ကျင့်ဝတ်မဲ့သော စီးပွားရေးလုပ်ငန်းသည် လူမြောက်များစွာကို သေစေနေကြောင်းဖြင့် ကာဒီနယ် အော်စကာမာရာဒီယာကာက မိန့်ကြားတော်မူ

013-b

တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်လူမှုရေးအဖွဲ့အစည်း၏ဥက်္ကဌဖြစ်တော်မူသော ဟွန်ဒရူးနိုင်ငံမှ ရဟန်းအမတ်ဆရာတော်ကြီး အော်စကာမာရာ ဒီယာကာက စီးပွားရေးဟူသည် လူသားတို့၏ဖန်တီးမှုတစ်ခုဖြစ်ကာ ဘုရားရှင်၏ဖန်တီးခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် လူသားတို့သည် လူသားတို့အားလုံးကို အများဆုံးအကျိုးပြုနိုင်မည့် စီးပွားရေးအား တာဝန်ရှိစွာ စီမံခန့်ခွဲကြရမည်ဖြစ် သည်ဟု ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆော်သြတော်မူလိုက်သည်။

ဆရာတော်ကြီးသည် ၎င်းမှတ်ချက်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ဝေဖြန့်ချီသော စာအုပ်ဖြစ်သည့် ““ရဟန်းမင်းကြီးဖရန်စစ်၊ ဒီစီးပွားရေးက သတ်နေတယ်”” ဟူသော စာအုပ်ဖြန့်ချီပွဲနေ့တွင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းစာအုပ်ကို အီတလီနိုင်ငံမှ သတင်းထောက် အန်ဒရီယား တိုနီအဲလီနှင့် ဂျာကော်မိုကာလီယာဇီတို့က ပူးပေါင်းပြီး ရေးသားထားရာ ၎င်းတို့နှစ်ဦး၏ ရဟန်းမင်း ကြီးဖရန်စစ်အား တွေ့ဆုံမေးမြန်းခန်းများကိုလည်း ထည့်သွင်းထား သည်။

၎င်းစာအုပ်ထဲတွင် တချို့သတင်းထောက်များက ရဟန်းမင်းကြီးအား မာ့က်စ်ဝါဒ (လူတန်းစားမဲ့လူ့အဖွဲ့အစည်းတွင် ကုန်ထုတ် အရင်းအနှီးများကို ပြည်သူက ပိုင်ဆိုင်ပြီး အရင်းရှင်ကို ပြုတ်ကျစေမည့်ဟူသော နိုင်ငံရေးအယူဝါဒ) ကိုလက်ခံ သူဟု စွပ်စွဲထား ခြင်းအပေါ် အရှင်သူမြတ်က ပြန်လည်ဖြေရှင်းခဲ့ ရသော ဖြေ ရှင်းချက်များလည်း ပါဝင်သည်။ ၎င်းစွပ်စွဲချက်နှင့်စပ်လျဉ်းပြီး ရဟန်းမင်း ကြီးက မိမိသည် ကက်သလစ်သာသနာတော်၏လူမှုရေးဆိုင်ရာသွန်သင်ချက်များမှအပ တခြားအတွေးအခေါ်အယူအဆများကို သွန်သင်ထားခြင်း မရှိကြောင်း၊ မရေး ထားကြောင်း၊လက်ရှိဖြစ်ပျက်နေတဲ့ကမ်္ဘာ့စီးပွားရေးအကြောင်းကိုသာ ပြောဆိုနေခြင်း ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေရှင်းတော်မူခဲ့သည်။

ရဟန်းမင်းကြီးက မာက်စ့်ဝါဒသည် မှားယွင်းသောဝါဒဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာက ပိုက်ဆံဟာ စီးပွားရေးစနစ်ရဲ့ဗဟိုဖြစ် နေပြီး ငွေသည် ကိုးကွယ်ရာရုပ်တုပမာဖြစ်လာနေကြောင်း၊ လူသားကမူ လူမှုရေးနှင့်စီးပွားရေး စနစ်တစ်ခုလုံး၏ အသုံးခံကိရိယာ အဆင့်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း၊ သူဌေးတွေက ပိုက်ဆံထည့်ထားသောခွက်ဖလား လျှံလျှင် လျှံထွက်နေသော ငွေ ကို ဆင်းရဲ သားများက ကောက်ယူနိုင်မည်ဟု ပြောဆိုကြသော်လည်း ၎င်းပိုက်ဆံထည့်ထားသောခွက်ဖလားသည် ပြည့်ခါနီးသည့်နှင့်အမျှ ခွက်သည် မျက်လှည့်ပြကာ ပိုပြီးကြီးလာရာ သူဌေးများ ပေးထားသည့်ကတိသည်လည်း ဆင်းရဲသားများအတွက် မည်သည့်အခါမျှ မဖြစ်လာနိုင်ကြောင်းဖြင့် မီးမောင်း ထိုးပြတော်မူသည်။

ရဟန်းအမတ်ဆရာတော်ကြီး အော်စကာမာရာ ဒီယာကာက လွန် ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူတွေပြောကြားနေခဲ့သော စကားတချို့ ကမူ ကက်သလစ်ဘုန်းကြီးတွေဟာ စီးပွားရေးအကြောင်းတွေကို သိရန်ပြောဆို ရန်မလိုအပ်ဘဲ နှုတ်ဆိတ်နေပြီး ဘုရားကျောင်းတွင်သာ အလုပ်ရှုပ်နေ သင့်ကြောင်း ပြောကြားခဲ့ဖူးကြကို ကြားသိရကြောင်း၊ အမှန်တွင်မူ ဆင်းရဲခြင်း ဒါဏ်ကို ခံစားနေကြသော လူသားများနှင့်နေ့စဉ်ထိတွေ့နေရသော သိုးထိန်းများအနေဖြင့် စီးပွားရေးဘာသာရပ်ကို သင်ကြားရန်လိုအပ် သည်ဟု ခံစားမိကြောင်း မိန့်ကြားတော်မူသည်။

ရဟန်းအမတ်က ““မှန်ပါတယ်။ စီးပွားရေးဘာသာရပ်ကို ကျောင်းတက်ပြီး ဘွဲ့ရတဲ့အထိ ရဟန်းတွေ သင်ကြားဖို့ လိုချင်မှလိုမှာပါ။ ဒါပေမယ့် ရဟန်းတိုင်းက ကက်သလစ်သာသနာတော်ရဲ့လူမှုရေးဆိုင်ရာ သွန်သင် ချက်တွေကို သိကြဖို့တော့လိုအပ်ပါတယ်။ စီးပွားရေးဟာ လူသားတွေ အတွက် ဖြစ်တယ်ဆိုပြီး တကယ်မဖြစ်ဘူးဆိုရင်တော့ အဲဒီစီးပွားရေးစနစ် ကို ပြုပြင်ဖို့လိုအပ်ပါတယ်”” ဟု မိန့်ကြားတော်မူသည်။ ၀၀၆ ဝင်းလှိုင်ဦး

1295  Views
Previous: အစ္စလမ်စစ်သွေးကြွလူသတ်သမားများကို လစ်ဗျားနိုင်ငံမှ မြန်မြန်တိုက်ထုတ်ရန် လိုအပ်နေပြီဟု ကာဒီနယ်ပါရိုလင်းက မိန့်ကြားတော်မူ
Next: ဝါတွင်းကာလတွင် အသားစားခြင်းကို ရှောင်ခြင်းထက် အကူအညီလိုအပ်နေသူများကို ပိုပြီးကူညီကြရန် ရဟန်းမင်းကြီးက တိုက်တွန်းတော်မူ