မြန်မာနိုင်ငံဘာသာရေးပညာရပ်ဆိုင်ရာတက္ကသိုလ်၏ဘွဲ့နှင်းသဘင်တွင် နှလုံးသားထဲမှာ တရားပါသော ပညာရှင်တွေ ဖြစ်ဖို့လိုအပ်ကြောင်း ဆရာတော်ကြီးစောမင်းသိုက်က တိုက်တွန်းတော်မူ

31-b

ရန်ကုန်၊ ဧပြီလ ၂၈။
မြန်မာနိုင်ငံ ဘာသာရေးပညာရပ်ဆိုင်ရာတက္ကသိုလ်သည် တတိယအကြိမ်မြောက် ဘွဲ့အပ်နှင်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘာသာရေးပညာရပ်ဆိုင်ရာတက္ကသိုလ်ဝန်းထဲတွင် ကျင်းပခဲ့သည်။ ၎င်းအခမ်းအနား သို့ မြန်မာနိုင်ငံကက်သလစ် ဆရာတော်များအဖွဲ့ ချုပ်အောက်ရှိ၊ သူတော်စင်များကော်မရှင် ဥက္ကဌ၊ ဖားအံကက်သလစ် ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပြီး ဝတ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်ကျင်းပပေးတော်မူခဲ့ သည်။ ၎င်းအခမ်းအနားသို့ ရဟန်းတော် (၁၀) ပါးနှင့်အတူ သီလရှင်များ၊ ကိုရင်များ၊ ဘွဲ့ရမိသားစုဝင်များနှင့်တခြားဖိတ်ကြား ထားသော မိတ်ဆွေများ (၁၀၀) ကျော်တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ဘွဲ့အပ်နှင်းခြင်းကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် စတင်ရာတွင် ဆရာတော်ကြီးစောမင်းသိုက်က ““ဦးနှောက်ပညာနှင့်နှလုံးသား
ပညာအကြောင်းကို မိန့်ကြားသွားရာတွင် မြန်မာနိုင်ငံတွင် လူတော်လူကောင်းတွေလိုအပ်သလို ကက်သလစ်သာသ နာတော်မှာလည်း လူတော်လူကောင်းတွေ လိုအပ်နေကြောင်း၊ လူတော်ဆိုတာက ခေတ်ပညာရပ်တွေ (ဥပမာ သိပ္ပံပညာ ဖီလော်ဆော်ဖီ၊ သီသြလော်ဂျီ၊)စတာတွေကို တတ်မြောက်ထားသူ ဖြစ်ပြီး ခေတ်ပညာကို ဦးနှောက်နဲ့သင်ယူရမယ်။ လူကောင်းဆိုတာကတော့ ကိုယ်ကျင့်တရားပညာ၊အကြင်နာပညာ၊ သမာဓိပညာများ ဖြစ်ပါတယ်။ ဒီပညာများကို နှလုံးသားနဲ့သာ သင်ယူတတ်မြောက်နိုင်ပါတယ်။ ဒီကျောင်းတော်ကြီးမှာဦးနှောက်နဲ့သင်ရတဲ့ပညာနဲ့နှလုံးသားနဲ့သင်ရတဲ့ပညာတွေကို သင် ကြားပေးနေတယ်လို့ ယုံကြည်ပါတယ်။ ခေတ်ပညာရော အချစ်ပညာ(နှလုံးသားပညာ) ရော နှစ်ခုစလုံးကို တတ်မြောက်ထားလျှင် လူသားတွေကို ကောင်းသောလမ်းပြသူများ အမှန်တကယ်ဖြစ်လာနိုင်ပါတယ်။ လူတော်လူကောင်းတွေက သာ နိုင်ငံတော် ရဲ့သမိုင်းနဲ့ အသင်းတော်ရဲ့သမိုင်းတွေကို ကောင်းအောင်လုပ်နိုင်ပါတယ်။ ဦးနှောက်ထဲက အသိတရားတွေ ဟာ နှလုံးသားထဲ ကိုရောက်အောင် သွားရတာဟာ အလွန်ရှည်လျားတယ် လို့ပညာရှိတစ်ဦးက ဆိုပါတယ်။ ဦးနှောက်ထဲက အသိပညာတွေ နှလုံးသားထဲကို ရောက်လာတဲ့အခါမှာ လျှောက်ခဲ့ရတဲ့ခရီးဟာ ကျေနပ်စရာပါပဲ။ အဲဒီအခါမှာ ဝမ်းသာစွာနဲ့ အနေမြတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ အသိပညာနဲ့ကြင်နာတတ်တဲ့နှလုံးသားတို့ ဆုံဆည်းသွားတဲ့အခါမှာ မိမိတို့တတ်တဲ့ပညာနဲ့လူတွေကိုကြင်နာစွာ လမ်းပြနိုင်ပါလိမ့်မယ်။ သခင်ခရစ်တော်ခေတ်က ကျမ်းတတ်ဆရာကြီးများဟာ ကျမ်းစာပညာမှာ တဖက်ကမ်းတတ်ကျွမ်းကြပေမယ့် သမ္မာတရားနဲ့အသက်လမ်းမှာ မရပ်တည်နိုင်ခဲ့ကြတော့ တော်ပေ မယ့်ချော်သွားသူများ ဖြစ်ခဲ့ကြရတယ်။ ကြမ်းတတ်တဲ့လူတွေကိုရမ်းတတ်ပါတယ်။ ပုတီးဆွဲပြီး လူတွေကို ဆဲခဲ့ကြပြီးတော့ မနာထောင်တဲ့ သီလကြောင်တွေ ဖြစ်ခဲ့ကြရတယ်။ ဓမ္မပညာနဲ့ခေတ်ပညာတွေမှာ မြင့်နေပေမယ့် အချစ်ပညာမှာ ချည်းနှဲ့နေရင် လူတွေကို ပြုပြင်ဖို့ခက်ပါတယ်။ ဖီလော်ဆော်ဖီ၊ သီသြလော်ဂျီတွေမှာ ဘွဲ့တွေတစ်ထပ်ကြီး ရပေမယ့်လို့ နှလုံးသားထဲမှာ ဘုရားမပါခဲ့သော် မေတ္တာတွေ ဗလာနဲ့ လူတွေကို မကြင်နာတတ်တဲ့ ဝေဒနာ ပေးတဲ့သူတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ များ နှလုံးသားပညာရော၊ ခေတ်ပညာရော တတ်ကျွမ်းတဲ့စိန်သောမတ်အကွီနပ်စ်လို၊ ထင်ရှားကျော်ဇောသော စိန်အဲလ်ဘတ်နဲ့ စိန်ပေါလ်တို့လို နှစ်မျိုးစလုံးပြည့်ဝတဲ့ပုဂ္ဂိုလ်များ ဖြစ်ခဲ့သော် အသင်းတော်ကြီးအတွက် အထူးပဲ အကျိုးဆောင်တဲ့သူတွေ
ဖြစ်ကြကြောင်း”” ဖြင့် အကျယ်တဝင့် မိန့်ကြားတော်မူသည်။

ဘွဲ့ရသူအမျိုးသမီးပိုးအိဖြူကလည်း ““ကျွန်မက မန္တလေးမြို့ကစိန်ဂျွန်းအဆင့်မြင့်သင်ကြားရေးဌာနမှာ အရင်ဆုံးကျောင်း တက်ပြီးမှ ဒီကို ဆက်လျှောက်တာပါ။ အခုလို သာမန်ခရစ်ယာန်တစ်ဦး အနေနဲ့မြန်မာပြည်ကက်သလစ်သာသနာတော်ထဲမှာ အခုလိုမျိုးဝိဇာဘွဲ့တစ်ခု သင်ကြားနိုင်တဲ့နေရာ၊ တက္ကသိုလ်ရှိတဲ့အတွက်အင်မတန်ဂုဏ်ယူပါတယ်လို့ ရင်တွင်းစကား ကို ပြောကြားသလို ကချင်ပြည်နယ်က ဒုတိယနှစ်ကျောင်းသူဖြစ်သော ဗေရောနီကားကမူ၊ အခုဒီကျောင်းမှာပညာသင်နေတဲ့ အချိန်မှာတော့ ကိုယ့်ရဲ့ယုံကြည်ခြင်းက နည်းစနစ်ပိုကျလာတယ်။ အရင်တုန်းက ဘုရားရှိခိုးတာနဲ့အခုဘုရားရှိခိုးတဲ့ ယုံကြည်ခြင်းက မတူတော့ဟု သူမ၏ ယုံကြည်ခြင်းဖြစ်စဉ်ကို ပြောပြသည်။ ထိုအတူဘွဲ့ရပြီးသား ကိုရင်ဂျွန်ပေါလ်က၊ ““ကျွန်တော်တို့အသင်းဂိုဏ်းမှာတော့ ကိုရင်လောင်းတွေကို ဘုရားစကား၊ အင်္ဂလိပ်စာနဲ့မြူးစစ်လောက် သင်ပေးပြီးတော့
သာသနာလယ်ကွင်းထဲကို အမှုတော်ဆောင်ဖို့ ထွက်ရတယ်။ ဒီကျောင်းကိုရောက်လာတော့ ဘာသာရပ်အစုံပါ တဲ့ ဘုရားသခင်အကြောင်း၊ကျမ်းစာအကြောင်း၊ အသင်းတော်အကြောင်းတွေကို စုံစုံလင်လင် သင်ကြားရတော့ ကျွန်တော့်ရဲ့ ဘာသာရေးအလုပ်မှာ ကျွန်တော့်ကိုအင်မတန်မှ အထောက်အကူပေးပါတယ်”” ဟု ပြောပြသည်။ ဤဘွဲ့နှင်းသဘင် အခမ်းအနားသို့ လာရောက်အားပေးသောသီလရှင်တစ်ပါးက၊ ““သူတို့က ဒီဘွဲ့တော့ရကြပြီ။ ဒီဘွဲ့နဲ့ဘာလုပ်စားလို့ရမလဲ။ ဆရာတော်တွေ၊ ရဟန်းတော်တွေကရော အသုံးချပါမလား””ဟု မေးခွန်းထုတ်သည်။ ၎င်းသီလရှင်၏မေးခွန်း က ဘေးနားရှိသီလရှင်တစ်ပါးက ““သေချာတာကတော့၊ ဆရာတော်တစ်ချို့နဲ့ဘုန်းကြီးတစ်ချို့ကတော့ မိမိတို့သာသနာတော် မှာ ပြန်လည်အသုံးချမှာပါ။ ကျန်တာ တွေကတော့ ဘွဲ့ရသူတွေကို လက်တွဲဖော်ထက် ရန်သူလို့ မြင်ကြမှာပါ””ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံကက်သလစ်သူတော်စင်များအဖွဲ့  Catholic Religiuos Conference of Myanmar (CRCM) သည်မြန်မာနိုင်ငံအတွင်းရှိ သူတော်စင်များက ဘာသာရေးဆိုင်ရာ ပညာရပ်များနှင့်တခြားသော သီသြလော်ဂျီနှင့် ပညာရပ်များကို သင်ကြားနိုင်ရန်ကြံဆနေခဲ့သည်။ ထိုကဲ့သို့ကြံဆနေချိန်တွင် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးချားလ်စ်ဘို၏ ကူညီပံ့ပိုးမှုနှင့်စီအရ်စီအမ်အဖွဲ့ဝင်တို့၏ ကြိုးပမ်းမှုဖြင့်၊ ၂၀၀၅ ခုနှစ်တွင် ကက်သလစ်သီလရှင် စစ္စတာရ် အဲန်ရွှေကို မီးစ်၏ ညွန်ကြားရေးမှူးအဖြစ် ၂၀၀၅ ခုနှစ်တွင် စတင်ခန့်အပ်ခဲ့ရာ မာသာရ်မာဂရက်မေရီက လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင်မူ၊ စီအရ်စီအမ်သည်ဖိလစ်ပိုင်နိုင်ငံရှိ Institute of the Formation and the Religious Studies (IFRS)အိုင်အဲဖ်အရ်အဲစ် တို့အဖွဲ့နှင့် မနီလာမြို့ရှိသန့်ရှင်းသောဝိညာဉ်တော်ကောလိပ်တို့နှစ်ခုနှင့် သုံးဖွဲ့သဘောတူညီချက်တစ်ခု ကို လက်မှတ်ရေးထိုးကာ Myanmar Institute of Religious Studies (MIRS) ဟူသော တက္ကသိုလ်ပညာရေး အဆင့်အတန်းရှိသည့် မြန်မာနိုင်ငံ ဘာသာရေး ပညာရပ်ဆိုင်ရာတက္ကသိုလ်သည် စတင်ပေါက်ဖွားလာ ရင်း နိုင်ငံခြား တက္ကသိလ်များနှင့် စတင်ချိတ်ဆက်ပူး ပေါင်းလာခဲ့သည်။ (MIRS)သည် ဘွဲ့ရရှိသူများထဲကထူးချွန်သူများကို ရွေးချယ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ မဟာဝိဇာဘွဲ့ပညာရပ်ကို ဆက်လက်သင်ကြားရန် ထပ်မံရွေး ချယ်ကာ ပို့ပေးပြီး ဖိလစ်ပိုင် မှကျောင်းပြီးသူများကို ရန်ကုန်ရှိ  (MIRS) တက္ကသိုလ်ကျောင်းတွင် စာချပုဂ္ဂိုလ်များအဖြစ် ပြန်လည် ခန့်အပ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ရှှိုInstitute of the Formation and the Religious Studies တက္ကသိုလ်မှ ကျောင်းဥက္ကဌဖြစ်သူ၊ သီလရှင် ကိုရာက ဂလိုရီးယားသတင်းဂျာနယ်သို့ ပြောပြသည်။

2055  Views
Previous: မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှထုတ်ပြန်သည့် မီဒီယာအစီအစဉ်များဆိုင်ရာ ကျင့်ဝတ်များ
Next: ခွင့်လွှတ်ခြင်းတရားပါရမီ ကာတွန်း