ဝါတွင်းကာလ၌ ဓမ္မပါရမီလုပ်ငန်းများကို လုပ်ဆောင်ကြပါစို့

ကမ္ဘာပေါ်တွင် ဘာသာကြီး (၄) ခုရှိသည်။ ၎င်းတို့မှာ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ၊ ဟိန္ဒူဘာသာနှင့်  အစ္စလာမ်ဘာသာ တို့ဖြစ်ကြသည်။

ဤဘာသာကြီး (၄) ခုအပြင် အာရှတိုက်တွင်မူ ဗုဒ္ဓဘာသာသည်လည်း တည်ရှိနေသည်။ ထိုသို့ဆိုရသော် ကမ္ဘာပေါ်တွင် ဘာသာကြီး (၅) ခုရှိသည်ဟု ဆိုရပေမည်။

ဤဘာသာကြီး (၅) ခုထဲတွင် ခရစ်ယာန်ဘာသာထဲမှာတောင်  ကက်သလစ်ခရစ်ယာန် ဘာသာထဲတွင်သာ ပါရမီ ဟူသော ဝေါဟာရ ကို အသုံးပြုနေ သည်ကို တွေ့ရှိရ မည်ဖြစ်ပေသည်။ တခြားဘာသာများတွင် ပါရမီဟူသော အသုံးအနှုန်းကို တွေ့ရှိမည်မဟုတ်ပေ။

ကက်သလစ်အသင်းတော်၏သွန်သင်ချက်ထဲတွင် theological virtues ဓမ္မပါရမီ (သုံးပါး) ရှိသည်။ ၎င်းတို့မှာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းတို့ ဖြစ်ကြသည်။ လူ့ခန္ဓာကိုယ်၌ မရှိလျှင်မဖြစ်သော သွေးကဲ့သို့ပင် ဤဓမ္မပါရမီ (သုံးပါး) တို့သည် ခရစ်ယာန်တစ်ယောက်၏ဘဝထဲတွင် မရှိလျှင်မဖြစ်သော  ကျင့်စဉ်များဖြစ်ကြသည်ကို တမန်တော်ကြီးရှင်ပေါလူးက အတိအလင်း သွန်သင်ထားတော်မူခဲ့သည် (ရောမ ၅း၁-၅၊ ၁ကော်ရင့် ၁း၁၃)။

ပါရမီဟူသော ဝေါဟာရသည် အလယ်အလတ်လမ်းစဉ်ကို လျှောက်လှမ်းခြင်းဟု ဆိုရသည်။ တချို့က ဘုရားကိုသာရှိခိုးပြီး အလုပ်လုပ်ရန် အပျင်းထူကြသည်။ ဤကဲ့သို့ အလုပ်မလုပ်ချင်ဘဲ ဘုရားကိုသာ ရှိခိုးလိုခြင်းသည်  အလယ်အလတ်လမ်းစဉ်မဟုတ်ဘဲ တဖက်စွန်းရောက်နေခြင်းဖြစ်သည်။

တဖန်လူတချို့ကမူ ကောင်းမှုကုသိုလ်ကို မပြုလုပ်လိုဘဲ ဒုစရိုက်ကိုသာ ပြုလုပ်နေကြသည်။ ထို့သို့ ဒုစရိုက် ကိုသာ  ပြုလုပ်နေခြင်း သည်လည်း အလယ် အလတ်လမ်း စဉ်မဟုတ်ဘဲ  တဖက်စွန်းရောက်နေခြင်းဖြစ်ပြန်သည်။ ပါရမီ ဟူသော အသက်တာသည် ဘုရားလည်း ရှိခိုး၊ အလုပ်လည်း လုပ်ခြင်းဟူသော  လုပ်ရပ် များကို မျှတစွာ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။  မကောင်းမှုဒုစရိုက်ကို ကျူးလွန်ခြင်းသည် ပါရမီမဟုတ်ပေ။

ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်ဘာသာဝင်များသည် ရက်ပေါင်း (၄၀) ဝါတွင်းကာလထဲတွင် ရောက်ရှိနေကြပြီဖြစ်ပြီး  ခရစ်တော်ဘုရား၏ရှင်ပြန်ထမြောက်သောပါစကားပွဲတော်ကို ဧပြီလ (၁) ရက်နေ့တွင် ကျင်းပခြင်းအားဖြင့် ဝါတွင်းကာလကို အဆုံး သတ်ကြမည်ဖြစ်ပေသည်။

