(၅) ကြိမ်မြောက် အာရှကက်သလစ်လူငယ်များတွေ့ဆုံပွဲကို ထရီဗာဒွန်မြို့တွင် ကျင်းပ

72-b

သြဂုတ်လ (၃)၊ ရန်ကုန်။

အိန္ဒိယနိုင်ငံ ထရီဗာဒွန်ကာဒီနယ်ဆရာတော်ကြီးက အာရှလူငယ်များ၏ တွေ့ဆုံပွဲနှင့်သီအိုလိုဂျီဆွေးနွေး ပွဲတွင် မိမိတို့က ဘုရားသခင်အပေါ် ယုံကြည်အားကိုးမှုတိုးတက်လာလျှင် အောင်မြင်ပြီဟု သုံးသပ် သင့်ကြောင်းဖြင့် မိန့်ကြားတော်မူလိုက်သည်။ အာရှလူငယ်များတွေ့ဆုံပွဲ Asian Youth Academy (AYA) ကို ဇူလိုင်လ ၁၆- ၂၃၊ ၂၀၁၄ ခုနှစ်နှင့်အာရှသီအိုလိုဂျီဆွေးနွေးပွဲ Asian Theology Forum (AYA) ကို ဇူလိုင်လ ၂၄- ၂၇၊ ၂၀၁၄ ခုနှစ်အိန္ဒိယနိုင်ငံ၊ ထရီဗာဒွန်မြို့တွင် ကျင်းပခဲ့သည်။

