ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ စိုးရိမ်ရန် မလိုဟု ဆို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင် ။ မိုးမိုး ။ ဧရာဝတီ


နေပြည်တော်၊ ဇန်နဝါရီ ၂၂၊ ၂၀၁၉

အသစ် ပြောင်းလဲ ကောက်ခံမည့် မီတာခ နှုန်းထားသည် ပြည်သူများ စိုးရိမ်စရာ ကောင်းသည့် နှုန်းထားမျိုး မဖြစ်စေရန် တွက်ချက် နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောသည်။
ဇန်နဝါရီ ၂၁ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် မီဒီယာ များ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ဖြေကြားခြင်း ဖြစ်သည်။
ဒေါက်တာ ထွန်းနိုင်က“အရမ်းကြီး စိုးရိမ်စရာ ကောင်းလောက်အောင် တက်သွားတဲ့ ပုံစံမျိုး မဖြစ်ရလေ အောင်၊ တချို့ဆို ရင် ထိခိုက်မှု လုံး၀ မရှိရလေအောင်၊ တချို့ဆိုရင်တော့ နည်းနည်းတော့ ပြောင်းသွားရမယ် ဆိုတဲ့ ဆီလျော်တဲ့ စနစ်ဖြစ် အောင် တောက်လျှောက် သုံးသပ် တွက်ချက်နေပါတယ်”ဟု ဆိုသည်။
၎င်းက ဆက်လက်၍“ခန့်မှန်း တွက်ချက်မှုတွေ အရ အမြတ် အရမ်းများသွားတယ် ဆိုတဲ့ အဖြေထွက် လာတယ် ဆိုရင် လည်း ကျနော်တို့ မကျင့်သုံးဘူး။ စက်မှု လုပ်ငန်းရှင်တွေဆီက အမြတ်တွေ အကြီးအကျယ် ရလိုတယ် ဆိုတဲ့ တွေးခေါ် ဆောင် ရွက်တာ မဟုတ်ဘူး။ တွက်တော့ တွက်ကြည့် လိုက်တယ်။ ဒါမျိုး ဆိုရင်တော့ အမြတ်အစွန်း အရမ်းများတယ် ဆိုတဲ့ အုပ်စု ကိုလည်း မစဉ်းစားဘူး”ဟု ပြောဆိုသည်။
လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တအိမ်ချင်းစီတွင် တပ်ထားသည့် မီတာများတွင် တလချင်း ယူနစ် မည်မျှ အသုံးပြုသည်ကို အချက်အလက်များ ကောက်ခံထားသဖြင့် ပြောင်းလဲ ကောက်ခံမည့် မီတာခ နှုန်းထား အသစ်ကို အနာဂတ် အခြေအနေထိ ကြိုတင်ပြင်ဆင်ပြီး တွက်ချက်နေရခြင်း ဖြစ်သဖြင့် ကြန့်ကြာနေခြင်းဟုလည်း ဒုဝန်ကြီးက ဆိုသည်။
အစိုးရက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် တနှစ်ကို ဘီလီယံ ကျပ် ၅၀၀ ခန့် စိုက်ထုတ် အသုံးပြုနေရကြောင်း၊ ထိုကဲ့သို့ စိုက်ထုတ် အသုံးပြုနေရသဖြင့် လိုအပ်သည့် လျှပ်စစ် ဓာတ်အားလိုင်း အသစ်များ မတည်ဆောက်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် လျှပ်စစ် လိုအပ်ချက်မှာ တနှစ်ထက် တနှစ် ပိုမို များပြားလာသဖြင့် စိုက်ထုတ် အသုံးပြုရသည့် ပမာဏ မြင့်တက်လာခြင်းကြောင့် မီတာခ နှုန်းထား အသစ်ပြောင်းလဲ ကောက်ခံရန် အတွက် ပြင်ဆင်ရခြင်း ဟုလည်း ဆိုထားသည်။
ဒေါက်တာ ထွန်းနိုင်က“အသုံးစရိတ်၊ ဓာတ်အား ဝယ်ယူဖိုး၊ ဓာတ်ငွေ့ဖိုး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ၊ ဖြန့်ဖြူးမှု ကုန်ကျ စရိတ်တွေကို ဓာတ်အား ရောင်းလိုက်လို့ ပြန်ရတဲ့ ငွေ မကာမိတာကို ရှုံးတယ်လို့ ပြောတာပါ။ ဒီငွေကို ပြန်မရှာနိုင်တာ ဖြစ်ပါတယ်။ ပြန်မရှာနိုင်တော့ အရှုံးစရိတ်တွေ အားလုံးကို ဘတ်ဂျက်တောင်းပြီး ခံလိုက်ရတယ်”ဟု ရှင်းပြသည်။

743  Views
Previous: ယခင် အစိုးရ၏ စီမံကိန်းများ ဖျက်ချင်တိုင်း ဖျက်မရဟု အတိုင်ပင်ခံ ပြော ကလေးမြို့တွင် ဒေသခံ လူထုနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်
Next: (ဆောင်းပါး) သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း