ဤဝါတွင်းကာလသည် ကျွန်တော်တို့ခရစ်ယာန်များ၏ ဘဝသက်တာ နေပုံထိုင်ပုံတို့ကို ခရစ်တော်၏တရားတော်အတိုင်း  ကိုက်ညီမှု ရှိမရှိခြင်းအား ဆန်းစစ်ကြရမည့် အချိန်ကာလဖြစ်ပေသည်။

တနည်းအားဖြင့် ဆိုရသော် ကျွန်ုပ်တို့သည် မိမိတို့ယုံကြည်နေသော ခရစ်တော် ဘုရားကို မိမိတို့ ဘဝထဲတွင် ထိတွေ့ခံစားကြ ရန်ဖြစ်သည်။ သို့သော် လူတိုင်းက မိမိယုံ ကြည်နေသော ခရစ်တော်ဘုရားမြတ်ကို မိမိဘဝထဲ၌ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံခြင်းမျိုး မရှိကြ သေးပေ။

တချို့သောမိတ်ဆွေများက “ငါ့ဘဝက ခြောက်သွေ့သလိုခံစားတယ်။  ငါသိပ်မပျော်ဘူး”” စသည့်စကားများ ပြောဆိုကြသည်ကို ကြားဖူးမိသည်။ ထိုသို့ခံစားခြင်းသည် သင့်ဘဝထဲ၌ ဓမ္မပါရမီ ကုန်ခန်းစပြုလာသော နိမိတ်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူတချို့သည် မိမိတို့ပြုလုပ်သော ဓမ္မပါရမီလုပ်ငန်းများကို ခရစ်တော် ဘုရား၏ တရားတော်အတိုင်း  ကျင့်ကြံခြင်းဖြစ်သည် ဟူသော ခံယူချက် ဖြင့် မပြုလုပ်သောကြောင့်  မိမိယုံကြည်နေသော ခရစ်တော်ဘုရားမြတ်ကို မိမိဘ၀ ထဲ၌  နဖူးတွေ့ ဒူးတွေ့ ထိတွေ့ခြင်းမျိုး မရှိကြ သေးသည့်  အကြောင်း ရင်းဖြစ်ပေ သည်။ ဓမ္မပါရမီလုပ်ငန်းများသည် မိမိတို့က တခြားသူများအပေါ်၌ ကုသိုလ်လုပ်ငန်းများကို ပြုလုပ်ခြင်းအားဖြင့် မိမိယုံကြည်နေသော ခရစ်တော်ဘုရားမြတ်ကို မိမိဘဝထဲ၌ နဖူးတွေ့ဒူးတွေ့တွေ့ကြုံစေသော ပါရမီများ ဖြစ်ကြပေသည်။

ထို့ကြောင့် ကျွန်ုပ်အနေဖြင့် အထူးတိုက်တွန်းလိုသည်မှာ ကျွန်တော်တို့သည် ဓမ္မပါရမီကျင့်စဉ်များဖြစ်ကြသော ဝါတွင်းကာလအတွင်း ဆင်းရဲသားများကို ကျွေးမွေးကူညီလှူဒါန်းခြင်း၊ ဖျားနာနေသူများကို ကြည့် ရှုပြုစုခြင်း၊ မိမိအား ငွေပေးရန် ရှိသော အကြွေး သမားများအား အတိုးလျှော့ချ ပေးခြင်းနှင့် အကြွေးလျှော့ ချပေးခြင်း၊ ဘုရား ကျောင်းသို့သွားရောက်ပြီး ဘုရားသခင် ရှေ့မှောက်တွင် မိမိဘဝကို ဆန်းစစ်ပြီးပြုပြင်ခြင်း၊ အကျဉ်းထောင် များသို့ သွားရောက်ပြီး အကျဉ်းသားများကို ကျွေးမွေးလှူဒါန်း ခြင်းနှင့်  မကောင်းမှုများကို မပြုလုပ်ခြင်းစသော ဓမ္မပါရမီများကို ကျင့်ကြံအားထုတ်ကြပါစို့လား။

✍️ အယ်ဒီတာ

1091  Views
Previous: ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာ၌ ၂၀၁၇ ခုနှစ်အတွင်း ဆယ်ဖို့တစ်ဖို့ ကျပ်သိန်းလေးထောင်ခုနှစ်ရာကျော် ရရှိ
Next: ပါလက်စတိုင်းအစိုးရက ဂျေရုစလင်မြို့အား ပါလက်စတိုင်းနယ်မြေထဲတွင် ထည့်နိုင်ရေး ဗာတီကန်အစိုးရအား အကူအညီတောင်းခံ