ပြည်သူ့ချွေးငွေ အကျိုးရှိရန် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ် Myanmar Fiscal Year ကို သြဂုတ်လသို့ အမြန်ပြောင်းပါ

d

နိုင်ငံတော်သမ်္မတကြီးဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အမတ်များ

လွန်ခဲ့သော ၁၉၅၁-၅၂ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ် ကို နှစ်စဉ်ဧပြီလ (၁) ရက်နေ့တွင် စတင်ပြီး နောက်နှစ် မတ်လ (၃၁) ရက်နေ့အထိ စတင်သတ်မှတ်ပြောင်းလဲကျင့်သုံးခဲ့သည်ဟု သိရှိရသည်။ အင်္ဂလိပ်လက်အောက်ခေတ်တွင်မူ မြန်မာနိုင်ငံ၏ ဘဏ္ဍာ ရေးနှစ်ကို နှစ်စဉ်စက်တင်ဘာလ (၁) ရက်နေ့တွင်စတင်ပြီး နောက်နှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ခဲ့သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်ကို ကြည့်ရလျှင် နှစ်စဉ်ဧပြီလ (၁) ရက်နေ့တွင်စတင်ပြီး နောက်နှစ် မတ်လ (၃၁) ရက်နေ့တွင် ပြီးဆုံးသည် ကို တွေ့ရှိရပါသည်။ လက်ရှိဘဏ္ဍာရေးနှစ်အရ သုံးသပ်ရသော် နိုင်ငံတော်၏ တည်ဆောက် ရေး စီမံကိန်းများ (လမ်း၊ တံတား၊ ဆည်၊ အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးရေးအတွက် လိုအပ်သော အဆောက်အအုံများ၊ ရင်းနှီးမြှုပ်နှံကြမည့် စီမံကိန်း အသစ် များအရ တည်ဆောက်ကြမည့် စက်ရုံအလုပ်ရုံများ) ကို စတင်အကောင်အထည်ဖော်နိုင်မည့် အစောဆုံးအချိန်သည် ဇွန်လ ဖြစ်သည်။
အစောဆုံးဇွန်လဟု ဖော်ပြရခြင်းသည် လွှတ်တော်က ဘဏ္ဍာရေးနှစ်သစ်အတွက် ပြည်ထောင်စုဘဏ္ဍာရေး ဥပဒေ၊ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကိုလည်း နှစ်စဉ်ရေးဆွဲပြဌာန်းရခြင်းကြောင့် ဖြစ်သည်။ ၎င်းဥပဒေများကို ပြဌာန်းပြီးမှသာလျှင် အစိုးရသည် စီမံကိန်းနှင့် ဆိုင်သော တင်ဒါခေါ်ယူခြင်းများကို ပြန်လည် ပြုလုပ်ရပြီး တင်ဒါရွေး ချယ်ပြီးစီးသည့်အနီးစပ်ဆုံးအချိန်ကာလသည် ဇူလိုင်လ (၃၁) ဟု တွက်ဆရပါသည်။
ဤမေလ သို့မဟုတ် ဇွန်လတို့သည် မြန်မာနိုင်ငံ၏ရာသီစက်ဝိုင်းအရက အများပြည်သူသိကြသည့်အတိုင်း မိုးရာသီအစ ဖြစ်လေသည်။ ၂၀၁၇ ခုနှစ် ရာသီဥတုအရဆိုရသော် မေလမှာပင် မိုးဦးစောကာ တစ်နိုင်ငံလုံးမိုးကြီးပြီး ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ မြစ်ရေချောင်းရေများ တက်ခြင်းနှင့်ကြီးခြင်းများအပါအဝင် မုန်တိုင်းများလည်း စတင်ကြုံရ သောလ ဖြစ်လေသည်။ ဤကဲ့သို့သော မိုးတွင်းရာသီဥတု အခြေ အနေရ၊ နိုင်ငံတစ်ဝှမ်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ လာခြင်း၊ မြေသားများ အခြေမကျခြင်း၊ လိုအပ်သောကုန်ကြမ်းများ အရေအသွေး လျှော့နည်းခြင်းမျိုးဖြင့် တွေ့ကြုံကြရ လေသည်။ ထို့ကြောင့် ဆောက်လုပ်ရေးကဏ္ဍများတွင်မူ အင်ဂျင်နီယာစံနှုန်းများအရ အောက် ခြေမြေသားများ၏ ခိုင်မာ မှု လျော့နည်းလာပြီး အောက်ခြေမြေသားများသည်လည်း