အာဖရိကတိုက်က မိသားစုများကို ကယ်တင်မည်ဟု ကာဒီနယ်လ်က ကြိုတင်ဟောကိန်းထုတ်တော်မူ

03

 

ဘီနင်း၊ စက်တင်ဘာ ၁၊ CNA

ရဟန်းမင်းကြီးလက်အောက်ရှိ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးဖြစ်တော်မူသော ကာဒီနယ်ရဟန်းအမတ် ရောဘတ် ဆာရာက တကမ္ဘာလုံးရှိမိသားစုများအား ပြန်လည်နိုးကြားရှင်သန်စေခြင်းကို မိမိ၏အာဖရိကတိုက်က ဦးဆောင်ပြီး လုပ်ဆောင်ပေးနိုင် မည်ဟု မျှော်လင့်ကြောင်း သြဂုတ်လ (၁၉) ရက်နေ့က ထုတ်ဖော် မိန့်ကြားလိုက်သည်။

ရဟန်းအမတ်က မိမိအနေဖြင့် အာဖရိကယဉ်ကျေးမှုအပေါ်တွင် အပြည့်အဝယုံကြည်မှုရှိကြောင်း၊ အာဖရိကတိုက်သည် အီဂျစ်ပြည်သို့ ထွက်ပြေးကြသော သန့်ရှင်းသောမိသားစု (မယ်တော် မာရီယား၊ အဖသံဇူဇယ်နှင့် ခရစ်တော်ယေဇူး) တို့ကို ကယ်တင်ခဲ့သည်မှာ သမိုင်း တွင် ယနေ့တိုင်ဖတ်ရှုသိရှိနေကြကြောင်း၊ ထိုကဲ့သို့ပင် ယနေ့ခေတ်မိသားစုများကိုလည်း အာဖရိကတိုက်က ကယ်တင်နိုင် မည်ဖြစ် ကြောင်းဖြင့် သြဂုတ်လ (၁၉) ရက်နေ့က ဒါစာဖူအိုမေမြို့ရှိ တစ်နိုင်ငံလုံးဆိုင်ရာ မယ်တော်သခင်မပွဲ၌ မိန့်ကြားတော်မူခြင်းဖြစ် သည်။

ရဟန်းအမတ်ဆရာတော်ကြီး ရောဘတ်သည် “ မြတ်စွာဘုရားသခင် သို့မဟုတ် ဗလာနတ်္တိ ” ဟု အမည်ပေးထားသောစာအုပ် ကို ဖြန့်ချီ သောနေ့၌ မယ်တော်သခင်မ၏ပွဲတော်သို့ ဘုရားဝတ်ပြုရင်း ထိုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။ ၎င်းစာအုပ်သည် ကာဒီနယ်နှင့် ပြင်သစ် သတင်းထောက် နီကော်လာဒိုင်တ်တို့ ပြောဆိုဆွေးနွေးချက်များကို စာအုပ်အဖြစ်ထုတ်ဝေထားခြင်းဖြစ်သည်။ ၎င်းစာအုပ်ထဲတွင် စိတ်ဝင်စားစရာခေါင်းစဉ်များဖြစ်ကြသည့် နိုင်ငံရေး၊ ကက်သလစ်သာသနာတော်တွင် အကျပ်ရိုက်နေသော လိင်မှုကိစ္စအရှုတ်တော်ပုံ များနှင့် ယနေ့ခေတ်ကမ္ဘာကြီး၏ မြတ်စွာဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခြင်းစသော အကြောင်းအရာများ ပါဝင်သည်ဟုသိရှိရသည်။

