သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ပုဒ်မများ ပြင်ဆင်ရန် ရခိုင်အမျိုးသား ညီလာခံတွင် ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်မည်ကို ကန့်သတ်ထားသော ပုဒ်မများကို ပြင်ဆင်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပလျက်ရှိသည့် ရခိုင်အမျိုးသား ညီလာခံတွင် ဒုတိယမြောက်နေ့ ဧပြီလ ၂၈ ရက်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

ရခိုင်အမျိုးသား ညီလာခံ ဒုတိယနေ့တွင် ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

“ ဥပဒေတစ်ခုက လူတစ်ယောက်ထဲကို ရည်ရွယ်ပြီးတော့ ရေးဆွဲထားလို့ မရပါဘူး၊ ပုဒ်မ၅၉ (စ)ကို ၂၀၁၅ မတိုင်ခင် ပြင်ဖို့ လိုအပ်ပါတယ်”ဟု ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများကလည်း ထောက်ခံခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကဆွေးနွေးခဲ့ပြီး ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးလှစောက ဖွဲ့စည်းပုံအခြေခံကို အသစ်ရေးဆွဲဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းသည့်အတွက် ပြင်ဆင်ဖို့ နည်းလမ်းကိုသာ ရွေးချယ်သင့်သည်ဟု ဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်သူ ရခိုင်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးစောမောင်က “ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မအားလုံးနီးပါးက ပြင်ဆင်ရမှာဖြစ်ပါတယ်၊ ဒါပေမယ့် ဘယ်ပုဒ်မကို အဓိကပြင်ဆင်ရမယ် ဆိုတာ ကိုတော့ မှတ်ချက်မပြုလိုဘူး” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားအဖွဲ့အချို့က အမျိုးဘာသာ စောက်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရန်ကုန်မြို့၊ တာမွေမြို့ နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပုဒ်မ ၅၉(စ)ကို ထောက်ခံသည့် ဟောပြောပွဲများ ဖေဖော်ဝါရီလ အတွင်းက ပြုလုပ်ခဲ့သည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် ဆွေးနွေးခဲ့သော်လည်း တက်ရောက်ခဲ့သူများအနက် ငါးဦးကို မဇ္ဈိမက မေးမြန်ရာတွင် လေးဦးက မပြင်ဆင်ဘဲ ထောက်ခံသည်ဟု ဖြေကြားခဲ့သည်။

ရခိုင်အမျိုးသားညီလာခံ ဒုတိယနေ့ နံနက်ပိုင်းတွင် NGO များနှင့် ရခိုင်ပြည်နယ် အခန်းကဏ္ဍ၊ နေ့လည်ပိုင်းတွင် သဘာ၀ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲခြင်း အကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အုပ်စုခွဲကာ ဆွေးနွေးခဲ့သည်။

1636  Views
Previous: social
Next: သမ္မတ အိုဘားမားက ရဟန်းမင်းကြီး ဖရန်စစ်သည် လူ့သိက္ခာကို ပြန်လည်သတိပေးတော်မူသော ပုဂ္ဂိုလ်ဟုဆို