မတည်ငြိမ်မှုများဖြင့် တွေ့ကြုံရတတ်သည်။ ဖြစ်စဉ်ဥပမာကို မီးမောင်းထိုးပြရသော်၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ထုတ်၊ ကြေးမုံသတင်းစာ၏ စာမျက်နှာ (၉) တွင် ““နိုင်ငံဝန်ထမ်း အိမ်ရာတည်ဆောက်ရေး နေပြည်တော်၊ ရန်ကုန်၊ မန်္တလေးတွင် ဇူလိုင်လမှစတင် ဆောင်ရွက်မည်”” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထား သည်ကို တွေ့ရှိရသည်။
ဤကဲ့သို့သော မိုးကောင်းသောရာသီတွင် နိုင်ငံတော်၏စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းသည် ရှေ့က ခင်း၊ နောက်ကပျက် မိုးလေများကဖျက်ဟူသော အခြေအနေသို့ ရောက်ရှိရာ ပျက်စီးသွားကြသော စီမံကိန်းများအတွက် အသုံးပြုကုန်ကျသော ပြည်သူ့ငွေ များသည် ရေထဲသို့မျောထည့် လိုက်သကဲ့ သို့ ဖြစ်သွားရာ အကျိုးမရှိတော့ပေ။ သို့ဖြင့် နိုင်ငံသူ/သားများ၏ တိုးတက်ရေးအတွက် အကောင်အ ထည် ဖော်သော စီမံကိန်းများသည် နှစ်တိုကာလတွင် ပျက်စီးလေ ရာ၊ နိုင်ငံသူ/သားများ၏ ဘဝနှင့်တိုင်းပြည် ၏အခြေခံ အဆောက်အအုံ တို့သည်လည်း ပိုမိုတိုးတက် လာရန် မလွယ်ကူတော့ပေ။
ထို့ကြောင့် ကျွန်ုပ်အနေဖြင့်နိုင်ငံတော်သမ်္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်နှင့်လွှတ်တော် ကိုယ်စားလှယ်များအား အကြံပြုလိုသည်မှာ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်ကို သြဂုတ်လ (၁) ရက်နေ့စတင်ပြီး ဇူလိုင်လ (၃၁) ရက်နေ့ တွင် ကုန်ဆုံးပါလျှင်၊ ဆောင်းနှင့်နွေရာသီများတွင် လုံလောက်သောအချိန်ကာလ နှင့်ခြောက်သွေ့သောရာသီဥတုများဖြင့်စီမံကိန်းများကို လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ထိုသို့စီမံကိန်းများကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းဖြင့်၊ ပြည်သူများ၏ချွေးဖြင့် ပေးဆပ်ထားသော ငွေများသည် ပြည်သူနှင့်တိုင်းပြည်၏ တိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၌ အသုံးပြုလိုက်ပါလျှင်၊ နိုင်ငံတော်၏စီးပွားရေးသည်တည်ငြိမ်ပြီး ရေရှည် ထိုးတက် ခြင်းနှင့် ပြည်သူ့ဘဝလည်း တိုးတက်၊ ပြည်သူ့ဘဏ္ဍာငွေလည်း အကျိုးရှိစွာ အသုံးချ ရောက်ပြီး စီမံကိန်း များသည် လည်း ပိုမိုကောင်းမွန်ခိုင်ခံလာပြီး အနာဂတ်ဘဏ္ဍာငွေများကို ဘိုးဘွားသားမြေးမြစ်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး ဆိုင်ရာ ကူညီထောက်ပံ့ခြင်းများ၌ သုံးစွဲနိုင်မည် ဖြစ်ကြောင်းဖြင့် အကြံပြုအပ်ပါသည်။ အယ်ဒီတာချုပ်

974  Views
Previous: ကိုယ်တော်မြတ်မုန့်တော်ကို ကိုးကွယ်ခြင်းသည် မြတ်စွာဘုရားသခင်၏တန်ခိုးကြီးခြင်းကို ပြသခြင်းဖြစ်သည်ဟု ကာဒီနယ်နီကော်လပ်စ်က မီးမောင်းထိုးပြတော်မူ
Next: ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်း၌ အမျိုးသမီးများ ပါဝင်ကြရန်အထူးလိုအပ်ဟု ရဟန်းမင်းကြီးက မိန့်ကြားတော်မူ