၎င်းစာအုပ်ထဲက မေးမြန်းချက်တစ်ခုကို ထုတ်နှုတ်ဖော်ပြရသော် သတင်းထောက် နီကော်လာက “ ဒီမိုကရေစီသည် ခရစ်ယာန်စနစ်နှင့် ဆက်စပ်မှုရှိပါသလား” ဟူသောအမေးကို ကာဒီနယ်ရောဘတ်က “ ပုထုဇဉ်လူသားအားလုံးသည် တန်းတူရှိကြသည်ဟူသော ခရစ်ယာန် တစ်ဦး၏ နားလည်ထားခြင်းသည် အမြဲတမ်းရှိနေကြောင်းကို သံသယရှိစရာ မလိုအပ်ပါကြောင်း၊ ပုထုဇဉ်လူသား၏ဘက်စုံဖွံ့ဖြိုးခြင်းကို အကျိုးပြုနေသောဒီမိုကရေစီစနစ်သည် ဘုရားသခင်မပါလျှင် အဓွန့်ရှည်တည်ရှိနိုင်မည်မဟုတ်ကြောင်း ” ဖြင့် ဖြေကြားထားသည်။

ရဟန်းအမတ်၏ စာအုပ်အခန်းတစ်ခန်းဖြစ်သော “ မှားယွင်းသောတန်ဖိုးများနှင့် မှတ်ကျောက်များ ” ဟူသော အခန်း (၁) သည် လူ့ အသက်နှင့် လက်ထပ်ထိမ်းမြားခြင်းတို့ကို ကာကွယ်ပေးထားသော ဘာသာရေးဆိုင်ရာ စိန်ခေါ်ချက်များကို ဖော်ပြထားသည့်အပြင် မိသားစုကိုဦးတည်ပြီးရေးသားထားသော အခန်းတစ်ခန်းဖြစ်ပါသည်။ ထို့အပြင် အိမ်ထောင်ကွဲခြင်းနှင့် နောက်ထပ် အိမ်ထောင်ပြုခြင်း အကြောင်းနှင့် စပ်လျဉ်းပြီး ကာဒီနယ် ရောဘတ်ကမိန့်ကြားရာတွင် “ သူတို့ (အိမ်ထောင်ကွဲ သူများနှင့် နောက်ထပ်အိမ်ထောင်ပြုသူများ) က မိမိတို့၏ အသက်ရှင်နေခြင်းသည် ဘုရားသခင်၏ဥပဒေနှင့် ဆန့်ကျင်နေကြသည်ကို သိရှိနေကြသည်။ တဖက်တွင်လည်း လိင်တန်း တူဖြစ်ခြင်း (ယောက်ျားနှင့် မိန်းမတန်းတူဖြစ်ခြင်း) နှင့်စပ်လျဉ်းပြီး တချို့ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက လိင်တန်း တူ ဖြစ်ခြင်းအတွေးအခေါ်ကို မိမိတို့ထင်သည့်အတိုင်း တခြားသူများအပေါ် အတင်းလုပ်ဆောင်ခိုင်းနေကြသည် ” ဟု ဝေဖန်တော် မူလိုက် သည်။

ကာဒီနယ်ရောဘတ်သည် ၁၉၆၉ ခုနှစ်တွင် ရဟန်းသိက္ခာကို ရရှိတော်မူခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ရဟန်းမင်းကြီး လက်အောက်ရှိ သာသနာ ပြန့်ပွားရေးဝန်ကြီးဌာန၏ဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် ရဟန်းမင်းကြီးလက်အောက်ရှိ ရုံးတစ်ခုတွင် လည်းကောင်း ရဟန်းမင်းကြီးအဆက်ဆက်၏ တာဝန်ပေးခြင်းကိုခံရပြီးနောက် ၂၀၁၄ ခုနှစ် မှစတင်ပြီး ရဟန်းမင်းကြီးဖရန်စစ်အရှင် သူမြတ်၏ ဝတ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ ဝန်ကြီးဌာန၏ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရတော်မူသည်။    ဂျိုးဇက်

1498  Views
Previous: ဖမ်းဆီးခံနေရသော ဆရာတော်ကြီးကို လွှတ်ပေးရန် တရုတ်အစိုးရအား ကက်သလစ်ဘာသာဝင်များက တောင်းဆို
Next: People of Myanmar – Vote without fear or Favor