပြောစရာ စကားလုံး ရှာမတွေ့နိုင်အောင် ဝမ်းသာနေခဲ့ကြတယ်၊ သူတို့နဲ့ စကားပြောရတာ သိပ်ကို ပျော်ရွှင်မိပါတယ်။” News Source: BBC News

757  Views
Previous: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အစည်း အဝေးမှထုတ်ပြန်ချက် နှင့် အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲပါ သိုးထိန်းဝတ္တရားဆိုင်ရာလမ်းညွှန်ချက်
Next: အသက်တော် (၈၁) နှစ်ရှိပြီဖြစ်တော်မူသော မန်းဒလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) ပေါလ်ဇိန်ထုန်းဂရောင် ဘုရားသခင်ထံတော်သို့ ဘုန်းတော်ဝင်စားပျံလွန်တော်မူ