၎င်းတွေ့ဆုံပွဲသည် ၂၀၁၀ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပပြုလုပ်သော ကက်သလစ်ဘာသာဝင်များ၏ လှုပ်ရှားမှုတစ်ခုဖြစ်ကာ ၎င်းတွေ့ဆုံပွဲကို တောင်ကိုးရီးယားနိုင်ငံရှိ၊ ဝေါရီ Woori Theology Institute (WTI) သီအိုလိုဂျီအဖွဲ့အစည်းမှ ကမကထ ပြုလုပ်သော အစီအစဉ် ဖြစ်သည်။ ဤကဲ့သို့သော တွေ့ဆုံပွဲကို ပြုလုပ်ရခြင်းနှင့်စပ်လျဉ်းပြီး ပွဲစီစဉ်သော ပေါလ်ဟောင်ကို မေးမြန်းကြည့်ရာတွင်၊ သူက ““ကက်သလစ်သာသနာတော်ထဲတွင် ဆရာတော်ရဟန်းတော်များသည် ၁%နှုန်းခန့်သာ ရှိပြီး ၉၉% သည် သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များဖြစ်ကြကြောင်း၊ သို့သော် ၉၉% ရှိသော ခရစ်ယာန်ဘာသာ ဝင်များသည် ၁% သာ ရှိသော ဆရာတော်ရဟန်းတော်များ၏ လက်အောက်တွင် ဝပ်ပြီးနေနေရသည်မှာ ကက်သလစ်သာသနာတော်အတွက် မဖြစ်သင့်ကြောင်း၊ ဒါကြောင့်မို့ ခရစ်ယာန်ဘာသာဝင် လူငယ်မောင် မယ် များအနေဖြင့် ကက်သလစ်သာသနာတော်ရဲ့ သွန်သင်ချက်တွေကို နားလည်ပြီး ၎င်းသွန်သင်ချက် အတိုင်း လုပ်ဆောင်လာကြစေ လိုသောကြောင့် ယခုကဲ့သို့ နှစ်စဉ် နိုင်ငံတစ်နိုင်ငံတွင် လိုက်လံကျင်းပပြီး တက်ကြလှုပ်ရှားသော ကက်သလစ်ခရစ်ယာန်လူငယ်များကို စွမ်းဆောင်ရည်မြှင့် တင်ပေးနေ ခြင်းဖြစ်ကြောင်းဖြင့် ရှင်းပြသည်။ ၎င်းတွေ့ဆုံပွဲသို့ ပြင်သစ်၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ သီရီလင်္ကာ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဖိလစ်ပိုင်နိုင်ငံတို့မှာ လူငယ်ပေါင်း ၃၁ ယောက် တက်ရောက်ကြပြီး သင်တန်းဆရာများအဖြစ် ပညာရှင် (၁၁) ဦး တက်ရောက်ကြကာ တွေ့ဆုံပွဲကို ကာမလိုက်ရသေ့သူတော်စင်ကျောင်းဝင်းရှိ ဝတ်စောင့်ခြင်းဌာနတွင် ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတွေ့ဆုံသို့ တက်ရောက်လာကြသော လူငယ်မောင် မယ်များက ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံအလိုက်ပြုလုပ်မည့် စီမံချက်များ၊ လှုပ်ရှားမှုများနှင့် ဆုံးဖြတ်ချက်များ ကိုပြုလုပ်ကြပြီးနောက် ၎င်းတွေ့ဆုံပွဲမှ ကြေညာချက်တစ်စောင်ကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်ပါ သည်။ ၎င်းကြေညာချက်ကမူ –
၁။ အာရှတိုက်တွင် လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လူ့အဖွဲ့အစည်းကို တည်ဆောက် ထားသော စနစ်တစ်ခုလုံးကို ပြုပြင် ၎င်းအပြောင်းအလဲကို လုပ်နိုင်စွမ်းသည် အာရှလူငယ်များ၏ လက်ထဲတွင် ရှိနေသည်ကို မိမိတို့သည် သတိထားမိပါသည်။
၂။ အာရှနိုင်ငံများသည် ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်ရာများနှင့် အလေ့ အထများသည် ကွဲပြားစွာ ထူပြောနေသော်လည်း တစ်ခုတည်းတူညီသော ပြဿနာကမူ မတူညီသော အုပ်စုများနှင့်အဖွဲ့အစည်းများအကြားတွင် ကြီးထွားနေသော မညီမျှခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့သည် ပိုပြီး ရှိခြင်း ပိုင်ဆိုင်ခြင်းထက် ပိုပြီး တော်ခြင်း၊ ကောင်းခြင်းကိုသာ လိုလားကြပါသည်။
၃။ လူငယ်များဖြစ်ကြသည့်အလျောက်၊ မိမိတို့သည် ကက်သလစ်သာသနာတော်၏ လူမှုရေးသွန်သင်ချက် အတိုင်း လူသားတို့၏ဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေသော အပြစ်တည်ဆောက်မှုကို သတိပြုမိကြပါသည်။
၄။ တက်ကြသော ကက်သလစ်လူငယ်များဖြစ်သည့်အလျောက် ကက်သလစ်သာသနာတော်သည် အားလုံးသောလူသားများ အထူးသဖြင့် ဆင်းရဲသားများနှင့်အပယ်ခံရသူများအတွက် ဖြစ်သည်ကို မိမိတို့သည် အသိအမှတ်ပြုပါသည်။ ကက်သလစ်သာသနာတော်သည်လည်း ပတ်ဝန်းကျင်ဂေဟာစနစ် (ရေ၊ လေ၊ မြေ) နှင့်ယဉ်ကျေးမှုများ၊ အယူအဆများနှင့် ဘာသာတရားများအကြားတွင် အပြန်အလှန်တွေ့ ဆုံဆွေးနွေးခြင်းယဉ်ကျေးမှုကို ပျိုးထောင်ပေးသင့်ပါသည်။
၅။ သာသနာပြန့်ပွားရေးကိုလုပ်ဆောင်ရင်း အာရှရှိတောင်သူလယ်သမားများသည် ပြဿနာပေါင်းစုံကို ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင်း ကက်သလစ်သာသနာတော်သည် အာရှရှိတောင်သူလယ်သမားများ ၏ ပြဿနာများကို နိုင်ငံရေး၊ လူမှုစီးပွားရေးကဏ္ဍများတွင် ပါဝင်ဆွေးနွေးခြင်းဖြင့် လူ့ဘဝ၏ အရည်အသွေး ကို တိုးတက်လာစေရန် လုပ်ဆောင်သင့်သည်။
၆။ သာသနာပြန့်ပွားရေးလုပ်ငန်းတွင် ဘုရားသခင်၏နှုတ်တော်ထွက်စကားတော် ကို ဟောပြောနေခြင်း တစ်ခုတည်းမဟုတ်ဘဲ ဒေသခံ တိုင်းရင်းသားများ၏ အသိတရားနှင့်အမျှော်အမြင်များကိုကိုပါ ဖွင့်ပေးခြင်း လည်း ပါဝင်သည်ဟု နားလည်ကြပါသည်။ မိမိတို့သည် ပွင့်လင်းပြီး သူများအပေါ် သိမြင်တတ်လျက်၊ အပြန်အလှန်နားလည်ပေးခြင်းကို ဦးတည်သော မတူကွဲပြားမှုကို တန်ဖိုးထားရန် မိမိတို့ကိုယ်ကို ခွင့်ပြုထားကြပါသည်။
၇။ ကျွန်ုပ်တို့က လူငယ်မောင်မယ်များသည် ဂရုဏာလုပ်ငန်းများတွင်သာ မပါဝင်ဘဲ လူမှုရေးပြုပြင်ပြောင်း လဲမှုကို ဖြစ်ပေါ်စေမည့် လူမှုရေး အခြေအနေများကိုပါ လေ့လာသင်ယူရာတွင် အထူးအားစိုက် သင့်ကြကြောင်း၊ သို့မှာ ဘုရားရှင်၏နိုင်ငံတော်သည် ကောင်းကင်ဘုံ၌ဖြစ် သကဲ့သို့ မိမိတို့၏မြေကြီးပေါ် တွင်လည်း ဖြစ်လာမည်ဟု သုံးသပ်မိကြပါသည်။ ၀၀၁ ဂျိုးဇက်

1616  Views
Previous: မျိူးစောင့်ဥပဒေကို သေချာစဉ်းစားပြီးမှ လုပ်သင့်ကြောင်း ကက်သလစ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် မိန့်ကြားတော်မူ
Next: ဒုတိယအကြိမ် ရန်ကုန်ကက်သလစ်သာသနာပိုင်ဓမ္မညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီး